(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

ဘားအံ အောက်တိုဘာ ၃၀

 

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံဂေါက်ကလပ်၌ ကျင်းပခဲ့ပြီး လှိုင်းဘွဲ၊ ဖာပွန်၊ မော်လမြိုင်၊ ကျိုက်ထို၊ ဘားအံမြို့နယ်တို့မှ ဂေါက်သီးရိုက် အသင်း ၁၀ သင်း၊ အားကစားသမား ၁၃၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါ ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ဖွင့်လှစ်ပေးခဲ့ကြပြီး အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ ကျင်းပုန်းဆု၊ အကြိုးစားဆုံးဆုနှင့် Handicap 19 to 24 အငယ်တန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ Handicap 0 to 18 အကြီးတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ၊ အသင်းလိုက် တတိယဆုရ လှိုင်းဘွဲ (က) အသင်း၊ ဒုတိယဆုရ မော်လမြိုင် (ခ) အသင်းနှင့် ပထမဆုရရှိသော ဘားအံ (က) အသင်း တို့ကို ငွေသားဆု၊ ဆုကလပ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn