ဆုံးဖြတ်ချက်များချမှတ်ရာတွင် သတိပြုဖွယ် လွှမ်းမိုးတတ်မှုများ …

 

 

သိန်းထွန်း (IR)

 

နေ့စဉ်ဘဝအတွက် အရေးပါသောအစိတ်အပိုင်း

 

လူတစ်ဦးချင်းစီတိုင်းရဲ့ နေ့စဉ်ဘဝတွေမှာ ကိုယ်ရေးကိုယ်တာ၊ အိမ်တွင်းရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေး၊  စီးပွားရေး၊ ကြီးပွားရေးတွေလို  ကိစ္စသေးသေးလေးကစပြီး ဘဝအပြောင်းအလဲဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာတွေလို  ဆုံးဖြတ်ချက်အကြီး ကြီးတွေအထိ စဉ်းစားမှု၊ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေ လုပ်ကြရပါတယ်။အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက် ချမှုတွေ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေကတော့  အများနဲ့ဆိုင်တဲ့ စဉ်းစား ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။

 

ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ်၊ အများနဲ့ဆိုင်တဲ့ရေးရာတွေမှာပဲဖြစ်ဖြစ် စဉ်းစားဆုံးဖြတ်တဲ့ အကြောင်းအရာ၊ စဉ်းစားတဲ့ပုံစံနဲ့ နည်းလမ်းတွေ မတူတတ်ကြပါဘူး။ တစ်ဦးတစ်ယောက်၊ မိသားစု သေးသေးလေးတွေအတွက်က အကြောင်းအရာ အားဖြင့်သေးငယ်သလို အကျိုးသက်ရောက်မှုကလည်း ယေဘုယျအားဖြင့် နည်းတတ်တဲ့အတွက် စဉ်းစားဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်ကို သမားရိုးကျ စဉ်းစားဆုံးဖြတ်တဲ့ ပုံစံတွေ၊ နည်းလမ်းတွေနဲ့ ဆုံးဖြတ်ကြတာ များပါတယ်။ အများဆိုင်ရာ အဖွဲ့အစည်းတွေ၊ စီးပွားရေးအစုအဖွဲ့တွေ၊ နိုင်ငံ့ရေးရာတွေ စတဲ့ကြီးမားတဲ့ ကိစ္စရပ်တွေမှာတော့ စဉ်းစား ဆုံးဖြတ်မှုနဲ့ဆိုင်တဲ့ သဘောတရား၊ ပုံစံ၊ နည်းလမ်းနဲ့ လုပ်ငန်းစဉ်တွေအတိုင်း လုပ်ကြလေ့ရှိပါတယ်။

 

ဆုံးဖြတ်ချက်ချခြင်းကို ဆုံးဖြတ်ချက်ချမှတ်သူရဲ့ တန်ဖိုးတွေနဲ့ နှစ်သက်မှုတွေကို အခြေခံပြီး ရွေးချယ်မှုအမျိုးမျိုးကို ခွဲခြားသတ်မှတ်ခြင်းနဲ့ ရွေးချယ်ခြင်းလို့ဆိုပါတယ်။ အဲဒီလိုဆုံးဖြတ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အခြား ရွေးချယ်စရာတွေ ရှိနေတတ်ပြီး အဲဒီလို ရွေးချယ်စရာတွေအနက်က တတ်နိုင်သမျှ ခွဲခြားသတ်မှတ်ရုံသာမကဘဲ မိမိတို့ ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်၊ ဆန္ဒ၊ တန်ဖိုးထားမှု စတာတွေနဲ့တိုင်းတာပြီး အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်ခြင်းလို့လည်း ဆိုပါတယ်။

 

စဉ်းစားဆုံးဖြတ်တာတွေနဲ့ပတ်သက်လို့ သိပ္ပံနည်းကျ သုတေသနပြုလေ့လာထားတာတွေ ရှိပါတယ်။ ဆုံးဖြတ်ချက် တစ်ရပ်ကို ဘယ်လိုစဉ်းစား ဆုံးဖြတ်ကြမလဲ။ ဘယ်လိုစဉ်းစား ဆုံးဖြတ်လေ့ရှိကြ သလဲ၊ အစီအစဉ်တကျ ရေးဆွဲပြီး စဉ်းစားဆုံးဖြတ် တာလား၊ အစီအစဉ်တကျမဟုတ်ဘဲ စဉ်းစား ဆုံးဖြတ်တာလား၊ တစ်ဦးတည်းက ဆုံးဖြတ်သလား၊ စုဖွဲ့တိုင်ပင်ပြီး ဆုံးဖြတ်သလားဆိုတာတွေ အများကြီးပါပဲ။ အဲဒီတော့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ဟာ အခြေအနေအလိုက် ကွဲပြားတာတွေ အများကြီးဆိုတာ တွေ့ရပါတယ်။ စဉ်းစားဆုံးဖြတ်တဲ့ အကြောင်းအရာ၊ ပုံစံနဲ့နည်းလမ်းတွေ ဘယ်လိုပဲကွဲပြားပါစေ စဉ်းစားဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်ဟာ လူတိုင်းနဲ့မကင်းနိုင်သလို နေ့စဉ်လူမှုဘဝရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်နေပါတယ်။

 

အရေးပါတဲ့လုပ်ငန်းစဉ်

 

လူတစ်ယောက်အတွက် နေ့စဉ်ဘဝရဲ့ ဆုံးဖြတ် ချက်တွေဟာ အရေးပါပါတယ်။ ဥပမာ လူမှုရေးကိစ္စ တစ်ခု သွားသင့် မသွားသင့်၊ မေးသင့် မမေးသင့်၊ ကူညီသင့် မကူညီသင့်ဆိုတဲ့ဆုံးဖြတ်ချက်ဟာ သူ့ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးကဏ္ဍအတွက် အရေးပါပါတယ်။ ကျန်တဲ့ကိစ္စတွေမှာလည်း ဒီပုံစံ အတိုင်းပါပဲ။ သာမန်အားဖြင့်ကြည့်ရင် ဒီလိုဆုံးဖြတ်ချက်လေးတွေက အရေးမကြီးဘူးလို့ ထင်ရပေမယ့် အဲဒီဆုံးဖြတ်ချက်တွေက လူတစ်ယောက်ရဲ့ တည်ရှိမှု၊ ရပ်တည်မှု၊ တန်ဖိုးနဲ့ ပတ်ဝန်းကျင်ဆက်ဆံရေးဆိုင်ရာ အပြုအမူ၊ အပြော အဆို၊ အကျင့်စရိုက်ဆိုတာတွေကို ပုံဖော်ဖန်တီး နေတာပဲ ဖြစ်ပါတယ်။

 

ဆိုရရင် လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေ ဆိုတာက သူ့ဘဝကို ပုံဖော်နေတဲ့ အစိတ်အပိုင်းတွေဖြစ်လို့ အရေးပါတဲ့ကိစ္စရပ်လို့ ဆိုရမှာပါ။ အကြောင်း အရာတစ်ခုကို စဉ်းစားဆုံးဖြတ်လိုက်ပြီးရင် အဲဒီ အကြောင်းအရာရဲ့ အရေးပါမှုနဲ့ ကျယ်ပြန့်မှု အတိုင်းအတာအလိုက် ကောင်းကျိုး/ ဆိုးကျိုး အကျိုးဆက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ ဆုံးဖြတ် ချက်မှန်ရင် မှန်သလို ကောင်းကျိုးတွေရရှိမှာ ဖြစ်ပါ တယ်။ ဆုံးဖြတ်ချက်မှားခဲ့ရင်တော့ ဆိုးကျိုးမဖြစ် တောင် အနည်းဆုံး အကျိုးမရှိဘူးပေါ့။ အရေးပါတဲ့ အကြောင်းကိစ္စဆိုရင်တော့ ဆုံးဖြတ်ချက်ချတဲ့သူကိုယ်တိုင်အပြင် ပတ်ဝန်းကျင်ကိုပါ ထိခိုက်ဆုံးရှုံးမှု တွေ ဖြစ်စေတတ်ပါတယ်။

 

ဒီတော့ ဆုံးဖြတ်ချက်တစ်ခုချဖို့ဆိုရင် ထည့်သွင်း စဉ်းစားစရာတွေ၊ ချိန်ဆစရာတွေ၊ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို တွက်ဆရပါတယ်။ စဉ်းစား ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်အတိုင်း ဆုံးဖြတ်နိုင်ရင် တော့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာပါ။ ဆုံးဖြတ်ချက် ချမှတ်တဲ့အလုပ်ဟာ သာမန်လူတစ်ယောက်အတွက်တောင် အရေးပါနေရင် အဖွဲ့အစည်းကို ဦးဆောင်နေသူတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ စီမံခန့်ခွဲသူတွေနဲ့ မန်နေဂျာတို့လို ဆုံးဖြတ်ချက် ချသူတွေအတွက်ဆို ပိုပြီးအရေးကြီးပါတယ်။ ဆုံးဖြတ်ချက်မှန်ကန်လေ အောင်မြင်မှု တွေ၊ ကောင်းမွန်တဲ့ရလဒ်တွေနဲ့ အကျိုးကျေးဇူး တွေ ပိုမျှော်မှန်းနိုင်လေ ဖြစ်မှာပါ။

 

တစ်ဦးချင်းစီ၏ စရိုက်လက္ခဏာ လွှမ်းမိုးမှု     

 

အထက်မှာဆိုခဲ့သလို လူတစ်ယောက်ရဲ့နေ့စဉ် ဆုံးဖြတ်ချက်တွေက သူ့ရဲ့လုပ်ငန်း ဒါမှမဟုတ် သူ့ဘဝအတွက် အနည်းနဲ့အများအရေးပါတဲ့ အစိတ်အပိုင်းဖြစ်လို့ တစ်ခုခု ဆုံးဖြတ်တော့မယ်ဆိုရင် သတိပြုသင့်တဲ့အချက်တွေ ရှိပါတယ်။ သတိ ပြုသင့်တဲ့အချက်တွေအပြင် စဉ်းစားဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို သိထားရင်တော့ အကောင်း ဆုံးပဲပေါ့။ ဒါပေမဲ့လည်း သူလိုကိုယ်လို အများစု ကတော့ သမားရိုးကျအတိုင်းပဲ စဉ်းစားဆုံးဖြတ် တတ်ကြတာဆိုတော့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်း စဉ်တွေကို ထည့်မစဉ်းစားမိတတ်ကြပါဘူး။

 

သမားရိုးကျစဉ်းစားတာတွေထဲမှာမှ အပေါ်ယံ စဉ်းစားဆုံးဖြတ်တာနဲ့ ထဲထဲဝင်ဝင် စဉ်းစားဆုံးဖြတ်တာတော့ ကွာတတ်ကြပါတယ်။ နေ့စဉ် နိစ္စဓူဝ လုပ်နေကျ ကိစ္စတွေမှာဆို ထူးထွေစဉ်းစားနေစရာတောင် မလိုဘူး။ အလိုလို သိနေကြတာကိုး။ ဒါပေမဲ့ ကြိုတင်သိမြင်နေတဲ့ ကိစ္စတွေကို ဆုံးဖြတ်တာနဲ့ ကြိုတင်မသိနိုင်တဲ့ကိစ္စတွေ စဉ်းစား ဆုံးဖြတ်ရတာ မတူပြန်ပါဘူး။ ဆုံးဖြတ်ရတဲ့ အခြေအနေနဲ့အကြောင်းအရာ အတိမ်အနက်အလိုက် စဉ်းစားဆုံးဖြတ်ကြရပါတယ်။

အဲဒီလို စဉ်းစားဆုံးဖြတ်ရတဲ့ အခြေအနေ၊ ပုံစံနဲ့နည်းလမ်းတွေ အမျိုးမျိုးကြားမှာ စဉ်းစားဆုံးဖြတ်ချက်တွေ တတ်နိုင်သမျှမှန်ဖို့ဆိုရင် လုံလောက်တဲ့ အချက်အလက်တွေ၊ သတင်းတွေလိုအပ်ပါတယ်။ သတင်းအချက်အလက် ခိုင်မာတိကျမှ ဆုံးဖြတ် ချက်ရဲ့ အရည်အသွေးပိုကောင်းဖို့ အထောက်အကူဖြစ်စေမှာပါ။ တစ်ဖက်မှာလည်း လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက် အရည်အသွေးကို ထိခိုက်စေတဲ့ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေ ရှိနေတတ်ကြပါတယ်။ ဥပမာ စိတ်စွဲလမ်းမှုနဲ့ ဘက်လိုက်မှုတွေကြောင့် ဆုံးဖြတ်ချက်တွေကို ဖြစ်သင့်တာထက် ဖြစ်ချင်တဲ့ စိတ်ခံစားချက်အတိုင်း ဆုံးဖြတ်တတ်ကြပါတယ်။

 

စိတ်ရဲ့ခံစားချက်၊ စွဲလမ်းမှုနဲ့ ဘက်လိုက်မှုတွေကြောင့် မိမိတို့ဟာ ကိုယ်လက်ခံလိုတဲ့ ကိစ္စတွေပဲ လက်ခံတတ်ကြတဲ့ သဘောပါ။ တစ်ခါတစ်ရံ ယုံကြည်မှုနဲ့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိကြပါတယ်။ အဲဒါကတော့ ယုံကြည်မှုအရ ဆုံးဖြတ်တာဖြစ်လို့ အချက်အလက်နဲ့ ကျိုးကြောင်းစဉ်းစားမှုအပိုင်းမှာ လျော့နည်းတတ်ပါတယ်။ ယုံကြည်မှု ဆိုရာမှာလည်း ဝိဝါဒကွဲစရာတွေရှိပါတယ်။ ကိုယ်တိုင်က ယုံကြည်တာလား၊ အခြားသူတွေယုံကြည်လို့ ယုံကြည်တာလား၊ တစ်သမတ်တည်းရော ယုံကြည်ရရဲ့လားဆိုတဲ့ ဝိဝါဒတွေဖြစ်ပါတယ်။

 

ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးတတ်တဲ့ နောက်တစ်ချက်ကတော့ ခံယူချက်သဘောထားပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချရာမှာ သတင်းအချက်အလက်တွေ၊ ကျိုးကြောင်းဆင်ခြင်မှုတွေထက် မိမိတို့အစဉ်အဆက် လက်ခံလာခဲ့တဲ့ စိတ်သဘောထားနဲ့ တန်ဖိုးထားမှုဆိုတာတွေနဲ့ ဆုံးဖြတ်ကြတာပဲ ဖြစ်ပါတယ်။ အကြောင်းအရာတစ်ရပ်ကို ဓမ္မဓိဋ္ဌာန်ကျကျ မစဉ်းစားတော့ဘဲ မိမိယခင်က လက်ခံထားခဲ့တဲ့ အယူအဆအတိုင်း ဆုံးဖြတ် တတ်ကြပါတယ်။ အဲဒီအတွက် ပြောင်းလဲနေတဲ့ အခြေအနေ၊ မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေနဲ့ မသေချာမရေရာတဲ့ အခြေအနေတွေမှာ ဆုံးဖြတ်ချက်တွေကို အံလွဲစေတတ်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုး စေတတ်တဲ့ အခြားအချက်တွေထဲမှာဆိုရင် ဆုံးဖြတ်ချက်ချတဲ့သူရဲ့ ဉာဏ်ရည် ဉာဏ်သွေး၊ တစ်ဦးချင်းရဲ့ အကျင့်စရိုက် ကွဲပြားမှု၊ ပညာ၊ အသက်အရွယ်၊ အတိတ်ကာလ အတွေ့အကြုံ၊ သိမြင်မှုဆိုင်ရာ ဘက်လိုက်မှု၊ အချိန်ကန့်သတ်ချက်၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုတွေ ဖြစ်ကြပါတယ်။ ဒီအချက်တွေက လူတစ်ယောက် စဉ်းစားဆုံးဖြတ်ရာမှာ သိသိသာသာဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် လွှမ်းမိုး နေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ဒီလိုလွှမ်းမိုးမှုတွေက မိမိတို့ရဲ့ဆုံးဖြတ်ချက်တွေကို ပြောင်းလဲစေပြီး ကြီးကြီးမားမား အကျိုးဆက်တွေကိုလည်း ဖြစ်စေတတ်ပါတယ်။

 

ပြင်ပမှလွှမ်းမိုးနိုင်မှု

 

ပြင်ပမှလွှမ်းမိုးနိုင်မှုကတော့ မိမိတို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လူမှုအဖွဲ့အစည်းရဲ့ စရိုက်လက္ခဏာတွေက လွှမ်းမိုးစေတတ်ခြင်း ဖြစ်ပါတယ်။ သဘောကတော့ ပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်၊ စံနှုန်း၊ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုတွေက မိမိတို့အပေါ် လွှမ်းမိုးလာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေအတိုင်း ဆုံးဖြတ်ကြခြင်း ဖြစ်ပါတယ်။ ပတ်ဝန်း ကျင်ရဲ့လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ရဲ့လိုလားချက်၊ ဖြစ်နေတဲ့အခြေအနေအပေါ်နားလည်မှု၊ သတင်း အချက်အလက်ရယူမှု၊ ကျိုးကြောင်းဆင်ခြင် စဉ်းစားမှု၊ ရွေးချယ်မှုဆိုတာတွေနဲ့ အံလွဲသွား တတ်ကြပါတယ်။ လူ့သဘာဝအရ ဖြစ်တတ်တဲ့ အခြေအနေလို့ဆိုနိုင်ပေမယ့် အဲဒီအခြေအနေတွေက ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးတတ်လို့ သတိပြုသင့်တဲ့အထဲက အရေးကြီးတဲ့ အချက်တစ်ချက်လို့ ဆိုနိုင်ပါတယ်။

 

သာမန်လူတစ်ယောက်အတွက် ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးမှုမရှိဘူးလို့ ဆိုနိုင်ပေမယ့် အဲဒီလိုကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စရဲ့ အတိမ်အနက်လိုက်ပြီး စဉ်းစားဆုံးဖြတ်တဲ့ လုပ်ငန်းကလည်း နက်နဲတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တည့်သွင်းစဉ်းစားရမယ့် အမျိုးမျိုးသော အကြောင်းအရာတွေ ဆုံးဖြတ်ရာမှာ လွှမ်းမိုးနိုင်တဲ့ အချက်တွေကြောင့် စဉ်းစားဆုံးဖြတ်တဲ့အလုပ်ဟာ လူတွေရဲ့ စဉ်းစား တွေးခေါ်မှုဆိုင်ရာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေပြီး မတူညီတဲ့ ဆုံးဖြတ်ချက်တွေကို ဖြစ်စေ ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုတွေဟာ လည်း လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်တွေအပေါ် များစွာ သက်ရောက်မှု ကြီးတတ်တာကြောင့်ပြောင်းလဲသွားတဲ့ ဆုံးဖြတ်ချက်တွေ၊ ပြောင်းလဲသွားတဲ့ဘဝတွေကို မိမိတို့ပတ်ဝန်းကျင်မှာ များစွာ တွေ့နိုင်ပါတယ်။

 

အကောင်းဆုံး ဆုံးဖြတ်ချက်အတွက် အထောက်အကူဖြစ်စေ

 

ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်တွေကို လူတိုင်းက နေ့စဉ်လိုလို လုပ်ဆောင်နေကြလို့ ထူးခြားတဲ့ အလုပ်လို့တောင် အချို့က မထင်မိတတ်ကြပါဘူး။ ဒါပေမဲ့လည်း မိမိတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဆုံးဖြတ်ချက်ချတဲ့သူရဲ့ ဘဝကို ပုံဖော်နေတာဖြစ်လို့ လူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီလိုအရေးပါတဲ့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်ချမှတ်နိုင်လေ ဘဝရည်မှန်းချက်တွေအတွက် ပိုမိုအထောက်အကူရလေ ဖြစ်ပါတယ်။ တစ်ဖက်မှာဆိုရင်လည်း မိမိတို့ရဲ့ဆုံးဖြတ်ချက် ဆိုင်ရာ စဉ်းစားမှုတွေမှာ လွှမ်းမိုးနိုင်တဲ့ အခြေအနေ တွေနဲ့ အချက်တွေ ရှိနေမယ်ဆိုရင် ဆုံးဖြတ်ချက်အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ စဉ်းစားဆုံးဖြတ်မှုတွေ၊ ရွေးချယ်မှုတွေအပေါ် ဘယ်လိုအချက်တွေနဲ့ အခြေအနေတွေက လွှမ်းမိုးနေတတ်သလဲဆိုတာ သိရှိထားပြီး သတိ ထားနိုင်မယ်ဆိုရင် အကောင်းဆုံး ဆုံးဖြတ်ချက်ချဖို့ ပိုမိုအခွင့်သာစေမှာ ဖြစ်ပါတယ်။ ။