ကျောက်ဆည်မြို့တွင် တစ်ဧကစပါး တင်း (၁၀၀) ထွက်ရှိရေး သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးထားည့် မနောသုခစပါးခင်းအား စံကွက်ရိတ်၊ တစ်ဧကအထွက်နှုန်း ၁၁၂ တင်း ထွက်ရှိ

 

ကျောက်ဆည်၊ နိုဝင်ဘာ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ဒေသတွင်းဆန်းစပါး ဖူလုံပိုလျှံစေရန်ရည်ရွယ်၍  တစ်ဧက စပါးတင်း (၁၀၀) ထွက်ရှိရေး သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးထားသော စပါယ်တောကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာ ကွင်အမှတ် (၃၀၁)၊ ဦးပိုင်အမှတ် (၄၉-က) တောင်သူဦးမျိုးမြင့်၏ မနောသုခစပါးခင်းအား ယနေ့နံနက် ၁၀ နာရီက စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း ၁၁၂ တင်း ထွက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် သိပ္ပံနည်းကျစနစ်ဖြင့် မနောသုခစပါးမျိုးများကို စပါယ်တောကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာ၌ တောင်သူ ၁၂ ဦး၏ မြေဧက ၅၀ တွင် စံပြကွက်အဖြစ် စိုက်ပျိုးထားရှိပြီး တစ်ဧက စပါးမျိုးတစ်တင်းနှုန်းဖြင့် ပျိုးထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဧကစပါးတင်း (၁၀၀) ထွက်ရှိရေး သိပ္ပံနည်းကျ စိုက်နည်းဖြင့် စပါးပျိုးသက် ၂၅ ရက်သားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးရာတွင် ကောက်ကွက်တစ်ကွက်တွင် ပျိုးပင်နှစ်ပင်မှ သုံးပင်နှုန်းဖြင့် တန်းကြား ရှစ်လက်မ၊ ပင်ကြား ခြောက်လက်မ စိုက်ပျိုး ကြောင်း၊ စိုက်ပျိုးပြီး ၁၅ ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်း၊ တမန်းနှိုးခြင်းနှင့် ကောက်ကွက်ဖာခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ (၄၅) ရက်တွင် ဒုတိယအကြိမ်ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများဆောင်ရွက်ပြီး (၆၅) ရက် သန္ဓေကပ်ချိန်နှင့် (၁၀၅) ရက်သားတွင် မြေဩဇာကျွေးခြင်းများ ထပ်မံပြုလုပ်ခဲ့ပြီး ယခုအခါရက်ပေါင်း (၁၃၅) ရက်ကျော်လွန်၍ စပါးများအောင်မြင်နေသောကြောင့် စတင် ရိတ်သိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

mdn

 

ကျောက်ဆည်မြို့နယ်၌ မိုးစပါးများကို  နွားတက်၊ ကွမ်းဆေး၊ အထက်လင်းဇင်း၊ ငပြောင်၊ သင်းတွဲ၊ သင်းဒီး၊ မင်းရဲ၊  ဇီးတော၊  တမုတ်၊ ထုံးကြီး၊ စမာ ရေပေးဝေမြောင်းများမှ မြောင်းရေသောက်စနစ်ဖြင့် (၃၅၉၉၄) ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် (၁၆၀၂၇) ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် (၄၃၆) ဧက၊ မိုးကောင်းသောက် (မိုးရေ) ဖြင့် (၂၅၀) ဧက၊ မြေအောက်ရေ (စက်ရေတွင်း) ဖြင့် (၁၁၀) ဧက စုစုပေါင်း (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း သိရှိရပြီး စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းကာ နည်းပညာများ ကူညီဖြည့်ဆည်း ပေးခဲ့ကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စပါးသီးနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်