ကမ္ဘာ့မြောက်ခြမ်းမှ ငှက်မျိုးစိတ်ဧည့်သည်များ မြန်မာနိုင်ငံအတွင်း ဆောင်းခိုကြသော ကာလ. . .

 

 

သိန်းညွန့် PZL

 

လာမည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက်သည် “ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့” ဖြစ်ပါ၏။ ကမ္ဘာကြီး၏ မြောက်ခြမ်းတစ်လွှာမှ ငှက်မျိုးစိတ်အစုအဖွဲ့သည် နှစ်စဉ်ဆောင်းရာသီ ကာလအတွင်း ကမ္ဘာ့တောင်ခြမ်းသို့ ဧည့်သည်တော်အဖြစ် လာရောက်နားခိုလေ့ရှိကြသည်။

 

ဤသည်မှာ ရာသီဥတုပူနွေးမျှတသော ရပ်ဝန်းသို့ အစာရေစာနှင့် ရေဝပ်ဒေသများ၌ ကျက်စားနိုင်ကြ၍ နိုင်ငံအတွင်း ဆောင်းခိုကြခြင်း ဖြစ်ပါ၏။ တစ်နည်းဆိုရပါသော် အိမ်ဂေဟသဖွယ် အခင်းအကျင်း သာတောင့်သာယာရှိ၍ ဧည့်သည်များ လာရောက်ကြခြင်းဟုလည်း ဆိုနိုင်ပေသည်။

 

ငှက်များတောင်ဝင်ရိုးစွန်း ဒေသဆီသို့ ရွှေ့ပြောင်း

 

ငှက်များဆောင်းခိုခြင်း ဓလေ့သည်ရာသီအလိုက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါ၏။ ကမ္ဘာ့မြောက်ဝင်ရိုး စွန်းဒေသတစ်ဝန်း ရေခဲပြင်ကြီးများ ဖုံးလွှမ်းလာချိန်တွင် ငှက်အများစုသည် ၎င်း၏အသက်ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တောင်ဝင်ရိုးစွန်း ဒေသဆီသို့ ရွှေ့ပြောင်းပျံသန်းကာအခြေချ ဆောင်းခို ကြခြင်းဖြစ်ပေသည်။

 

၎င်းတို့သည် တောင်ဝင်ရိုးစွန်း၌ လာရောက်ဆောင်းခိုကြကာ မြောက်ဝင်ရိုးစွန်းသို့ တစ်ဖန်ပျံသန်းကာ သားပေါက်လေ့ရှိကြပါ၏။ ဆောင်းခိုငှက်များသည် ၎င်းတို့နားခိုကြမည့်အရပ်သို့ မရပ်မနားပျံသန်းကြသည့် ငှက်များရှိသကဲ့သို့ အချို့ငှက်များကမူ လမ်းခရီးတွင် တစ်ထောက်နားကာ ပျံသန်းကြကြောင်း သိမှတ်ရသည်။

 

မှတ်တမ်းပြုချက်များအရ ကမ္ဘာတစ်လွှားခရီး အဝေးဆုံး၊ အရှည်ဆုံး ပျံသန်းကြသော ငှက်မျိုးစိတ်မှာ Arctic Tern ဖြစ်ကြ ပြီး ၎င်းတို့သည် အာတိတ်ဒေသမှသည် အန္တာတိက ဒေသသို့ ကီလိုမီတာ သုံးသောင်းကျော် ခရီး အကွာအဝေးကို မရပ်မနား ပျံသန်းကာ ဆောင်းခိုလေ့ ရှိကြပါသည်။

 

ကမ္ဘာ ပေါ်တွင် ဆောင်းခိုရန် ငှက် များ ပျံသန်းကြသော လမ်းကြောင်းကိုးခုရှိသည့်အနက် မြန်မာနိုင်ငံသည် ဗဟိုအာရှပျံသန်းရာ လမ်းကြောင်း (Central Asian Flyway)နှင့် အရှေ့အာရှ-ဩစတြေးလျ ပျံသန်းရာ လမ်းကြောင်း (East Asian- Australasian Flyway) နှစ်ခုအတွင်း တည်ရှိနေကာ နှစ်စဉ်ပင် ဆောင်းခိုငှက်များစွာ လာရောက်ဆောင်းခိုကြလေ့ရှိကြပေသည်။

 

“ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့” အထိမ်းအမှတ်ပွဲများကို နှစ်စဉ်ကမ္ဘာတစ်လွှား၌ မေလနှင့် အောက်တိုဘာ ဒုတိယအပတ်၏ စနေနေ့တွင် ကျင်းပရန် ၂၀၀၆ ခုနှစ် က ဗွေဆော်ဦးသတ်မှတ်ခဲ့ပါ၏။ ရွှေ့ပြောင်းငှက်နှင့် ၎င်းတို့ ကျက်စားရာဒေသများ ကာကွယ်စောင့်ရှောက်ရေးအတွက် အဓိက ဦးတည် ကာ လူထုပညာပေးအစီအစဉ်တစ်ရပ်အဖြစ် ကမ္ဘာ တစ်ဝန်းနှစ်စဉ် ကျင်းပခဲ့ပါ၏။ ယခုနှစ်အတွက် “ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့” ဆောင်ပုဒ်အဖြစ် "Dim the lights for Birds at Night "(ငှက်များ အတွက် အလင်းမှိန်မှိန် ညအချိန်) ဖြစ်ပါသည်။

 

mdn

 

ငှက်မျိုး စိတ်ပေါင်း ၁၁၁၆ မျိုးရှိ

 

မြန်မာနိုင်ငံအတွင်း ငှက်မျိုး စိတ်ပေါင်း ၁၁၁၆ မျိုးရှိပေရာ ယင်းအနက် ဆောင်းခိုငှက် မျိုးစိတ် ၄၀၀ ခန့် ပါဝင်ကာ ရေငှက်မျိုးစိတ် ၂၀၆ မျိုး ခန့်ရှိကြောင်း မှတ်တမ်း များအရ သိရ၏။ နှစ်စဉ် ရင်ဆိုင်ကြုံတွေ့ရသော ခြိမ်းခြောက်မှု အန္တရာယ်များကြောင့် ဆောင်းခိုငှက်မျိုးစိတ်အရေအတွက် လျော့နည်းကျဆင်းလာခဲ့ကြောင်း သုတေသန ပညာရှင်များက သတိပြုခဲ့ကြရာ အချို့ငှက်မျိုးစိတ်များဆိုပါလျှင် မျိုးသုဉ်း ပျောက်ကွယ်လုနီး အခြေအနေသို့ ရောက်ရှိ နေပေပြီ။

 

ဆောင်းခိုငှက် များ လာရောက် ခိုလှုံကြသော အခင်းအကျင်း အနေအထားကို ရှုကြည့်ခြင်း အားဖြင့်လည်း ယင်းဒေသ ၏ အစာရေစာနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကိုပါ ခန့်မှန်းသိရှိနိုင်ပေရာ ဂေဟစနစ်အရ အရေးပါသော အနေအထား၌ ရှိပေသည်။

 

ကမ္ဘာ့မြောက်ခြမ်းဒေသသို့ သားပေါက်ရန် ပျံသန်း

 

မြန်မာနိုင်ငံအတွင်း ဆောင်းခိုငှက်များ အဓိကလာရောက်ကျက်စားလေ့ရှိသော ဒေသများမှာ အင်းတော်ကြီးကန်၊ အင်းလေးကန်၊ ပလိပ်အင်း၊ ပြူကန်၊ မိုးယွန်းကြီးအင်း၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း၊ မိန်းမလှကျွန်းနှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများဖြစ်ကြပြီး ယင်းဒေသများတွင် နားခိုကာ ကမ္ဘာ့မြောက်ခြမ်းဒေသသို့ သားပေါက်ရန် အတွက်နှင့် မျိုးဆက်တည်တံ့ရေး မိုင်ထောင် သောင်းချီကာ ခရီးဝေးပျံသန်းခရီးနှင်ကြရသော ဆောင်းခိုငှက်များ၏ ဘဝခရီးပေါက်မြောက် လုံခြုံစေရန်အတွက် ပူးပေါင်းကာကွယ်စောင့်ရှောက်ကြရ မည်ဖြစ်ပါသည်။

 

 အချုပ်ဆိုရပါသော် မြန်မာနိုင်ငံတစ်လွှား မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ကမ်းရိုးတန်း တစ်လျှောက် ဆောင်းရာသီနှင့်အတူ ယှဉ်တွဲ တွေ့ရှိရသော အဆင်တန်ဆာများသဖွယ် အစဉ် အလာမပျက် ဧည့်ဆောင်းခိုငှက်များ ဘေးကင်းလုံခြုံစွာ ကျက်စားပျံသန်းနိုင်စေရေး ဒေသခံပြည်သူများ၏ ကာကွယ်စောင့်ရှောက်မှုများက မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း “ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့” အကြိုအဖြစ် နှိုးဆော်လိုက်ရပါသတည်း။