လျှပ်စစ်ကား ထုတ်လုပ်နိုင်မှုအပြောင်းအလဲ အရှိန်အဟုန်မြင့်စေရန် မာဇဒါကားကုမ္ပဏီ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

 

တိုကျို  နိုဝင်ဘာ  ၂၅

 

လျှပ်စစ်ကားများ ပြောင်းလဲထုတ်လုပ်နိုင်ရေး အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက်  မာဇဒါ ကားကုမ္ပဏီမှ ၎င်းတို့၏အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ် အရောက်တွင် လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ  ရင်းနှီးမြှုပ်နှံသွားမည်ဟုသိရသည်။

 

ဆယ်စုနှစ်  အကုန်ပိုင်းတွင် လျှပ်စစ်ကားများ ရောင်းချနိုင်မှုမှာ ကားသစ်ရောင်းချနိုင်မှု၏ ၄၀ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု မာဇဒါကုမ္ပဏီမှ အရာရှိများက ခန့်မှန်းထားသည်။ ယင်းပမာဏမှာ ယခင်ခန့်မှန်းချက်ထက် ၂၅ ရာခိုင်နှုန်းပိုများသည်။ ရင်းနှီးမြှုပ်နှံမှုများထဲတွင် မိတ်ဖက် အဖွဲ့အစည်းများလည်းပါဝင်မည် ဖြစ်သည်။

 

တရုတ် ဘက်ထရီကုမ္ပဏီ Envision AESC ထံမှ ထုတ်ကုန်များဝယ်ယူရန်လည်း သဘောတူညီပြီးဖြစ်သည်ဟု မာဇဒါကားကုမ္ပဏီမှ အရာရှိများကပြောသည်။ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကျိုတိုအခြေစိုက် Rohm ကုမ္ပဏီနှင့် အလုပ်အတူ လုပ်ကိုင်သွားရန် အစီအစဉ်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်ကေ