ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ရန်ကုန်၊ နိုဝင်ဘာ ၂၆

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄) ထပ်အား ကစားသမားအိပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်ရှိ လူငယ်အားကစား သမားများ၊ လက်ရွေးစင်အားကစားသမားနှင့်တွေ့ဆုံ၍  အားကစားသမားများအတွေ့ အကြုံကောင်းများ ရရှိစေရန်အတွက် ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း စေလွှတ်သွားမည်ဖြစ်ကြောင်း၊   နိုင်ငံတော်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်ရန် စေလွှတ်ခြင်းနှင့်ပတ်သက်၍ မြန်မာ့အားကစား အောင်နိုင်ရေးအတွက် အထောက်အကူပြု အကျိုးရှိစေရန် သေချာစိစစ်၍ စေလွှတ်ပေးနေခြင်း ဖြစ်ပါ ကြောင်း၊    မြန်မာနိုင်ငံလှေလှော် အားကစားအဖွဲ့ချုပ်မှ တင်ပြတောင်းခံထားသည့် Gym ခန်း၌ အသုံးပြုမည့် လေ့ကျင့်ရေးစက်အမျိုးအစားကိုလည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး စားရိပ်သာနှင့် အားကစားသမားများအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကျိုက္ကဆံအားကစားကွင်းရှိ အမျိုးသမီး အိပ်ဆောင်၊ အမျိုးသားအိပ်ဆောင်၊ စားရိပ်သာနှင့် စားဖိုဆောင်ဆောက်လုပ်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းသား/သင်တန်းသူများနှင့် အတူ အထူးနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏသို့ ရောက်ရှိပြီး မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် (၅)လသာ လိုတော့သည့် အချိန်တွင်  အချိန်မှန်မှန်လေ့ကျင့်မှုမှာ အဓိကကျသည့်အတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် နေပြည်တော်တွင် လေ့ကျင့်မှုများ ပြုလုပ်လိုပါကလည်း နေထိုင် စားသောက်ရေး ကိစ္စရပ်များ ၊ လေ့ကျင့်မှုကိစ္စရပ်များကို စနစ်တကျ   ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစား အာဆီယံနိုင်ငံများအကြား ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရာမှတစ်ဆင့် ဂုဏ်ယူ ဝင့်ကြွားနိုင်သည်အထိ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တာဝန်ယူ ဆောင်ရွက်နေသော အားကစားနည်းအလိုက် ဆီးဂိမ်းတွင် အောင်မြင်မှုရရှိရေး ဆောင် ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)