နှလုံးသားထဲကမြို့

မြင့်ထွေး (ဟိုတယ်/ ခရီး)

 

မည်သည့်မြို့က အလှဆုံးလဲဟု ကျွန်တော့်ကိုမေးလာခဲ့လျှင် တောင်ကြီးမြို့ဟု ဖြေမိမှာဖြစ်သလို  အပန်းဖြေရန် မည်သည့်မြို့ကိုသွားမလဲမေးလျှင်  ပြင်ဦးလွင်မြို့ကို ရွေးချယ်မည်ဖြစ်ပါသည်။ ရက်ရှည် အနားယူမည်ဆိုလျှင်တော့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီးမှ ညောင်ဦးဖီးကျွန်းကို သွားမည်ဟုဖြေမည်။ အလားတူ..မည်သည့်မြို့ကို အနှစ်သက်ဆုံးလဲဟု မေးလာခဲ့လျှင်တော့ ထင်းရှူးမြို့တော်ဖြစ်သည့် ကလောမြို့ဟု မဆိုင်းမတွဖြေပါမည်။

 

အဘယ်ကြောင့်ဆိုသော် ကလောမြို့တွင် ကျွန်တော်ချစ်သော ရှမ်း၊ ဓနု၊ ပအိုဝ်း၊ တောင်ရိုး၊ ပလောင်တိုင်းရင်းသား များရှိသည်။ ကျွန်တော်နှစ်သက်သည့် စိမ်းညို့သော တောင်တန်းများ၊ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းများ၊ သန့်ရှင်းလတ်ဆတ်သော အသီးအနှံများ၊ တစ်မူကွဲပြား ထူးခြားသည့် ရိုးရာပွဲတော်များရှိသည်။ ကျွန်တော်မြတ်နိုးသည့် ထင်းရှူးတောများ၊ ဝက်သစ်ချပင်များ၊ ရောင်စုံပွင့်သော ပန်းမန်များနှင့် စိန်ပန်းပြာများ၊ ချယ်ရီ ပန်းများ၊ အေးမြသော နှင်းပွင့်နှင်းစက်များ၊ ဖြူလွသည့် တိမ်စိုင်၊ တိမ်လိပ်များ၊ တိမ်ပင်လယ်များလည်းရှိသည်။

 

ထို့အပြင် ခရီးသွားလုပ်ငန်းတွင် လူ့ဘဝသက်တမ်း လေးပုံသုံးပုံခန့်အထိ နှစ်မြှုပ်ထားခဲ့သဖြင့် မိမိဘဝဟုခေါ်ဆို နိုင်လောက်သည့် ခရီးသွားလုပ်ငန်း အခွင့်အလမ်းများစွာရှိသော ထင်းရှူး မြို့တော်တွင် အငြိမ်းစားယူသည့်အချိန်၌ အခြေချနေထိုင်ပြီး ဤမြို့လေး၏ ခရီးသွားလုပ်ငန်းများအပေါ် အထောက်အပံ့ပြုရင်း စာရေးခြင်း၊ ဂေါက်ရိုက်ခြင်း များဖြင့်ပြီးဆုံးရန် ရည်ရွယ်ထားသော ကြောင့်လည်းဖြစ်သည်။

 

မောမြေသဘာဝ

 

ကလောမြို့သည် တစ်နှစ်ပတ်လုံး အေးမြသည့် ရာသီဥတုရှိသဖြင့် အသက် အရွယ်မရွေး၊ ဆင်းရဲ၊ ချမ်းသာမရွေး ကြိုက်နှစ်သက်ကြသည်။ ထင်းရှူးပင်များကြားမှ ဖြတ်သန်းလာသော သန့်ရှင်း လတ်ဆတ်သည့် လေများက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည်။ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်နယ်စပ်ဖြစ်သည့် နမ့်ပန် တက်ရွာမရောက်မီကပင် အကွေ့အကောက် အတက်အဆင်းများ၊ လမ်းဘေးတစ်လျှောက် အုပ်ဆိုင်းသော သစ်တောများက ခရီးသွားသူများနှင့် အကြောင်းအမျိုးမျိုးဖြင့် လာရောက်သူ အပေါင်းကို စွဲလမ်းမှုဖြစ်စေသည်။ ကားလမ်းဘေးတစ်လျှောက်တွင် ဝါး ရေတံလျှောက်များဖြင့် သွယ်တန်းကာ ရာသီမပြတ် ရေပေးဝေထားသဖြင့် တောင်ပေါ်ဒေသ တိုင်းရင်းသားတို့၏ စေတနာနှင့် ရိုးရာဓလေ့ပုံရိပ်ကို ပေါ်လွင် စေသည်။

 

မြေပြန့်လွင်ပြင်မှ ရှမ်းကုန်းပြင်မြင့်သို့ အချိုး၊ အကွေ့၊ အတက်၊ အဆင်းများဖြင့် ဖောက်လုပ်ထားသော လမ်းဖြစ်၍ ကုန်စည်ပို့ဆောင်သောယာဉ်များ၊ ခရီးသည်ပို့ဆောင်သည့် Express ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များ၏ စည်းကမ်းရှိစွာ စီတန်းမောင်းနှင်နေသည့် ယာဉ်တန်းရှည်ကို View Point များမှကြည့်လျှင် လှပသည့်ရှုခင်းအဖြစ် တွေ့မြင်ရသည်။

 

ရာသီဥတုအေးမြပြီး ထင်းရှူးပင် ပေါက်ရောက်တတ်သော အခြားဒေသ၊ မြို့များတွင် လူဦးရေ ထူထပ်လာမှု၊ မြို့ပြဆန်လာမှု၊ မြို့ဧရိယာတိုးချဲ့မှု၊ သစ်တောများကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲမှု၊ သစ်တောမြေအတွင်း အိမ်ရာအဆောက်အအုံများ ဆောက်လုပ်လာမှုများကြောင့် ထင်းရှူးပင်များ ပြုန်းတီးပျောက်ကွယ် ကုန်သည့်အပြင် ရာသီဥတု ပြောင်းလဲသည်အထိ တွေ့ရှိရသော်လည်း ကလောမြို့လေးအနေဖြင့်မူ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသအာဏာပိုင်တို့၏ ထိန်းကျောင်းမှု၊ ကလောချစ်သူများက ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းမှုများကြောင့် ကလောမြို့ မရောက်မီ ရေယားကျွေးရွာမှစတင်၍ ထင်းရှူးပင်များကို တွေ့ရှိရပြီး ဝန်းကျင်တစ်ခုလုံး ၃၆၀ ဒီဂရီ မျက်စိမြင်မြင်ရာ တွင် ထင်းရှူးပင်များအပြည့် စိမ်းညို့လျက်ရှိသည်။

 

mdn

 

ထင်းရှူးမြို့အလှ

 

ကလောမြို့လေးသည် သေးငယ်လှသော်လည်း အေးချမ်းသာယာလှပ မှုနှင့် ပြည့်စုံသောမြို့လေးဖြစ်၍ လာရောက်အပန်းဖြေသူများဖြင့် အမြဲစည်ကားလျက်ရှိသည်။ ငါးရက်တစ်ဈေး ည် ကလောမြို့၏ ထင်ရှားသော ဒေသဓလေ့ပုံရိပ်တစ်ခုဖြစ်သည်။ ဈေးနေ့တွင် ပတ်ဝန်းကျင်၊ မြို့၊ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများက ဒေသထွက်အသီးအနှံများ၊ အစားအစာများ၊ ပန်းမန်များ၊ လာရောက်ရောင်းချ ကြသလို ကလောမြို့ဒေသခံများကလည်း စားသောက်ဆိုင်များ၊ ကုန်မာဆိုင်များ၊ ကုန်စို၊ ကုန်ခြောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ဒေသထွက် အမှတ်တရပစ္စည်း အရောင်းဆိုင်များဖြင့် စုံလင်စွာဖွင့်လှစ်ရောင်းချကြသဖြင့် အလွန်စည်ကားလှသည်။ ကလော ဈေးနေ့တွင် ဒေသခံတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှု၊ ဓလေ့စရိုက်များ ကို စုံလင်စွာတွေ့ရသည်။ တိုင်းရင်းသားများက ကတ်ဆက်ကြီးများကို ပခုံးပေါ်ထမ်း၍လမ်းလျှောက်ရင်း သီချင်းများကို အတန်ငယ်ကျယ်လောင်စွာ ဖွင့်ကြသည်။ ၎င်းတို့စိုက်ပျိုးသော အသီးအနှံများကို ရောင်းချကြသည်။ အသီးအနှံ ရောင်းချရရှိသောငွေများဖြင့် လိုအပ်သော ကုန်ပစ္စည်းများကို ဝယ်ယူကြသလို လာရောက်ရောင်းချသူ အချင်းချင်းလည်း ကုန်ပစ္စည်းဖလှယ်တတ်ကြသည်။

 

ကိုဗစ်-၁၉ မတိုင်မီကာလ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များသည် ကလောမြို့လေးသို့ မရောက်ဖူးသော လူစိမ်းများအတွက် နိုင်ငံခြားသားများ နေထိုင်သောမြို့လားဟု အမေးခံရသည်အထိ ကမ္ဘာလှည့် ခရီးသည်များ များပြားခဲ့သည်။ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်း ခရီးသွားဧည့်သည်များဖြင့် စည်ကား လှသည့် ထင်းရှူးမြို့တော်အဖြစ် မှတ်ကျောက်တင်ထားနိုင်ခဲ့သည်။ ခရီးသွား ဧည့်သည်များအနေဖြင့် ကလောမြို့တွင်း လည်ပတ်ခြင်း၊ ကလောမြို့အနီးဝန်းကျင် Trekking ခရီးစဉ်များဖြင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များ လေ့လာခြင်းများကို ဆောင်ရွက်ကြသကဲ့သို့ ကလောမြို့ကို ဗဟိုပြု၍ မဂွေဆင်စခန်း၊ ဗျိုက်တောင်၊ အိုးစည်တောင်၊ မှိုင်းလုံးတောင်၊ ရေယောင်းမ View Point၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး၊ ကျောက်တစ်လုံး(ကက္ကူ)၊ ဟိုပုံးမြို့များ သို့ လည်ပတ်ကြသည်။

 

အထူးသဖြင့် ကလောမြို့မှ ခြေကျင် ခရီးဖြင့်လည်ပတ်သော Trekking ခရီးစဉ်များကို ဥရောပနိုင်ငံသားများ အလွန်ကြိုက်နှစ်သက်ကြသည်။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များက တစ်ရက်လျှင် ကမ္ဘာ လှည့်ခရီးသည် ၂၀၀ ခန့် ကွန်ရက်သဖွယ် လွန်းထိုးသွားလာခဲ့သော Trekking ခရီးစဉ်များကြောင့် ဒေသနေပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်ခဲ့သလို တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝအခြေအနေများလည်း တိုးတက်ခဲ့သည်။

 

mdn

 

ကမ္ဘာလှည့်ခရီးသည်များအကြိုက်

 

ကလောမြို့မှ ဓနု၊ ပလောင်၊ တောင်ရိုးကျေးရွာများသို့ သွားရောက်မှု များသော Trekking လမ်းကြောင်း ခြောက်ခုရှိကြောင်း လေ့လာသိရှိရသည်။ ပထမလမ်းကြောင်းမှာ ကလော- ကလောဗျူးပွိုင့်- ကလော ခြောက်နာရီ ခန့်ကြာခရီးစဉ်ဖြစ်သည်။

 

ဒုတိယ Trekking လမ်းကြောင်းမှာ ကလော- မြင်းက- ပိန္နဲပင်- ကလော လမ်းကြောင်းဖြစ်သည်။ ဤခရီးစဉ်မှာ ခရီးစဉ်အစမှ အဆုံးအထိ ခုနစ်နာရီခန့် ကြာမြင့်သည်။

 

တတိယ ခရီးစဉ်လမ်းကြောင်းမှာ ကလောဝန်းကျင်တစ်ပတ် တစ်နေ့တာ ခြေကျင်ခရီးဖြစ်သည့် ကလော- လူ့ပြင် ကျေးရွာ- တောင်ကြီးချေ - မြင်းမထိ- မှိုင်းလုံးတောင် - ကလောခရီးစဉ် ဖြစ်သည်။

 

စတုတ္ထခရီးစဉ်မှာ ကလောမြို့မှ အင်းလေးကန်သို့ နှစ်ညအိပ်သုံးရက် Trekking ခရီးစဉ်ဖြစ်သည်။ ခရီးစဉ် ပထမရက်တွင် ကလောမြို့မှ ခြောက် နာရီကြာ လမ်းလျှောက်ခရီးဖြစ်သည့် ကလော View Point- ရေအေးကန်- မြင်းတိုက်ဘူတာ- ရွာပုရွာခရီးစဉ်ဖြစ်ပြီး ရွာပုရွာ၌ ညအိပ်ရပ်နားသည်။

 

ဒုတိယရက်တွင် ရွာပုရွာမှ ဓနု တိုင်းရင်းသားကျေးရွာ သုံးရွာကို တောင်စဉ်တောင်ကြားများမှ ဖြတ်သန်း ပြီးနောက်ဆုံး ကုန်းလှကျေးရွာ၌ ညအိပ် ရပ်နားသည့် ခုနစ်နာရီကြာခရီးစဉ် ဖြစ်သည်။

 

တတိယရက်တွင် ကုန်းလှရွာ- ကျောက်စုရွာ- နန်းယုတ်ရွာ- တုန်းလယ် ရွာ၊ ထိုရွာမှတစ်ဆင့် အင်းလေးကန်ကို စက်လှေဖြင့် ဖြတ်ကျော်၍ ညောင်ရွှေတွင် ညအိပ်ရပ်နားကာ အခြားမြို့များသို့ ထွက်ခွာခြင်း (သို့မဟုတ်) ကလောသို့ ပြန်လည်ဝင်ရောက်ခြင်းဖြစ်သည်။

 

ပဉ္စမ Trekking ခရီးစဉ်မှာ နှစ်ညအိပ် သုံးရက်ခရီးစဉ်ဖြစ်သည်။ ပထမရက်တွင် အချိန်ခြောက်နာရီခွဲ ကြာမြင့်ပြီး စတုတ္ထခရီးစဉ်လမ်းကြောင်း၏ ပထမ နေ့ရက် Trekking ခရီးစဉ်ကဲ့သို့ပင် ကလောဗျူးပွိုင့်- ရေအေးကန်- မြင်း တိုက်ဘူတာ- ရွာပုရွာ- စကြ်ာကုန်း ကျေးရွာ- (သို့မဟုတ်) တောင်လားဓနု ကျေးရွာများသို့ သွားရောက်ခြင်းဖြစ်သည်။

 

ဒုတိယရက်တွင် တောတွင်းခရီး ခုနစ်နာရီကြာမြင့်သည့် လင်းပန်းရွာ- ကျောက်စုရွာ- နန်းတိုင်းရွာ - ပတ္တူ ပေါက်ရွာခရီးစဉ်ဖြစ်ပြီး ပါတုရွာတွင် ညအိပ်ရပ်နားခြင်းဖြစ်သည်။

 

တတိယရက်တွင် စတုတ္ထခရီးစဉ် လမ်းကြောင်း၏ တတိယရက်ခရီးစဉ် အတိုင်း ညောင်ရွှေသို့ ရောက်ရှိရပ်နား ပြီး အခြားမြို့များသို့ ထွက်ခွာခြင်း (သို့မဟုတ်) ကလောသို့ ပြန်လည် ဝင်ရောက်ခြင်းဖြစ်သည်။

 

ဆဋ္ဌမ Trekking ခရီးစဉ်မှာ တစ်ည အိပ် နှစ်ရက်ခရီးစဉ်ဖြစ်ပြီး ကလော- အင်းလေးခရီးစဉ်ဖြစ်သည်။ ပထမရက် တွင် ကလော- လမိုင်း- ပင်နွယ်- ပေါကီ- ကုန်းလကျေးရွာများသို့ သွားရောက်ကာ တိုင်းရင်းသားအိမ်များတွင် တည်းခို ရပ်နားကြသည်။

 

ဒုတိယရက်ခရီးစဉ်မှာ ကျောက်စု- နန်းရုတ် - တုန်းလယ်ကျေးရွာမှတစ်ဆင့် စက်လှေဖြင့် ညောင်ရွှေသို့ သွားရောက် ကာ ညောင်ရွှေတွင် ရပ်နားပြီး အခြား မြို့များသို့ ထွက်ခွာခြင်း (သို့မဟုတ်) ကလောသို့ ပြန်လည်ဝင်ရောက်ခြင်းဖြစ်သည်။

 

mdn

 

ကမ္ဘာလှည့်ခရီးသည်များနှင့် ခရီးသွားခြင်းကို မြတ်နိုးကြသော ပြည်တွင်း ခရီးသွားများက ဤ Trekking ခရီးစဉ်များကို စဉ်ဆက်မပြတ်သွားလာမှုများကြောင့် ခရီးစဉ်လမ်းကြောင်းကွန်ရက်များအတွင်း အသွား/ အပြန်များဖြင့် လူးလာခေါက်တုံ့ သွားလာခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်သော ကိုဗစ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားသကဲ့သို့ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းများ ဆက်တိုက်ခံစားခဲ့ရသည့် ကပ်ရောဂါသက်တမ်းကာလ နှစ်နှစ်ကျော်အတွင်း လုပ်ငန်းများ၊ ကုမ္ပဏီများ ရှင်သန်ရပ်တည်နိုင်ရေ အတွက် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံ လာခဲ့သော Tourism Industry Professional ဘဝမှ အခြားသင့်လျော်ရာ စီးပွားရေးလုပ်ငန်းများသို့ ပြောင်းလဲ လုပ်ကိုင်ခဲ့ကြရသည်ကို တွေ့ရှိရသည်။

 

ကိုဗစ်အလွန်ပြန်လည်သက်ဝင်စေရန်

 

ကျွန်တော်ချစ်သော၊ နှစ်သက်သော ကမ္ဘာလှည့်ခရီးသည်များမြို့ (တစ်နည်းအားဖြင့်) ခရီးသွားမြို့ဖြစ်သည့် ကလောမြို့လေးသည် ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းခရီးသွား ဧည့်သည်များ လာရောက်မှု ရပ်တန့်သွားသည့်အတွက် သင်္ကြန်ကာလ ကလောမြို့သို့ ရောက်ရှိစဉ် ခရီးသွားမိတ်ဆွေများကို ကလော Trekking ခရီးစဉ် သွားရောက်နိုင်ပြီဖြစ်ကြောင်း ဖိတ်ခေါ်ပြသလိုစိတ်ဖြင့် နာမည်ကြီးလှသည့် ကလော Trekking ခရီးစဉ်ကို ကွင်းဆင်းလေ့လာ တင်ပြရန် စီစဉ်ဖြစ်ခဲ့သည်။

 

ခရီးစဉ်မှာ မိမိတစ်ယောက်တည်း ဖြစ်နေ၍ စိတ်တူကိုယ်တူ အတွဲညီကြသည့် ငယ်ပေါင်းမိတ်ဆွေ ကိုမျိုးသန့်နိုင် က အတူလိုက်ပါပေးသည်။ အခြေအနေ အချိန်အခါအရ လိုက်လံပို့ဆောင်ပေးမည့် Regional Guide ကိုလည်း နေထိုင်ရာလိပ်စာ၊ ကိုယ်ရေးအချက် အလက်၊ လုပ်ငန်းအတွေ့အကြုံများ သေသေချာချာမေးမြန်းစိစစ်၍ ရွေးချယ်ခဲ့ရသည်။ နှစ်နှစ်ကျော် ရပ်ဆိုင်းသွားသော Trekking ခရီးစဉ်လမ်းကြောင်း တွင် မည်သူမျှမရှိဘဲ ကျွန်တော်တို့သုံးဦးသာ တောတိုးလမ်းလျှောက် သွားကြမည်ဖြစ်၍ ဧည့်လမ်းညွှန်ကလေးက ခရီးစဉ်အသေးစိတ်ကို မသွားရောက်မီ ကျွန်တော့်အား ကြိုတင်ရှင်းပြသည်။ နှစ်ဦးဆွေးနွေးညှိနှိုင်းမှု ပြီးသည်နှင့် လမ်းခရီးတစ်လျှောက် လိုအပ်သော စားနပ်ရိက္ခာ၊ ပစ္စည်းအစုံအလင်ဖြင့် ဧည့်လမ်းညွှန်က စီစဉ်သလို ကျွန်တော်နှင့် ကိုမျိုးသန့်နိုင်တို့နှစ်ဦးကလည်း ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ကြသည်။ ကျွန်တော်က ကလောကို သွားမည်ဆိုကတည်းက Trekking ခရီးစဉ်သွားရောက်ရန် ကြိုတင်စီစဉ်ထား၍ အခက်အခဲ မရှိလှသော်လည်း မိတ်ဆွေမှာ ကလောသို့ အလည်ရောက်ရှိချိန်ဖြစ်၍ ခရီးရှည်အတွက် လိုအပ်သော ပစ္စည်းများကို သီးခြား ထပ်ဝယ်ရသည်။

 

ကျွန်တော်တို့သုံးဦး နံနက် ၆ နာရီခွဲ တွင် စုရပ်ဖြစ်သော ကလောဘူတာ၌ ဆုံကြသည်။ ထို့နောက် အရှေ့ဗိုလ်ကုန်းရှိ တောင်စောင်း၊ တောင်ကြောများတွင် ဆောက်လုပ်ထားသည့် ဥရောပဆန်ဆန် အဆောက်အအုံများ၊ သက်တမ်းရှည် အဆောက်အအုံများ၊ ထင်းရှူးပင်များ၊ ဝက်သစ်ချပင်များကြားမှ စတင်လျှောက်လှမ်းကြသည်။ နံနက်စောစော အအေးဓာတ်နှင့် တောင်ကြားမှပတ်၍ တိုးဝင်လာသော လေကြောင့် ဝတ်ဆင်လာသောအနွေးထည်က အအေးဒဏ်ကို ကာကွယ်နိုင်သော်လည်း မျက်နှာသို့ ထိတွေ့လာသည့် နှင်းမှုန်များကတော့ သူစိမ်းဆန်လှသည်။ နှင်းမှုန်များ ထူထဲမှုကြောင့် မျက်စိရှေ့ ပေ ၅၀ ခန့် ကို မမြင်ရသော်လည်း နှစ်ပေခန့်သာ ကျယ်သော လူသွားလမ်း မြေနီနီကို အာရုံစိုက်ကြည့်ပြီး တစ်ဦးနှင့်တစ်ဦး အသံပေးကာ လျှောက်ခဲ့ကြသည်။ ခြေချော်ပါက တောင်စောင်းအတိုင်း လိမ့်ဆင်းသွားနိုင်ပြီး လိမ့်ဆင်းသွားလျှင်လည်း ပြန်တက်ရမည့်အခြေအနေ မှာ မလွယ်လှ။

 

လက်တွေ့ခရီးကြမ်းခရီးစဉ်

 

တောင်ပတ်လမ်း၊ တောင်ကြော၊ တောင်ဆင်း၊ တောင်တက်ခရီးကြမ်းဖြင့် တစ်နာရီကျော် ခရီးပေါက်သည့်အချိန် တွင် ချွေးအနည်းငယ်ထွက်လာသည်။ နေရောင်က တောင်ကို မကျော်နိုင်သေး ၍ အနွေးဓာတ်ကို မခံစားရသေးသော်လည်း ချွေးဖြင့်ကပ်နေသည့် အနွေးထည်ကို ချွတ်ကာ ကျောပိုးအိတ်ထဲသို့ ပြောင်းထည့်ပြီး ရေတစ်ငုံသောက်ဖြစ်သည်။ ဧည့်လမ်းညွှန်က ကျောပိုးအိတ် အတွင်း ကြိုတင်စီစဉ်လာသည့် ပေါင်မုန့်နှင့် ငှက်ပျောသီးကို နံနက်စာအဖြစ် ကျွေးသဖြင့် လမ်းလျှောက်ရင်းနှင့်ပင် စားဖြစ်သည်။ ကလော Trekking ခရီး စဉ်ကို ပထမဦးဆုံးအကြိမ် သွားရောက် ခြင်းဖြစ်၍ ဧည့်လမ်းညွှန်နှင့် Trekking ခရီးစဉ်အတွေ့အကြုံ၊ လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်အမျိုးအစားနှင့် ၎င်းတို့၏ အလေ့အထများအကြောင်း ကို စူးစမ်းမေးမြန်းရင်း မှတ်တမ်းလည်းတင်၊ ဗီဒီယိုလည်းရိုက်၊ Live လည်းလွှင့်ရင်း ခရီးသွားမိတ်ဆွေများအား ခရီးစဉ် အခြေအနေများကို အသိပေး ဝေငှခဲ့သည်။

 

ခရီးစဉ်တစ်လျှောက်ရှိ ရွာများမှာ လူ့ပြင်ရွာ၊ ရှားပင်ရွာ၊ ရွာပုရွာ၊ ပြင်သာရွာ၊ မြင်းတိုက်ရွာ၊ မြင်းစိုင်းကုန်းရွာများဖြစ်ပြီး ဓနုတိုင်းရင်းသားကျေးရွာများ ဖြစ်သည်။ ဟင်းစားကုန်းရွာမှာ ပလောင် တိုင်းရင်းသား ကျေးရွာဖြစ်သည်။ တိုင်းရင်းသားများဖြစ်၍ ရိုးသားကြသည်။ ဖော်ရွေကြသည်။ ဖြူစင်ကြသည်။ ရောက်ရှိသည့်ရွာတိုင်းက ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှု အတွေ့အကြုံ ရှိပြီးဖြစ်၍ အပြုံးဖြင့် နှုတ်ဆက်ကြသည်။

 

လမ်းလျှောက်ချိန် လေးနာရီခန့် အကြာ နံနက် ၁၁ နာရီတွင် ရှားပင်ရွာ သို့ရောက်ရှိပြီး ဓနုရိုးရာအိမ်တွင် ခေတ္တရပ်နားကာ အမောဖြေကြသည်။ ဧည့်လမ်းညွှန်က အသင့်ဝယ်ယူလာသော ခေါက်ဆွဲ၊ အသား၊ ဟင်းသီးဟင်းရွက်များဖြင့် နေ့လယ်စာကို ကိုယ်တိုင် ချက်ပြုတ်နေချိန်တွင် အိမ်ရှင်တို့က ရေနွေးကြမ်း၊ နေကြာစေ့တို့ဖြင့် ဧည့်ခံသည်။ နေ့လယ်စာကို ဖွယ်ဖွယ်ရာရာ မဟုတ်သည့်တိုင် လိုအပ်သည်ထက် ပိုမိုစုံလင်ကာ ချိုမြိန်လှသည်။

 

ထို့နောက် ဆက်လက်၍ တစ်ရွာပြီး တစ်ရွာ ခရီးဆက်ခဲ့ကြပြီး တွေ့သမျှ တိုင်းရင်းသားများနှင့် စကားပြောဖြစ်သည်။ ဓနုတိုင်းရင်းသားများမှာ အသက်အရွယ်ကြီးရင့်သော်လည်း အပင်ပန်းခံ နိုင်ကြသည်။ နေ့စဉ်လှုပ်ရှားရုန်းကန်မှုနှင့်အတူ ဆိုးဆေးနှင့် ဓာတ်မြေဩဇာများ ပါဝင်မှုမရှိသော လတ်ဆတ်သည့် အသီး အနှံများ စားသုံးခြင်းနှင့် ရာသီဥတုမျှတကောင်းမွန်ခြင်းကြောင့် အသက်ရှည်စွာ နေထိုင်နိုင်ကြသည်ကို တွေ့ရသည်။ ကလေးငယ်များကို ကျောပိုး၍ ခုနစ်မိုင် ခန့်ဝေးသော ကလောမြို့သို့ သွားရောက်ကာ ဒေသထွက်အသီးအနှံများကို ရောင်းချခြင်း၊ လိုအပ်သောကုန်ပစ္စည်း များ ဝယ်ယူခြင်းတို့ကို ပြုလုပ်နိုင်ကြသည်။

 

မြင်းတိုက်ဘူတာသို့ ရောက်ရှိစဉ် ၁၉၈၇ ခုနှစ်က မီးရထားလမ်းလုံခြုံရေးအတွက် စခန်းထိုင်နေခဲ့ရသည်ကို ပြန်ပြောင်းအမှတ်ရစေသည်။ သာစည်မှ ကလော၊ ရွှေညောင်သို့ မီးရထားဖြင့် ခရီးသွားရောက်သူများအဖို့ နာမည်ကြီး ထင်ရှားသော မြင်းတိုက်၊ ဆင်တောင်၊ ခွေးရုပ်ဘူတာများနှင့် ပထမလွန်းထိုး၊ ဒုတိယလွန်းထိုး၊ တတိယလွန်းထိုး၊ စတုတ္ထလွန်းထိုးနေရာများကို ကြုံတွေ့ရ မည်ဖြစ်သည်။ ခရီးစဉ်အတွင်း တောင်ထိပ်မှမြင်တွေ့ရသော လှေကားထစ် စိုက်ခင်းများ၊ မြေပြန့်လွင်ပြင်နှင့် လွင်ပြင်အဆုံးသတ်ရှိ နောက်ခံတောင် စဉ်တောင်တန်းများ၏ ရှုခင်းများက ကြည့်မြင်ရသူကို မှင်သက်စေသည်။ လမ်းတစ်လျှောက်ရှိ ထင်ရှူးရနံ့၊ ခံပန်းရနံ့များက အမောပြေစေသည်။ မိုးရွာထား၍ မိုးကြိုပန်းလေးများနှင့် စွယ်တော်ပန်းလေးများကိုလည်း လမ်းဘေးဘယ်ညာ တစ်ဖက်တစ်ချက်တွင် လှပစွာအစီအရီရောင်စုံတွေ့ရသည်။

 

ပလောင်တောင်သို့

 

လျှောက်ခဲ့သည့် ခရီးစဉ်က ၁၀ မိုင် ကျော်ပြီဖြစ်၍ အသက်အရွယ်အရ ခြေကုန်လက်ပန်းကျ အတော်မောဟိုက် နေပြီဖြစ်သော်လည်း အလွန်သွားရောက် လိုသည့် ပလောင်တောင်သို့ မရောက် သေးသဖြင့် နောက်ထပ် သုံးမိုင်ခန့်ဝေးသည့် ဟင်းစားကုန်းကျေးရွာ (ပလောင်တောင်) သို့ တက်မည့်လမ်းကို ရွေးချယ်တက်ရောက်ခဲ့ကြသည်။ ဟင်းစားကုန်း ကျေးရွာကို တောင်ထိပ်တွင် တည်ထားသဖြင့် အလွန်သာယာလှပသည်။ နှစ်နှစ်ခန့် ခရီးသည်များလာရောက်မှု မရှိတော့၍ ရောက်ရှိလာသော ကျွန်တော်တို့ကို ပလောင်တိုင်းရင်းသားများက အထူးအဆန်းသဖွယ် ကြိုဆိုကြသည်။ ကျွန်တော်တို့နှင့် စကားလာပြောကြသည်။ ပလောင်တိုင်းရင်းသားများ၏ အဓိက အသက်မွေးဝမ်းကျောင်းမှာ လက်ဖက်စိုက်ပျိုး ရောင်းချခြင်းဖြစ်သည်။ ပလောင်တိုင်းရင်းသူများမှာ အသက် (၁၅)၊ (၁၆) နှစ်အရွယ်တွင် ဓလေ့ ထုံးတမ်းစဉ်လာအရ အိမ်ထောင်ပြုကြသည်။ တော၊ တောင်ထဲတွင်နေကြသော်လည်း အသားအရေဖြူဖွေးပြီး ချောမောလှပကြသဖြင့် နိုင်ငံခြားသူနှင့်ပင် မှားနိုင်လောက်သည်။

 

ခရီးသွား ခေတ်ကောင်းစဉ်က ပလောင်ရိုးရာအကများ ဖျော်ဖြေခြင်း၊ ပလောင်အစားအစာများ ဧည့်ခံခြင်း၊ ပလောင်ဂျပ်ခုတ်လုပ်ငန်းများ ပြသခြင်း၊ လက်ဖက်လုပ်ငန်း ပြသခြင်းတို့ဖြင့် ဧည့်သည်များကို ဆွဲဆောင်နိုင် ခဲ့ကြသည်။ ပလောင်တောင်မှအဆင်း တောင်ကြောအကွေ့တွင် Trekking သမားများ စွဲမက်နှစ်သက်ကြသည့် ပလောင်တောင် View Point ကို ရောက်သည်။ ပလောင်တောင် View Point မှာ ကိုဗစ်ကာလ နှစ်နှစ်ကျော် စွန့်ပစ်ထားကြသည်ဖြစ်၍ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေပြီဖြစ်သည်။ ခြောက်ကပ်နေသော View Point အဆောက်အအုံများကို ကြည့်ရင်း စိတ်မချမ်းမြေ့စွာ ခံစားမိ သည်။ ဧည့်လမ်းညွှန်၏ ပြောပြချက်အရ ယခင်က ဤနေရာတွင် ကမ္ဘာလှည့် ခရီးသည်များဖြင့် စည်ကားစွာဖြစ်တည် နေမှုကို အတွေးနှင့် မြင်ယောင်ကြည်နူး မိသည်။

 

ပလောင်တောင် View Point အဆင်း ကလောရောက်ရှိရန် သုံးမိုင် ခန့်အလိုတွင် Kalaw View Point ကို ရောက်သည်။ သင်္ကြန်ပိတ်ရက်ဖြစ်၍ နယ်အသီးသီးမှ ကလောမြို့သို့ လာရောက်ကြသော ပြည်တွင်းခရီးသည် များက ညနေဆည်းဆာနေဝင်အလှကို ကြည့်ရှုခံစားရင်း အပန်းဖြေရန် Kalaw View Point သို့ ရောက်ရှိနေကြသဖြင့် ခရီးသွားသက်ဝင်မှုကို တွေ့ရှိရသည်။

 

ကလောဘူတာလမ်း နေအိမ်ပြန် ရောက်တော့ မိုးစုပ်စုပ်ချုပ်ပြီဖြစ်သည်။ လက်ကိုင်ဖုန်းမျက်နှာပြင်ရှိ All Health Data က ယနေ့လျှောက်ခဲ့သောခြေလှမ်း ပေါင်း ၄၄၄၇၃ လှမ်းနှင့် ညီမျှသည့် မိုင် ပေါင်း ၂၈ ဒသမ ၉ ကီလိုမီတာကို ပြသ နေသည်။ ခဏအနားယူပြီး တစ်နေ့တာ လမ်းလျှောက်ခဲ့မှုကို ရေနွေးနှင့်ရေချိုး၍ အကြောပြေလျော့စေကာ ညစာထမင်း စားအပြီး အိပ်ရာဝင်ခဲ့သော်လည်း Trekking လမ်းကြောင်းများ ဖွံ့ဖြိုးရေး အတွက် ပြင်ဆင်ဆောင်ရွက်သင့်သည် များကို တွေးတောစဉ်းစားရင်း ကလော မြို့လေးနှင့်အတူ ကလော Trekking လမ်းကြောင်းများတွင် ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းခရီးသွားများ စည်ကားစေချင်လှသည့် စိတ်က တော်တော်နှင့်အိပ်မပျော်ခဲ့။

 

ခရီးသွားမြို့

 

ထင်းရှူးမြို့တော် ကလောမြို့ လေးအား သန့်ရှင်းသာယာလှပပြီး အပန်းဖြေတောင်ပေါ် ခရီးသွားမြို့ (Smart Tourism City) ဖြစ်စေရန်အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန် မှာကြားထားသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း ကလောမြို့အား ခရီးသွားမြို့ အကောင်အထည်ဖော်ရေး ကော်မတီဖွဲ့စည်းပြီး ကလောမြို့ခရီးသွား လုပ်ငန်း ပင်မစီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်အတွက် ပဏာမစိတ်ဝင်စား မှုအဆိုပြုလွှာ (EOI) ခေါ်ယူဆောင်ရွက် ခဲ့ရာ EOI အောင်မြင်သော ကုမ္ပဏီက ပင်မစီမံကိန်းရေးဆွဲလျက်ရှိသည်။ ပင်မစီမံကိန်းတွင် ပါဝင်သောလုပ်ငန်းစဉ်များအတိုင်း အဆင့်လိုက်ဆောင်ရွက် သွားမည်ဖြစ်၍ မကြာသောကာလများတွင် ကလောမြို့လေးသည် ခရီးသွား လုပ်ငန်းဖြင့် ထင်ရှားကျော်ကြားကာ နိုင်ငံတကာအလယ်တွင် ပွင့်လန်းလာဦးမည်ကို မြင်ယောင်နေမိပါတော့သည်။ ။