မြိတ်ကျွန်းစုဒေသအတွင်း ခရီးသွားရာသီ စတင်နေပြီဖြစ်သောကြောင့် ပြည်တွင်းသာမက ပြည်ပမှခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများရှိလာဟုဆို

မြိတ် အောက်တိုဘာ ၁၇

 

ယခုနှစ် ပွင့်လင်းရာသီတွင် တနင်္သာရီတိုင်းဒေသကြီး၌ တည်ရှိသော မြိတ်ကျွန်းစုဒေသအတွင်း ခရီးသွားရာသီ စတင်နေပြီဖြစ်သောကြောင့် ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများရှိလာကာ ဆက်သွယ်စုံစမ်းမှုများရှိနေကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

 

မြိတ်ကျွန်းစုဒေသအတွင်းရှိ ပင်လယ်ပြင်အတွင်း သဘာဝအတိုင်းတည်ရှိနေသည့် ကျွန်းများသို့ အပန်းဖြေခရီး ပို့ဆောင်နေရသော ခရီးသွားလုပ်ငန်းမှာ သီတင်းကျွတ်ကာလမှစတင်ကာ လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ရာ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိသည့်အပြင် ကျွန်းများသို့ အပန်းဖြေခရီးစဉ်များကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအကြား စိတ်ဝင်စားမှုရှိနေပြီး ခရီးစဉ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများရှိနေကြောင်း သိရသည်။

 

“ခရီးသွားလုပ်ငန်းက လွန်ခဲ့တဲ့(၂)နှစ်လောက်က ရပ်တန့်သွားတယ်ဆိုပေမယ့် ပိတ်ထားတာမျိုးမရှိပါဘူး။ အခုလည်း လေကြောင်းလိုင်းတွေကနေတစ်ဆင့် လာရောက်ပြီး ကျွန်းအလှတွေကိုခံစားပြီး အပန်းဖြေမယ့်သူတွေရှိနေပါတယ်။ ဗိုလ်နက်ကျွန်းလိုနေရာမျိုးကို ညအိပ်ခရီးသွားရင် လူတစ်ဦးကို ငွေကျပ်(၁၇)သိန်းလောက် ကုန်ကျပေမယ့် Activity တွေများတော့ ကော့သောင်းဘက်ကို လာရောက်လည်ပတ်သူက ပိုမိုများပြားနေပါတယ်’’ ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

 

ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းများနှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများမှာ ခရီးသွားဧည့်သည်များ စိတ်ဝင်မှုများပြားပြီး ယခုနှစ်တွင် ခရီးစဉ်အလိုက် ဈေးနှုန်းအပြောင်းအလဲများရှိနေကြောင်း သိရသည်။

 

“မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းက ဒီနှစ်သီတင်းကျွတ်ကာလက စတင်လည်ပတ်လာတယ်လို့ ပြောနိုင်ပါတယ်။ လက်ရှိအနေထားမှာတော့ သွားရောက်ပို့ဆောင်ရတဲ့ကျွန်းတွေနဲ့ ခရီးသည်အရေအတွက်ကို သက်ဆိုင်ရာဌာနကိုတင်ပြပြီး လုပ်ငန်းလုပ်ဆောင်နေပါတယ်။ ပြည်တွင်းခရီးသွားတွေကတော့ ပုံမှန်လာရောက်လည်ပတ်နေပါပြီ၊ ဒီရက်ပိုင်းမှာ နိုင်ငံခြားခရီးသွားတွေလည်း ခရီးစဉ်နှင့်ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းမှုတွေရှိလာပါတယ်။ မြိတ်ကျွန်းစုခရီးစဉ်တွေကို လာရောက်လည်ပတ်ဖို့ ဆက်သွယ်လာတာတွေလည်း ရှိနေပါတယ်။ ကျွန်းခရီးစဉ်တွေအနေနဲ့ကတော့ နေ့ချင်းပြန်ခရီးဆိုရင် လူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀၀ နှင့် ညအိပ်ခရီးမယ်ဆိုရင်တော့ငွေ ၄၅၀၀၀၀ ကျပ် ကျသင့်ပါတယ်” ဟု မြိတ်မြို့၊ ကမ်းနားလမ်းရှိ မိုးခရီးသွားလုပ်ငန်းမှ MD ဦးမိုးဇော်က ပြောသည်။

 

အလားတူ ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ပြင်ကျွန်းခရီးစဉ်များသို့ သီတင်းကျွတ်ကာလမှ စတင်လာရောက်လည်ပတ်သူ များပြားလာနေပြီး ညောင်ဉီးဖီးကျွန်း၊ သူဌေးကျွန်း၊ ဗိုလ်နက်ကျွန်း၊ ခရင်းခွကျွန်းများသို့ ခရီးသွားဧည့်သည်များ စိတ်ဝင်စားနေကြကြောင်း သိရသည်။

 

မြိတ်ကျွန်းစုဒေသရှိကျွန်းများတွင် စမတ်ကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်းနှင့် ဒုံးညောင်မှိုင်းကျွန်းများမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုရှိပြီး ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများကဲ့သို့ Activity များ လိုအပ်နေဆဲဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

 

မြိတ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်း (၄၂)ခုခန့်ရှိပြီး လွန်ခဲ့သည့်(၂)နှစ်ကျော်မှ ခရီးသွားများ ရပ်တန့်နေခဲ့သည့်အတွက် ယခုအခါ ကုမ္ပဏီ(၁၀)ခုခန့် ပြန်လည်ဝန်ဆောင်မှုပေးနေကြကြောင်း သိရသည်။

 

မြိတ်ကျွန်းစုဒေသရှိ ကျွန်းကမ်းခြေများတွင် လွန်ခဲ့သည့်(၄)နှစ်ခန့်က ခရီးသွားရာသီတွင် နတ်သမီးကျွန်း၊ လေးကျွန်း၊ သမီးလှကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း စသည့် ကမ်းခြေများနှင့် ဒုံးရေတံခွန်တို့ကို သွားရောက်လည်ပတ်မှု များပြားခဲ့သည့်အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများက စမတ်ကျွန်းကို ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိပြီး စမတ်ကျွန်းမှာ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းပေါင်း (၈ဝဝ)ကျော်ရှိသည့်အနက် နာမည်ကျော်ကြား၍ လူသိများလာသည့် ကျွန်းတစ်ကျွန်းဖြစ်သောကြောင့် လွန်ခဲ့သော(၃)နှစ်ကျော်ခန့်က ပွင့်လင်းရာသီ အခါကြီး၊ ရက်ကြီးနေ့များနှင့် နှစ်သစ်ကူးသင်္ကြန်ကာလအတွင်းတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အများဆုံး လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)