နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်းပဲတီစိမ်းနှင့် နွေစပါးစိုက် တောင်သူများကို ထောက်ပံ့ပေးသွားမည်

ပဲခူး နိုဝင်ဘာ ၂၅

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆောင်းပဲတီစိမ်းနှင့် နွေစပါးစိုက် တောင်သူများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည ်ဖြစ်ကြောင်း ယမန် နေ့မွန်းလွဲပိုင်းက  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆောင်းပဲတီစိမ်းနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြား သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ဆောင်းပဲ တီစိမ်းနှင့် နွေစပါးစိုက်ပျိုးသည့် တောင်သူများကို အစုအဖွဲ့များဖွဲ့စည်း၍ တောင်သူစိတ်ကြိုက် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက် ယူသွားရမည်ဖြစ်ပြီး တောင်သူများ လက်ဝယ်တိုက်ရိုက်ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသူကိုသာ ထောက်ပံ့ ပေးနိုင်ရေးကြီးကြပ်ဆောင်ရွက် သွားရန်လိုကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း အပြည့်အဝကောက်ခံရရှိရေး အထူးအလေး ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် အစိုးရအဖွဲ့တာဝန်ရှိသူများက တောင်သူအစုအဖွဲ့များနှင့် သမဝါယမ အစုအဖွဲ့များအတွက် ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အခြေအနေနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်၊ စိုက်ပျိုးရေရရှိရေး နည်းလမ်းများနှင့် အစုအဖွဲ့များ ဖွဲ့စည်းထားရှိမှုများ ကိုလည်းကောင်း အကြံပြုတင်ပြဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်းပဲတီစိမ်းစိုက်ဧက၊ နွေစပါးစိုက်ပျိုးနိုင်ရေးလျာထားမှုနှင့် တောင်သူများ ထောက်ပံ့မှုရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက် ဆောင်းပဲတီစိမ်း တစ်ဧကလျှင် ငွေကျပ် (၁၂၀၀၀ဝိ)နှုန်း၊ နွေစပါးတစ်ဧကလျှင် ငွေကျပ်(၂၀၀၀၀ဝိ)နှုန်းဖြင့် တောင်သူစိတ်ကြိုက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ကာလ ပေါက်ဈေးအတိုင်း ဝန်ဆောင်ခ(၁)ရာခိုင်နှုန်းနှင့်အတူ ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကြောင်း သိရ သည်။

(သတင်းစဉ်)