ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တရုတ် - အာဆီယံ ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့် အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲအခမ်းအနားသို့ Video Key Note Speech ဖြင့် အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာလ   ၂၇  

တရုတ် - အာဆီယံ ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့် အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲ အခမ်းအနားကို နိုဝင်ဘာ (၂၅)ရက် မှ (၂၇) ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နန်နင်းမြို့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က Video Key Note Speech ဖြင့် အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး က ယခုဖိုရမ်ကို ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံ - တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အာဆီယံ - တရုတ်အသိုက်အဝန်းအတွက် အပြန်အလှန် အကျိုးစီးပွားရေး ရရှိစေရေး အားဖြည့်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ၊ လူနေမှုအဆင့်အတန်းမြင့်မားသော လူမှုအသိုက်အဝန်း ဖြစ်ထွန်းလာစေရန် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို နိုင်ငံအသီးသီးရှိ ကဏ္ဍအလိုက် ကျွမ်းကျင်သူများနှင့် ခေါင်းဆောင်များက အတွေ့အကြုံများ မျှဝေကာ အပြန်အလှန် နှီးနှောဖလှယ်ခွင့်ရရှိမည်ဖြစ်သည့်အတွက် အထူးအခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း ။

ကျေးလက် - မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ကိစ္စရပ်များ ၊ ကာဗွန်လျော့နည်းသော ဖွံ့ဖြိုးတိုးတက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ ၊ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများ ၊ Belt and Road   Initiative အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများစသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းဖြင့် ပိုမိုရင်းနှီးသော တရုတ် - အာဆီယံအသိုက်အဝန်းတွင် ပါဝင်ခွင့်ရရှိပြီး ပိုမိုလေ့လာခွင့်များလည်း ရရှိမည်ဖြစ်ပါကြောင်း။


ယခု ဖိုရမ်သည် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ တိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်သော လူ့အသိုက်အဝန်းများ တည်ဆောက်ရန်အတွက် အလွန်ပင် အထောက်အကူဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်တောက်ပသော အနာဂတ် လူ့အဖွဲ့အစည်း ဖြစ်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်အတူတကွ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

အဆိုပါ ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အစိုးရအဆင့်မြင့် အရာရှိ ကြီးများ ၊ တရုတ်မှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာရှင်များ ၊ ပြည်တွင်း/ပြည်ပ ဆောက်လုပ်ရေး လုပ်ငန်းများမှ ပညာရှင်များ ၊ ပြည်နယ်အသီးသီးရှိ အိမ်ရာနှင့် မြို့ပြ - ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ အရာရှိများ ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ အိမ်ခြံမြေလုပ်ငန်း ၊ ဆောက်လုပ်ရေး အတိုင်ပင်ခံလုပ်ငန်း ၊ ဒီဇိုင်းလုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတို့မှ ပညာရှင်များနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်ကြပြီး RCEP မူဝါဒများ နှင့် အခွင့်အလမ်းများ ၊ ဆောက်လုပ်ရေးဆိုင်ရာ အင်တာနက် ၊ အများပြည်သူလုံခြုံမှု နည်းပညာနှင့် မြို့ပြလုံခြုံမှု ၊ Smart  Infrastructure  ဝန်ဆောင်မှု ၊ ဒစ်ဂျစ်တယ်ဆောက်လုပ်ရေးနှင့် အဆောက်အအုံ များတိုးတက်ရေး ၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် ကာဗွန်ထုတ်လုပ်မှုနှင့် ကာဗွန်စုတ်ယူမှုမျှခြေရှိသည့် အခြေအနေတို့ကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

သတင်းစဉ်