အရိုင်းစံပယ်

အောင်လင်း

 

“ကျွန်တော်ရေးရမယ့်အကြောင်းသာ အမိန့်ရှိပါခင်ဗျာ။ ဦးနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေဆိုတော့ ကျွန်တော့်အနေနဲ့ အထူးပြောစရာမလိုပါဘူး။ အတတ်နိုင်ဆုံးကြိုးစားပြီး ကောင်းအောင်စပ်ပေး ပါ့မယ်ခင်ဗျာ”

 

ကိုမြင့်လွင်သည် အိတ်ထဲမှ စီးကရက်ဘူးကို ထုတ်၍ ကိုဘခက်အား လှမ်းပေးလိုက်သည်။ကိုဘခက်က လက်ကာပြလိုက်ရင်း ပြာခွက်ထဲမှ ညှိလက်စဆေးလိပ်ကို ယူ၍ မီးညှိလိုက်သည်။

 

“တော်ပါပြီခင်ဗျာ၊ ကျွန်တော် ဆေးပေါ့လိပ်ပဲ သောက်ပါတယ်”

 

“ကျွန်တော့်ကားထဲမှာ စပ်ရမယ့်သီချင်းနှစ်ပုဒ်ကတော့ ကျွန်တော် စာသားအကြမ်းရေးထားပါတယ်။ ဒါပေမဲ့ ဆရာ့သဘောကျ ပြင်နိုင်ပါတယ်။ ပထမအပုဒ်ကတော့ ရိုးရိုးမိန်းကလေးရဲ့ အမျှော်စိုက် သီချင်းပဲ။ သဘာဝဘွဲ့ကလေးနဲ့ ရောပြီးတော့ပေါ့ဗျာ။ နောက်တစ်ပုဒ်ကတော့ဗျာ အလှဘွဲ့ပဲ။ မိန်းမလှ ဘွဲ့ကို ဆရာကြိုက်သလိုစပ်နိုင်ပါတယ်”

 

ကိုဘခက်သည် ကိုမြင့်လွင်ထံမှ သီချင်းစာရွက် များကို တစ်ရွက်စီလှန်၍ ဖတ်ကြည့်လိုက်သည်။ ဦးသောင်းရွှေကမူ စားပွဲပေါ်မှ သူ၏လက်ဆွဲသားရေအိတ်ကိုယူ၍ ဖွင့်လိုက်သည်။

 

“ကဲ...ဆရာ၊ နှစ်ပုဒ်အတွက် ဘယ်လိုပေးရမယ် ဆိုတာပြောပါဦး။ စရန်လည်း တစ်ခါတည်းယူထား လိုက်ပါ”

 

ကိုဘခက်သည် ရုတ်တရက် ဘာကိုပြန်ဖြေရှင်း ရမှန်းမသိဘဲ ဦးကျော်ဒင်ကိုသာ လှမ်းကြည့်လိုက်သည်။ သူ့အနေနှင့် သီချင်းတစ်ပုဒ်ကို မည်မျှယူရမည်ကို နားမလည်ပေ။ အလုပ်နှင့်ပတ်သက်၍ မည်သို့ ဆက်ဆံရမည်ကိုလည်း မသိပေ။ ထို့ကြောင့် ဦးကျော်ဒင်ကို အကဲခတ်သလို လှမ်း၍ကြည့်လိုက်သည်။ ဦးကျော်ဒင်ကလည်း အကင်းပါးစွာ စကားဝင်၍ ခင်းပေးလိုက်သည်။

 

“ဒါကတော့ ဒီလိုရှိတယ် ကိုသောင်းရွှေရဲ့။ ဈေးတွေဘာတွေတော့ မောင်ဘခက်နားလည် မှာမဟုတ်ဘူး။ ကိုသောင်းရွှေတို့ကသာ ထုံးစံအတိုင်းပြောပေါ့”

 

“ဟုတ်ပါတယ်၊ ကျွန်တော်ကဒီမှာတော့ လူစိမ်းသက်သက်ဖြစ်နေတယ်။ ဦးလေးနဲ့သာ ကြည့်ပြီး ပြောကြပါ”

 

ဦးသောင်းရွှေနှင့် ကိုမြင့်လွင်သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း အကဲစမ်းနေကြသည်။ ဦးသောင်းရွှေက သူ၏သားရေအိတ်ထဲမှ ရာတန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

 

“ကဲဗျာ...ဒီလိုလုပ်ပါ။ ဈေးဆိုတာကတော့ သီချင်းတစ်ပုဒ်ကို ငါးဆယ်ကနေ ငါးရာအထိရှိတယ်။ သုံးရာ၊ ငါးရာဆိုတာကတော့ ထိပ်တန်းစာရေးဆရာတွေပေါ့။ ဆရာနဲ့ နောက်လည်းအရှည်ဆက်ဆံကြရအောင်။ ဒီတော့ အခုတစ်ရာယူထားပါဆရာ”

 

ကိုဘခက်သည် ဦးသောင်းရွှေပေးသော တစ်ရာ တန်ကိုကိုင်၍ ဝမ်းသာမဆုံး ရှိတော့သည်။ ဦးသောင်းရွှေနှင့် ကိုမြင့်လွင်တို့ ပြန်သွားသည့်တိုင်အောင် ကိုဘခက်သည် သူ့အတွေးနှင့်သူ နစ်မျော နေတော့သည်။ ငွေတစ်ရာရခြင်းထက် သူ၏ပညာစွမ်းကိုပြရန် အခွင့်အရေးတစ်ခုရခြင်းကို ကျေနပ် အားရမိလေသည်။ တက်ကြွရွှင်လန်းမိလေသည်။ ဦးကျော်ဒင်ကမူ ကိုဘခက်ကို ချီးကျူးအားပေး လိုက်သည်။

 

“ဒီလိုပဲ တစ်စတစ်စ ဝင်တိုးရတာပဲကွဲ့။ ရန်ကုန်မှာ နာမည်တစ်လုံးရဖို့က မလွယ်ပါဘူး။ နာမည်ရပြီ ဆိုတော့လည်း ဘာလုပ်လုပ် အထင်ကြီးနေကြတာပဲ။ နာမည်ရအောင် ကြိုးစားဟေ့”

 

“ကျွန်တော် ကြိုးစားပါ့မယ်ဦး။ ကျွန်တော့်ပညာကို တိုင်းပြည်မှာ တင်ပြခွင့်ရမယ်ဆိုရင် ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားရကြိုးစားရ အားမလျှော့ပါဘူး။ ဦးကျေးဇူးလည်း မမေ့ပါဘူးခင်ဗျာ”

 

“ဟုတ်တာပေါ့၊ ပညာသည်ဆိုတာ ဒီလိုပဲ ပါရမီဖြည့်ရတာပဲ။ ကျုပ်တို့ဘက်ကတော့ တတ်နိုင်တဲ့ဘက်က ကူညီမှာပဲ။ မောင်ဘခက်ရဲ့ပညာလည်း ယုံတယ်။ တစ်နေ့နေ့တော့ အောင်မြင်ရမှာပေါ့ ကွယ်”

 

ဦးကျော်ဒင် အပေါ်ထပ်သို့တက်သွားသောအခါ ကိုဘခက်သည် သူ့အခန်းတွင်းသို့ဝင်ခဲ့သည်။ ကိုဘခက်သည် ရာတန်စက္ကူကလေးကို ခေါင်းအုံးအောက်၌ တရိုတသေ သိမ်းလိုက်သည်။ ပြီးမှ စာကြည့်စားပွဲတွင်ထိုင်၍ သူ၏ နေ့စဉ်မှတ်တမ်းတွင် တစ်စုံတစ်ခုကို ရေးမှတ်လိုက်သည်။

 

ကိုဘခက်၏စိတ်များသည် အလိုလို ရွှင်လန်းနေသည်။ မှတ်တမ်းရေးပြီးလျှင် သူသည်ဧည့်ခန်းသို့ ပြန်ထွက်ခဲ့ပြန်သည်။ စန္ဒရားခုံတွင်ထိုင်၍ လက်တွေ့ရာတီးလုံးများကို စမ်းလိုက်ပြန်သည်။ သို့စမ်းနေရင်းမှ စောစောက အပ်သွားသော သီချင်းများကို ပြန်၍ စိတ်ကူးလိုက်ရင်း ရောက်တတ်ရာရာ တီးလုံးများကိုဆင်၍ တီးလိုက်ပြန်သည်။ ကိုဘခက်သည် စန္ဒရားနှင့် လက်နှင့်ဝေးခဲ့သည်မှာ နှစ်ပတ်ခန့်ကျော်ခဲ့ပြီ။

 

‘မ’ တို့ စာမေးပွဲနီးသည့်အချိန်ကစ၍ စာကျက်ပျက်မည်စိုး၍ စန္ဒရားကိုမတီးဘဲ ရှောင်နေခဲ့သည်။ မနေနိုင်၍ တီးချင်လာလျှင် စောင်းကိုသာ ခပ်ဖော့ဖောတီးခဲ့သည်။ ယခုမူ စန္ဒရားကိုပင် တီးချင်လာသည့်စိတ်က ပြင်းထန်နေသည်။ လက်တွေက အလိုလိုယားလာသည်။ ထို့ကြောင့်ပင် စိတ်ရှိလက်ရှိ ပစ်၍တီးလိုက်သည်။ အပေါ်ထပ်မှဆင်းလာသော ‘မ’ ကို မြင်လိုက်မှ လက်ကို လျှော့လိုက်မိသည်။ သည်တော့မှလည်း စန္ဒရားသံအတွက် ‘မ’ ကို အနှောင့်အယှက်ဖြစ်လေသလား...ဟု စိုးရိမ်မိသည်။ ‘မ’ သည် ကိုဘခက် စန္ဒရားခုံဘေးတွင် လက်တစ် ဖက်တင်၍ ရပ်နေလိုက်သည်။ ကိုဘခက်သည် စန္ဒရားကိုရပ်၍ ‘မ’ ကို ဆီး၍တောင်းပန်လိုက်သည်။

 

“‘မ’စာကျက်နေတယ်ဆိုတာ ကျွန်တော်မေ့သွားတယ်”

 

‘မ’ သည် ကိုဘခက်ကို ကြည်လင်သောအပြုံးဖြင့် ကြည့်လိုက်သည်။ ‘မ’ စိတ်ထဲကမူ ကိုဘခက်၏ ဆင်ခြင်သိတတ်သောစိတ်ကို လေးစားကြည်ညိုမိလေသည်။

 

“ကိစ္စမရှိပါဘူး ဆရာ၊ သီချင်းသံကြားရင် ‘မ’ က စာကျက်လို့တောင် ပိုပြီးရပါသေးတယ်။ ပြီးတော့ စန္ဒရားသံက စိတ်ကို ကြည်လင်စေပါတယ်။ ဦးနှောက်တောင် ပိုပြီးရှင်းသွားသေးတယ်”

 

‘မ’ က ကိုဘခက်အပေါ်တွင် လေးစားကြည်ညိုမိသလောက် ကိုဘခက်ကလည်း ‘မ’ ၏ ပါးနပ်လိမ္မာ ပုံကို ချီးကျူးမိလေသည်။

 

“ကျွန်တော် စန္ဒရားမတီးတာ နှစ်ပတ်လောက်ရှိပြီ။ ကနေ့တော့ တီးချင်စိတ်ရှိတာနဲ့ တီးမိတာ”

 

“ဟုတ်ပါရဲ့ ဆရာ၊ အားနာစရာတောင်ဖြစ်နေပြီ။ ‘မ’ က ဆရာစိတ်မပါလို့ မတီးတာလားလို့။ ခုတော့ ဆရာက ‘မ’ တို့ စာမေးပွဲနီးလို့ မတီးဘဲနေတာကိုး။ ဖေဖေပြောထားတယ်မဟုတ်လား ဆရာ၊ ဒီအိမ်မှာ လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်။ ပြီးတော့လည်း ဆရာ့စန္ဒရားသံကြောင့် ‘မ’ တို့ စာကြည့်ချိန် အနှောင့်အယှက်မဖြစ်ပါဘူးဆရာ”

 

ကိုဘခက်သည် စန္ဒရားအဖျားလုံးကလေးများကို တို့ပြီးကစားလိုက်ရင်း ‘မ’ ပြောသောစကားများကို စိတ်ဝင်စားစွာ နားထောင်နေမိသည်။ ‘မ’ နှင့် ကိုဘခက်တို့ ယခုလို နှစ်ယောက်ချင်း မတွေ့ရသည်မှာ တစ်လနီးပါးခန့်ရှိလေပြီ။ စောင်းသင်တန်းကို နားလိုက်သည့်နောက် ‘မ’ သည် စာကြည့်ခန်း၌သာ အချိန်ကုန်တတ်သည်။ ကိုဘခက်ကိုယ်တိုင်ကလည်း ‘မ’ ၏ စာကြည့်ချိန် ကို အနှောင့်အယှက်မဖြစ်စေလို၍ တမင်ရှောင်နေခဲ့ သည်။ ကိုဘခက်သည် ‘မ’ ၏မျက်နှာကို မျက်တောင်မခတ်၊ တစိမ့်စိမ့်ကြည့်နေမိသည်။ ‘မ’ ၏မျက်နှာသည် ကနေ့မှ ပို၍ကြည်လင်လန်းဆန်း၍နေသည်။

 

“‘မ’ကို ဝမ်းသာစရာစကားတစ်ခု ပြောရဦးမယ်။ ကနေ့ ကျွန်တော် အလုပ်တစ်ခုလက်ခံလိုက်တယ်”

 

‘မ’ သည် မျက်တောင်ကလေး တစ်ချက်မျှ ခတ်လိုက်ရင်း ခပ်နွဲ့နွဲ့ပြန်မေးလိုက်သည်။

 

“ဘာအလုပ်လဲဆရာ၊ သီချင်းသင်ပေးဖို့ အလုပ်လား။ ‘မ’ တောင် ဆရာ့ကိုပြောစရာရှိတယ်။ ‘မ’ သူငယ်ချင်းတစ်ယောက်ကတောင် ဆရာ့ဆီမှာ စန္ဒရားသင်ချင်လို့တဲ့။ အိမ်မှာလိုက်ပြီး သင်နိုင်မလားဆိုတာ အမေးခိုင်းတယ်။ အခု နွေကျောင်းပိတ် မှာ သင်ချင်သတဲ့ဆရာ”

 

‘မ’ က ကိုဘခက်အတွက် ဝမ်းသာအားရပြောလိုက်သော်လည်း ကိုဘခက်ကမူ သူ့ကိစ္စကိုသာ စိတ်ဝင်စားနေဟန်ရှိသည်။

 

“မဟုတ်ဘူး...မဟုတ်ဘူး။ ကနေ့ ကုမ္ပဏီတစ်ခု က ကျွန်တော့်ဆီကိုလာပြီး သီချင်းနှစ်ပုဒ်အပ်တယ်”

 

“ဪ...ဟုတ်လား၊ ဝမ်းသာလိုက်တာဆရာ။ သူတို့က ဘယ်လိုလုပ်ပြီး ဆရာ့ကိုသိသလဲ”

 

“ကျွန်တော့်အစွမ်းမဟုတ်ဘူး။ ဦးမိတ်ဆွေတွေလေ။ ဦးရဲ့ ထောက်ခံချက်ကြောင့် ယုံကြည်ပြီး အပ်တာ။ စရန်တောင် တစ်ရာပေးသွားတယ်။ ငွေ ကတော့ အရေးမကြီးပါဘူး။ ကျွန်တော့်ရဲ့ပညာကို တိုင်းပြည်မှာ ပြခွင့်ရတာကိုပဲ ဝမ်းသာလှပြီ”

 

“ဟုတ်တာပေါ့ ဆရာ။ ဆရာ့အတွက် ဝမ်းသာပါတယ်။ အမှန်တော့ ဆရာ့ပညာနဲ့ ခုလောက်အထိ တောင် တိမ်မြုပ်နေဖို့မကောင်းပါဘူး။ နာမည်ကျော်တစ်ယောက် ဖြစ်သင့်ပြီ”

 

“နာမည်မကြီးတာ ကြီးတာကို ကျွန်တော် ဒါလောက်အရေးမထားပါဘူး။ ကိုယ့်လက်သံနဲ့ လက်ရာကို တိုင်းပြည်မှာ တင်ပြခွင့်ရရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ။ အမှန်တော့ ကျွန်တော်တို့လို ပညာသည်မျိုးက ဇာတ်စင်မှာ ကားနောက်ကနေရတဲ့လူတွေလိုပါပဲ။ တိုင်းပြည်က သိဖို့မလွယ်ဘူး။ ဥပမာ ဆရာမြို့မငြိမ်းဆိုရင် ဒီဘက်ခေတ်ကျမှပဲ မြို့မငြိမ်းရယ်လို့ သိရတာပဲ။ သူ့သီချင်းတွေက စစ်မဖြစ်ခင် ကတည်းက ထင်ရှားနေတယ်မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ မေရှင်တို့၊ ပြည်လှဖေတို့ အဆို ကောင်းတယ်ဆိုတာသာ သိခဲ့တယ်။ မြို့မငြိမ်း သီချင်းရေးကောင်းတယ်ဆိုတာ ဟိုတုန်းက မသိခဲ့ ကြဘူး။ ဥပမာ ရွှေပြည်အေးတို့၊ ဦးစိမ်းမောင်တို့ ဆိုရင် ဓာတ်ပြားတွေထဲမှာ အတီးလှည့်ကျရင် မကြည်အောင်က ကြိုးစားလိုက်ပါ။ ဆရာရွှေပြည်အေး၊ ဂီတ ဦးစိမ်းမောင် ဆိုတာမျိုးလိုပေါ့လေ။ သီချင်းဆိုတဲ့လူက ပြောပေးမှ သိခဲ့ရတယ်မဟုတ်လား။ သီချင်းတစ်ပုဒ်ကို တကယ်ရေးစပ်ပြုစုကြရတဲ့ သီချင်းရေးဆရာရဲ့နာမည်ကို တိုင်းပြည်ကတော်တော်နဲ့ မသိကြဘူး။ ဒါကြောင့် အရင်ခေတ် သီချင်းရေးဆရာတွေဟာ သူတို့သီချင်းတွေထဲမှာ နာမည်ထည့်ပြီး စပ်ကြတာပေါ့။ ကျွန်တော်တို့ တိုင်းပြည်က တကယ့်ပညာသည်တွေကို လေးစား ခွင့်ရဖို့ နောက်ငါးနှစ်နဲ့ရဖို့ မလွယ်သေးပါဘူး”

 

ဆက်လက်ဖော်ပြပါမည်။