အင်ဒိုနီးရှားနိုင်ငံ၌ ဘောလုံးပွဲစဉ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ၁၂၅ ဦးထက်မနည်း သေဆုံး

 

ဂျကာတာ   အောက်တိုဘာ ၃

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မာလန်းမြို့၌ အောက်တိုဘာ ၁ ရက်က ပြည်တွင်းဘောလုံးပြိုင်ပွဲတွင် ရန်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟုသိရသည်။ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် နယ်ခံအသင်းကို အားပေးကြသည့်ပရိသတ်များသည် အတားအဆီးများကို စတင်ကျော်လာသည့်အတွက် ရဲများက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့ရသည်။

 

အရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီး ရုန်းရင်းဆန်ခတ်မှုဖြစ်

 

လူအုပ်ကြားထဲအနင်းခံရခြင်းနှင့် မွန်းကျပ်ခြင်းတို့ကြောင့် ပွဲကြည့်ပရိသတ်နှင့် ရဲအရာရှိအပါအဝင် စုစုပေါင်း ၁၂၅ ဦးသေဆုံးခဲ့ရပြီး ၁၈၀ မှာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှေ့ဂျာဗားအခြေစိုက် အရီမာအက်ဖ်စီအသင်းမှာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် အဆိုပါအသင်း၏ ပရိသတ်များသည် ရုန်းရင်းဆန်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်

 

အဆိုပါလူစုကို ရပ်တန့်ရန်အတွက် ရဲများကမျက်ရည်ယိုဗုံးပစ်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် လူများက ထွက်ပေါက်သို့ အလျင်အမြန်သွားကြသည့်အတွက် လူနင်းခံရမှုများ၊ မွန်းကျပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် ကပြောသည်။

 

အင်န်အိတ်ချ်ကေ