ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၀၀ နီးပါးထိ မြင့်တက်လာ

 

မနီလာ နိုဝင်ဘာ ၁

 

ဖိလစ်ပိုင်နိုင်ငံ၏ ဒေသအများအပြားတွင် အပူပိုင်းမုန်တိုင်းနာဂေး ဝင်ရောက်တိုက်ခတ်မှုကြောင့် ရုတ်တရက် ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူအနည်းဆုံး ၉၈ ဦးထိ မြင့်တက်လာကြောင်းနှင့် ၆၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ၏ သဘာဝဘေး အေဂျင်စီက အောက်တိုဘာ ၃၁ ရက်တွင်  ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံ၌ အဆိုပါအပူပိုင်းမုန်တိုင်း ဝင်ရောက်မှုကြောင့် သေဆုံးသူများအနက် ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ  သေဆုံးသူ ၅၃ ဦး ရှိကြောင်း ဖိလစ်ပိုင်အစိုးရ၏ သဘာဝဘေးအေဂျင်စီ က ပြောကြားသည်။

 

ယင်းအပူပိုင်းမုန်တိုင်း ဝင်ရောက်မှုကြောင့် ဖိလစ်ပိုင်ပြည်သူ ၁ ဒသမ ၈ သန်းကျော် သဘာဝဘေး ကြုံတွေ့ခဲ့ရပြီး လမ်းပေါင်း ၃၆၄ လမ်းနှင့် တံတား အစင်းရေ ၈၂ စင်းပျက်စီးမှုရှိခဲ့ကြောင်းနှင့် နိုင်ငံ၏ ဒေသအများအပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ဖိလစ်ပိုင်အစိုးရ၏ သဘာဝဘေးအေဂျင်စီက ပြောကြားသည်။

 

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် သဘာဝ ဘေးဒဏ်အခံရဆုံး နိုင်ငံများအနက် တစ်ခုဖြစ်ပြီး ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ၁၆ ကြိမ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဧပြီလအတွင်းကလည်း ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အပူပိုင်း မုန်တိုင်းမီဂီ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်