စာပေဆိုတာက ကမ္ဘာအဆုံးထိမြင်နိုင်တဲ့ အဝေးကြည့်မှန်ပြောင်း၊ နှလုံးသားခွန်အားတွေပေးနိုင်တဲ့ အကောင်းဆုံးအားဆေးပါလို့ ပြောချင်ပါတယ်၊ ဒါကြောင့် စာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်

ကိုထွန်း(ကျယ်ဂေါင်)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား သွားရောက်တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

စာမူအမည်-ကြိုလင့်နေပါမြသီတာ

ကလောင်အမည်-ကိုထွန်း(ကျယ်ဂေါင်)

ဘာသာရပ်-၀တ္ထုရှည်

ဆုအမျိုးအစား- စာပေဗိမာန်စာမူဆု

(ပထမဆု)

“တကယ်တော့၊ ပထမ ကျွန်တော်သန္ဓေတည်ခဲ့တာက ဝတ္ထုတိုပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဇာတ်အိမ်က ကျယ်တယ်။ ဝတ္ထုရှည်အဖြစ်နဲ့ ပြန်ပြင်ရေးပြီး လုံးချင်း စာအုပ်ထုတ်လိုက်ရင် စာဖတ်သူကို အကျိုးတစ်စုံတစ်ရာရနိုင်တယ်လို့ ယူဆပြီး လုံးချင်းဝတ္ထုရှည်အဖြစ် ဖန်တီးခဲ့တာပါ။ နောက်တော့ ကျွန်တော့်အတွေးက တစ်မျိုးဖြစ်လာတယ်။ ကျွန်တော့်ဝတ္ထုက နိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ပြိုင်ပွဲမူနဲ့လည်း ကိုက်ညီတယ်လို့ ခံစားမိတာကြောင့် ပြိုင်ပွဲမှာတင်ခဲ့တာဖြစ်ပါတယ်။

ဒီစာမူဖြစ်မြောက်ဖို့ ကျွန်တော် သုံးနှစ်နီးပါးပြင်ဆင်ခဲ့ရတယ်။ ဝတ္ထုထဲက အဓိကဇာတ်ကောင်က မြသီတာပေါ့။ သူ့ရေသူ့မြေ၊ သူ့ကျေးရွာကို ချစ်တယ်။ သူ့ကျေးရွာဖွံ့ဖြိုးတိုးတက်ဖို့သာ အာရုံစိုက်ကြိုးပမ်းခဲ့တယ်။ လူငယ်ဆိုပေမယ့် ကိုယ်ကြီးပွားချမ်းသာရေး၊ ကိုယ့်နှလုံးသားရေးကို ဦးစားမပေးဘူး။ အဓိက ကတော့ ကိုယ့်ရေကိုယ့်မြေကိုသိပ်ချစ်တဲ့ လူငယ် မိန်းကလေးတစ်ယောက် အကြောင်းပါ။

စာပေခရီးနဲ့ပတ်သက်ပြီးပြောရရင် ငယ်စဉ်ကတည်းက စာပေကိုဝါသနာပါခဲ့တာပေါ့။ တကယ်ရေးဖြစ်တာက ၁၉၉၈ ခုနှစ်မှ စတင်ခဲ့တာ။ သတင်းဆောင်းပါးတွေရေးပြီး စတင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ကိုထွန်း(ကျယ်ဂေါင်)ဆိုတဲ့ ကလောင်အမည်တစ်ခုတည်းကိုပဲ အတည်တကျသုံးပြီး အဲယားကွန်းမကောင်းရင် တံခါးဖွင့်မောင်းပါ စာမူနဲ့ စာပေနယ်ထဲကို ခြေစုံပစ်ဝင်လာခဲ့တာပါ။ မဂ္ဂဇင်း၊ ဂျာနယ်မျိုးစုံမှာ ဆောင်းပါးတွေ၊ ကဗျာတွေရေးခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာတော့ ရွှေပြည်သာ မော်ကွန်းမဂ္ဂဇင်းကို အမှတ်စဉ် (၁)၊ (၂)၊ (၃) အထိ စီစဉ် /ထုတ်ဝေသူ(အယ်ဒီတာချုပ်)အဖြစ် တာဝန်ယူထုတ်ဝေခဲ့ပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ကဗျာပေါင်း ၁၀၇ ပုဒ်ပါတဲ့ ကဗျာမဟုတ်တဲ့ ကဗျာအမည်နဲ့ ကဗျာလုံးချင်းစာအုပ် ရေးသားထုတ်ဝေခဲ့တယ်။ ၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေစာကြည့်တိုက် စာအုပ်ဆုကို  အတိုင်းအတာမသိ နှိုင်းစရာမရှိသောမိဘမေတ္တာ စာအုပ်နဲ့ စာကြည့်တိုက်ဆုရခဲ့တယ်။ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကတော့ ကဗျာမဟုတ်တဲ့ ကဗျာ (ကဗျာ)၊ အတိုင်းအတာမသိ နှိုင်းစရာမရှိသော မိဘမေတ္တာ(လုံးချင်းဝတ္ထု)၊ ဘယ်သူခွေးဇာတ်ခင်းတာလဲ (ဝတ္ထုတိုပေါင်းချုပ်)၊ ရင်ဘတ်နှစ်ခု၏ သင်္ဂါနဒီ [နှစ်ယောက်တွဲ] (ကဗျာ)စာအုပ်တို့ ဖြစ်ပါတယ်။

အခုလိုစာပေဆုရတဲ့အတွက် ဝမ်းမြောက်ပီတိဖြစ်ရတာကတော့ ကျွန်တော့်ရဲ့ အရင်ဝတ္ထု ခေါင်းစဉ်လိုပါပဲ အတိုင်းအတာမသိ နှိုင်းစရာမရှိပေါ့ဗျာ။ ဆုရွေးချယ်ရေးအဖွဲ့နဲ့ ပြန်ကြားရေးဝန်ကြီးကို ကျေးဇူးအထူးတင်ပါကြောင်းပြောပါရစေခင်ဗျ။

ယနေ့ခေတ် လူငယ်တွေကိုပြောချင်တာက စာဖတ်ကြပါ။ စာပေဆိုတာက ကမ္ဘာအဆုံးထိ မြင်နိုင်တဲ့ အဝေးကြည့်မှန်ပြောင်း၊ နှလုံးသားခွန်အားတွေပေးနိုင်တဲ့ အကောင်းဆုံးအားဆေးပါလို့ ပြောချင်ပါတယ်။ ဒါကြောင့် စာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”

ကိုထွန်း(ကျယ်ဂေါင်)ကို ၁၉၇၄ ခုနှစ်တွင် အဖ ဦးဇေယျာထွဋ်၊ အမိ ဒေါ်တင်တင်တို့က ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းငါးဦးအနက် တတိယမြောက်သားဖြစ်ကာ အမည်ရင်းမှာ ထွန်းထွန်းဝင်းဖြစ်သည်။ အခြေခံပညာအထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်ကတည်းက စာပေကိုဝါသနာပါ၍ ၁၉၉၈ ခုနှစ်မှ စတင်ကာ သတင်းဆောင်းပါးများ ရေးသားခဲ့သည်။ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်း(ဗဟို) ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် စာပေတာဝန်ထမ်းဆောင် လျက်ရှိသည်။ 

ဆက်လက်၍ ကဗျာချစ်သော နှလုံးသားနှင့် အက္ခရာကဗျာများ၊ ဆန်ရေလေးတစ်စက်၊ မကြာမည်လာမည်မျှော် စသည်တို့ကို ထုတ်ဝေရန်စီစဉ်လျက်ရှိသည်။ ယခုအခါ စာပေရေးသားခြင်း၊ ထုတ်ဝေခြင်းများ  ဆောင်ရွက်ရင်း မိသားစုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်လျက်ရှိသည်။

ကလောင်အမည်-နွေကံ့ကော်(မြို့လှ)

စာမူအမည်-လူ့ဘ၀ခဏတာမြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့

ဘာသာရပ်- လူငယ်စာပေ(စာပေဗိမာန် စာမူဆု၊ ပထမဆု)

စာမူအမည်- အတွေ့အကြုံအဖုံဖုံ ပြည်ပပညာတော်သင်မှတ်တမ်းစုံ

ဘာသာရပ်- စာပဒေသာ(စာပေဗိမာန် စာမူဆု၊ တတိယဆု)

“ကျွန်တော့်အနေနဲ့ ဒီ ၂၀၂၁ ခုနှစ် စာပေဗိမာန်စာမူဆုမှာ လူငယ်စာပေ ပထမဆုနဲ့ စာပဒေသာ ဘာသာရပ်မှာ တတိယဆုတို့ ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တုန်းက ဝတ္ထုရှည်ပထမဆု၊ ၂၀၂၀ မှာ လူငယ်စာပေ တတိယဆုတွေ ရခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ လူငယ်စာပေပထမဆုကို ထပ်မံဆွတ်ခူးနိုင်ပြီး မထင်မှတ်ဘဲ တစ်နှစ်တည်း ဆုနှစ်ဆုရခဲ့တဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။

လူငယ်စာပေနဲ့ပတ်သက်ပြီး အကြောင်းအရာ မထူးဆန်းပေမယ့် ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဘဝအမှန်ကိုပဲ အရိုးရှင်းဆုံးနဲ့ စာဖတ်သူတိုင်း စိတ်ပါဝင်စားမှုရှိအောင်ရေးသားတင်ပြခဲ့တာပါ။ စာဖတ်သူတိုင်း ဆိုတဲ့နေရာမှာ အဓိကကတော့ လူငယ်တွေပေါ့။ ဘဝလမ်းကို လျှောက်လှမ်းတဲ့နေရာမှာ လူတိုင်းဟာ သူ့ဟာနဲ့သူ မတူညီတဲ့အခက်အခဲ၊ အဆင်မပြေမှုမျိုးစုံနဲ့ ချီတက်နေရတာကို လူငယ်တွေသိနားလည်ပြီး အခက်အခဲကြားကနေပဲ ဘယ်လိုအောင်မြင်မှုရအောင် ထိုးဖောက်မလဲဆိုတာကို ရေးသားထားတာဖြစ်ပါတယ်။ 

လူငယ်တွေကို ဦးတည်တာဖြစ်တဲ့အတွက် လူငယ်တွေသိသင့်သိထိုက်တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ ထားရှိအပ်တဲ့ ဟီရိသြတ္တပ္ပတရားတွေကို ဖတ်လို့မပျင်းရလေအောင် တတ်နိုင်သမျှ ကြိုးစားရေးသားပါတယ်။ အကဲဖြတ်ဆုပေးခဲ့ကြတဲ့ ဆုရွေးချယ်ရေးအဖွဲ့ဝင် ပညာရှင်တွေကို ကျွန်တော့်အနေနဲ့ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

နောက်တစ်ဆုဖြစ်တဲ့ စာပဒေသာဆုကတော့ ကျွန်တော် ရုရှားနိုင်ငံမှာ ပညာ သင်ခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကို မှတ်တမ်းသဖွယ်ပြုစုပြီး ရေးသားခဲ့တဲ့စာမူပါ။ သုံးနှစ်တာကာလအတွင်း ရုရှားနိုင်ငံသားတွေရဲ့ လူနေမှုစနစ်တွေ၊ အမျိုးသားရေးခံယူချက်တွေကို တွေ့ရှိခဲ့ရာကနေ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ချိန်ထိုးကြည့်ချင်လာပါတယ်။ နောက်နောင် ရုရှားကို အကြောင်းအမျိုးမျိုးနဲ့ သွားရောက်ကြမယ့် သူတွေအတွက်လည်း  တစ်ထောင့်တစ်နေရာက အထောက်အကူပြုကောင်းပြုစေရဲ့ဆိုပြီး ဒီစာမူကို  ရေးသားပြိုင်ပွဲဝင်ဖြစ်ခဲ့တာပါ။ 

ရုရှားနိုင်ငံဟာဆိုရင်လည်း တစ်ချိန်တုန်းက စစ်ဘေးစစ်ဒဏ်ကို နင့်နေအောင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ခေါင်းဆောင်တွေ၊ အမျိုးသားရေးခံယူ ချက်အားကောင်းတဲ့  ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် ဒီနေ့မှာဆို သူတို့ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်နေပါပြီ။ ကိုယ့်နိုင်ငံကျမှ နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရပြီး အဆိုး တွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ မမှတ်ဘဲရောက်ရာနေရာကနေ အားလုံးညီညွတ်ကြမယ်ဆိုရင် တစ်နေ့နေ့မှာ ဒေသတွင်းကနေ ကမ္ဘာ့တန်းဝင်နိုင်ငံတစ်ခု ဖြစ်လာမယ်ဆိုတဲ့ မက်ဆေ့ကို ပေးချင်တာလည်း ပါပါတယ်။ စာပဒေသာ စာမူဆုအတွက်လည်း အကဲဖြတ်ဆုရွေးချယ်ပေးခဲ့ကြတဲ့ ပညာရှင်အပေါင်းကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

စာရေးဆရာ နွေကံ့ကော်(မြို့လှ)ကို အဖ ဦးမောင်ကျော်၊ အမိ ဒေါ်အေးမြင့် တို့က ၁၉၈၇ ခုနှစ်တွင် ပဲခူးတိုင်း ရေတာရှည်မြို့နယ် မြို့လှမြို့ ကျွန်းပင်စုကျေးရွာ၌ မွေးဖွားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အထက (မြို့လှ)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကွန်ပျူတာ သိပ္ပံဘွဲ့ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရုရှားနိုင်ငံ မော်စကိုမီးရထားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ ကလေးမြို့နှင့် မိုးနဲမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်ထုတ်ငွေတာရီမဂ္ဂဇင်းပါ “အမေ့ကိုသာအပြစ်တင်ပါ”ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ စာပေဗိမာန်စာမူဆုများအပြင် ပခုက္ကူ ဦးအုံးဖေစာပေဆု ဝတ္ထုရှည် တတိယဆု (၂၀၁၇)၊ (၇၅)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်စာမူပြိုင်ပွဲ ဝတ္ထုရှည် တတိယ(၂၀၂၀)၊  (၇၆) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာမူပြိုင်ပွဲ ဝတ္ထုရှည် နှစ်သိမ့်ဆု(၂၀၂၁) တို့ကို ရရှိခဲ့သည်။

ယခုအခါ  မိသားစုနှင့်အတူ ထုတ်လုပ်ရေးတပ်(ပြည်သူ့ဆက်ဆံရေး) နေပြည်တော်တွင် တိုင်းပြည်တာဝန်များ ထမ်းဆောင်ရင်း စာပေများရေးသားလျက်ရှိကာ အမည်ရင်းမှာ ဗိုလ်ကြီး စိုးမိုးကျော် ဖြစ်သည်။

တွေ့ဆုံမေးမြန်း-လင်းရာမ
ဓာတ်ပုံ-ကိုထက်