စမ်းချောင်းမြို့နယ်နှင့်ကမာရွတ်မြို့နယ်အကြားဟံသာဝတီလမ်းသန့်ရှင်းသာယာသပ်ရပ်ရေး ရန်ကုန်မြို့တော်ဝန်ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့ရှိအဓိက လမ်းမကြီးများတစ် လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးကိုဦးစားပေး ဆောင်ရွက်လျက်ရှိရာယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ  ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းရှိ မူးယစ်ပြတိုက်ရှေ့သို့သွား ရောက်၍ ကွန်ကရိလမ်းသား တိုးချဲ့ခင်းကျင်းနေမှုနှင့် လမ်းဘေးရေမြောင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လမ်းတိုးချဲ့ပြီးသည့်နေရာနှင့် လူသွားစင်္ကြံ အကြားမြေညှိ၍ မြေယာရှုခင်းပြုလုပ်ရန်တို့ကို မှာကြားသည်။ 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည်  ဟံသာဝတီလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ အရိပ်ရပင်များ၏ အုပ်မိုးကိုင်းများ လမ်းပေါ်ကျရောက်မှု မရှိစေရေးခုတ်ထွင် ရှင်းလင်းဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ရန်၊စမ်းချောင်းမြို့နယ်ဘက် အခြမ်းဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းဆုံရှိ ဆိုင်များသန့်ရှင်းသပ်ရပ်ရေးနှင့် ကမာရွတ်မြို့နယ်ဘက် အခြမ်းလမ်းဆုံ တြိဂံမြေညှိ၍ Interlockခင်းကျင်းရေး ဆောင်ရွက်ရန်၊ စမ်းချောင်းမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်းရှိ သစ်ပင်အုပ်မိုးကိုင်းများ လူသွားစင်္ကြံအပေါ်ကျရောက်မှုမရှိစေရေး ရှင်းလင်း၍အလင်းဖွင့်ရန်နှင့် ကျောင်းသန့် ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက်  ဟံသာဝတီလမ်းနှင့် ဗဟိုလမ်းဆုံ  လမ်းဘေးဝဲယာ အုတ်တံတိုင်း နံရံများ တိုက်ချွတ်ဆေးကြောနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

သတင်းစဉ်