စားသုံးဆီနဲ့ စက်သုံးဆီ ချွေတာကြမယ်ဆိုရင်

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

 

(ယမန်နေ့မှ အဆက်)

 

မော်တော်ကားတွေသာမက ကျောက်မီးသွေး သုံး စက်ရုံတွေမှာလည်း နည်းပညာတွေ မြင့်မားလာ တဲ့အတွက် ဂျပန်၊ ဂျာမနီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွေမှာ ကျောက်မီးသွေးသုံးစက်ရုံကို ၂၀၄၀ ပြည့် နှစ်ထိ ဆက်လက်အသုံးပြုမယ်လို့ သိရပါတယ်။ လျှပ်စစ်စွမ်းအင်ထုတ်ရာမှာ  အမေရိကန်၊ တရုတ်၊  အိန္ဒိယ၊ ဥရောပနဲ့ဂျပန်နိုင်ငံတို့ဟာ ကျောက်မီးသွေး၊ ရေနံ၊ အဏုမြူစွမ်းအင်နဲ့ ရေအားလျှပ်စစ်စွမ်းအင် အရင်းအမြစ်ကိုအခြေခံပြီး လျှပ်စစ်ဓာတ်ကို ထုတ်ကြရပါတယ်။ လျှပ်စစ်နဲ့ပဲ   ပစ္စည်းမျိုးစုံကို ထုတ်၊ အလုပ်လုပ်ကြပါတယ်။

 

နေရောင်ခြည်သုံးလျှပ်စစ်

 

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ကတရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ၅-၁၀ ရာခိုင်နှုန်းသော အိမ်ရာ အဆောက်အအုံတွေအတွက် နေရောင်ခြည်သုံးပြီး လျှပ်စစ်ထုတ်ဖို့စီမံခဲ့တာလည်း တွေ့ရပါတယ်။ ပေကျင်းမြို့တော်က တစ်သန်းသော အိမ်ရာမိသားစုအတွက် ကျောက်မီးသွေးလောင်စာအစား နေရောင်ခြည်က စွမ်းအင်ကို သုံးသွားခြင်းဖြင့် လေထုတွင်း ရောက်သွားမယ့် ကာဗွန်မိုနောက်ဆိုက် (CO) တန် ၇ ဒသမ ၇ သန်း လျှော့ချနိုင်ခဲ့ပါတယ်။  ၁၀ နှစ် အတွင်းမှာ ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တန်ချိန် ၃၅၀၀၀ နဲ့ ဖုန်မှုန့်  အမှုန်တန် ၁၁၀၀၀ တို့ကို  လျှော့ချနိုင်ခဲ့ပါတယ်။ ဒါဟာ လေထု ညစ်ညမ်းမှု ကင်းဝေးရေး မဟာစီမံကိန်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

 

တစ်နည်းအားဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ် ပမာဏ တစ်နာရီမှာ ကီလိုဝပ် ၆ဘီလီယံကို ချွေတာနိုင်ခဲ့ပါတယ်။ မြန်မာတို့ဟာ စားသုံးဆီ၊ စက်သုံးဆီ၊ လျှပ်စစ်ထိ အရာရာမှာ အလေအလွင့် အဟောသိကံ မဖြစ်ဖို့၊ ချွေတာဖို့ ဆက်လက်ကြိုးပမ်းနေကြရမှာ ဖြစ်ပါတယ်။  

 

ဥပမာ တောင်ပေါ်ဒေသတွေမှာသုံးတဲ့ စက်သုံး ဆီဟာ ၉၂ ပဲ ဖြစ်ရမယ်လို့ ဓာတုဗေဒသဘောအရ သိရှိရပါတယ်။၉၅ဖြစ်ဖို့ မလိုအပ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ တောင်ပေါ်ဒေသလေထုဟာ အောက်ဆီဂျင် နည်းပါးပါတယ်။

 

ဒါကြောင့်  ၉၅  အောက်တိန်းဓာတ်ဆီဟာ စွမ်းအားရှိသလောက် မလောင်ကျွမ်းလို့  အလေအလွင့်များပါတယ်။ ၉၂  အောက်တိန်းကတော့ တောင်ပေါ်ဒေသတွေမှာ အသင့်တော်ဆုံး ဓာတ်ဆီ လောင်စာဆီဖြစ်ပါတယ်။  ဒါကြောင့်  တောင်ပေါ် ဒေသတွေမှာ ကားကောင်းစီးကြသူတွေဟာ  ၉၂ ဓာတ်ဆီဆိုရင်  လုံလောက်ပါပြီ။ ၉၅ Ron ဖြစ်ဖို့ မလိုအပ်လို့ ကုန်ကျစရိတ်နည်းသွားမှာလို့ ပြောချင်ပါတယ်။  

 

အမေရိကန်တို့ဟာ စက္ကူဟောင်းတွေကို နှစ်စဉ် တန်ချိန်  ၁၈ သန်းအထိ ပြန်လည်သုံးစွဲ (Recycle) နိုင်တဲ့အတွက် ၁ ဒသမ ၁ သန်းသော သစ်တောသစ်ပင်တို့ကို ထိန်းသိမ်းနိုင်လို့ သစ်တော တွေဟာ ညို့နေပါတယ်။ များစွာသော အမေရိကန် မြို့ပြများဟာ အမျိုးသားလေထုညစ်ညမ်းမှုစံချိန် (the national air quality standards)ကို မမီနိုင်ဘဲ ဖြစ်နေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အိုဇုန်း နဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ပမာဏ လေထုအရည် အသွေးအညွှန်း (Air Quality Index Values 0-50) အကောင်းဆုံး သုညမှ ၅၀ ကို မရောက်နိုင်သေးတာပဲ ဖြစ်ပါတယ်။

 

၅၁ မှ ၁၀၀ ဆိုရင် အတော်အသင့်ကောင်းပြီး ၁၀၁  ကနေ ၁၅၀ အထိ  ရောက်သွားပြီဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ၃၀၁ ကနေ ၅၀၀  အထိ  လေထုအရည် အသွေးပမာဏ ရောက်ပြီဆိုရင်တော့ အန္တရာယ် အဆင့် ရောက်သွားပါပြီ။ ရန်ကုန်တို့  မန္တလေးတို့ဆို တာ အခြေအနေ ကောင်းနေပါတယ်။ ရန်ကုန်မြို့ကြီး ဟာ အဲဒီအဆင့်  ရောက်လာပြီဆိုရင်  မွန်းကျပ်၊ အသက်ရှူမဝ၊ သွားလို့လာလို့မရ ဖြစ်ပါလိမ့်မယ်။

 

ကာဗွန်မိုနောက်ဆိုက်အန္တရာယ်

 

 ကျွန်တော်တို့တစ်တွေဟာ  နေ့စဉ်နေ့တိုင်း လေကို လီတာ ၁၀၀၀၀  နဲ့ ၂၀၀၀၀ ကြားမှာ ရှူရှိုက်ပါတယ်။ သာမန်အရည်အသွေးရှိတဲ့ လေ ၁ ကုဗ မီတာလေထဲမှာ  ကာဗွန်မိုနောက်ဆိုက်  ၅၀၀၀ မိုက်ခရိုဂရမ် (5000 microgram CO per cubic meter of air) ပါဝင်လေ့ရှိပါတယ်။ သို့သော် ခဏ တဖြုတ် ဒီလိုလေမျိုးရှူရှိုက်မိရင်လည်း အန္တရာယ် မကြီးနိုင်ပါဘူး။ ဒါပေမယ့် ဒီလေမျိုးကို ရက်ရှည်လများ ရှူနေရင်တော့ တစ်နေ့မှာ ကာဗွန်မိုနောက် ဆိုက် အဆိပ်သင့်ပြီး သွေးလည်ပတ်မှု ပြတ်တောက်နိုင်ပါတယ်။

 

ကာဗွန်မိုနောက်ဆိုက်နဲ့ ဆက်စပ်တဲ့အန္တရာယ်ကို စဉ်းစားကြည့်ရင် ဒီဓာတ်ငွေ့ဟာ လေထုထဲမှာ တန်ပေါင်း သန်းချီပြီး ရှိနေပါတယ်။ ဒီလောက် များပြားသော်လည်း ဒီဓာတ်ငွေ့ရဲ့အန္တရာယ်ဟာ တစ်နေရာနဲ့တစ်နေရာ မတူညီတာ တွေ့ရပါတယ်။ တချို့နေရာတွေမှာ ဒီဓာတ်ငွေ့ပမာဏဟာ လေထုတွင်း မပြောပလောက်အောင် နည်းနေတတ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက်ဟာ စက်ချွတ်ယွင်းနေ ရင်သော်လည်းကောင်း၊ လေဝင်လေထွက် မကောင်းရင်သော်လည်းကောင်း အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ဒီဓာတ်ငွေ့နဲ့ ပတ်သက်ပြီး အန္တရာယ် မည်မျှရှိသည်ဆိုသည်မှာ ဒီဓာတ်ငွေ့ရှိနေတဲ့နေရာ မှာ မည်မျှကြာကြာ ထိတွေ့ရှူရှိုက်မိသလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။

 

ဥပမာဆိုရင် လက်တင်အမေရိကနိုင်ငံများက မြို့ကြီးတွေမှာ စုစုပေါင်း ၈၁ သန်းသော လူထုဟာ မီးခိုးတလူလူနဲ့ မွန်းကျပ်နေတဲ့လေထုမှာ နေထိုင် ကြရတယ်လို့ဆိုပါတယ်။ မြို့ကြီးပြကြီးတွေမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို သူသူငါငါရှူရှိုက်ရင်း ပျော်စရာပဲလို့ထင်နေတဲ့ လူထုထဲမှာ ခင်ဗျား၊ ကျွန်တော် ပါဝင်နေတတ်ပါလိမ့်မယ်။ ရန်ကုန်မြို့ကြီးဟာ ဒီအခြေအနေအထိ မဆိုးသော်လည်း လူစီးမော်တော်ကားတွေ များတာကြောင့် လေထုဟာ ညစ်ညမ်းလာပါတယ်။ ကာဗွန်မိုနောက်ဆိုက်နဲ့ အိုဇုန်းဓာတ်ငွေ့တို့ဟာ လမ်းသွား လမ်းလာသူတွေအတွက် အထိုက်အလျောက် အန္တရာယ်ပြုနေပေလိမ့်မယ်။ လူအများသုံး ဘတ်စ်ကားတွေ များများပြေးဆွဲနိုင်ရင် အဆိပ်ဓာတ်ငွေ့အန္တရာယ်က ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မြို့ပတ်ရထားတွေ ပိုပြီးပြေးဆွဲခြင်းဖြင့် ရန်ကုန်မြို့ကြီးရဲ့ လေထုဟာပိုသန့်ရှင်းလာပါလိမ့်မယ်။ လမ်းဘေး ဝဲယာတွေမှာ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ တွေစုပ်ယူမယ့် သစ်ရွက်ကြွေနည်းတဲ့ သစ်ပင်ပန်းပင်တွေစိုက်ခြင်းနဲ့လည်း လေထုဟာသန့်ရှင်းပြီး မြင်ရသူကြည်နူးမယ့် ပန်းအလှတွေဝေဆာနေရင် စိတ်ပူလောင်ခြင်းကင်း၊ ဒေါသကင်းတဲ့ ပတ်ဝန်းကျင်ဟာ ကိုယ့်အနီးအနားမှာ တွေ့ရမှာဖြစ်ပါတယ်။

 

အင်တာနက်ကြောင့်

 

ကမ္ဘာကြီးဟာ ကျေးရွာကြီးလိုဖြစ်သွားစေတာ အင်တာနက်ကြောင့်၊ World Wide Web (WWW) ကြောင့် နီးကပ်လာပါတယ်။ နယ်စပ်ကို ဖြတ်ကျော်နိုင်တာ တွေ့ရပါတယ်။ လူကိုယ်တိုင်သွားစရာမလိုတဲ့ လုပ်ငန်းတွေကို ပြုလုပ်နိုင်တဲ့အတွက်ကြောင့် လောင်စာဆီပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ကာ ကမ္ဘာကြီးပူနွေးမှုကိုပင် လျှော့ချနိုင်ပါတယ်။ အင်တာနက်ဟာ လောင်စာစွမ်းအင်ကိုများစွာ သက်သာစေပါတယ်။ စွန့်ဦးတီထွင်သူတွေ ကုမ္ပဏီ သစ်တွေနဲ့ လုပ်ငန်းမိုဒယ်သစ် (New Business Model) တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပေါ်လာတာတွေ့ရပါတယ်။ မြို့တွင်းဆိုင်ကြီးတွေသာမက ရန်ကုန်-မန္တလေး၊ အဝေးပြေးလမ်းမဘေးက စားသောက်ဆိုင်တွေမှာပင် တက်ဘလက် (Tablet) သုံးပြီး ကြိုက်ရာမှာစား ငွေရှင်းတဲ့စနစ်တွေဟာ ဝိုင်ဖိုင်အင်တာနက်ပေါ်မှာ တည်ထောင်တာပဲ ဖြစ်ပါတယ်။ လူရဲ့ခွန်အား စွမ်းအင်ဆိုင်ရာ များစွာသက်သာ၊ အချိန်ကုန်သက်သာစေတာ ဖြစ်ပါတယ်။ ပတ်ဝန်း ကျင် ယိုယွင်းပျက်စီးမှုဘေးက ကာကွယ်ရာ ရောက်ပါတယ်။ လူ့ပတ်ဝန်းကျင်ကို အမှီပြုပြီး သက်ရှိမှန်သမျှဟာ ရှင်သန်ကြရပါတယ်။ လူတို့ရဲ့ ဘဝအဆင့် အရည်အသွေးဟာလည်း ပတ်ဝန်းကျင်ကောင်းနေမှ မြင့်မားနိုင်မယ်။ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ဆိုတာ အခြေအနေ လွန်စွာ ကောင်းနေပါတယ်။

 

နိစ္စဓူဝကိစ္စအန္တရာယ်

 

လူဟာ မည်သည့်နိစ္စဓူဝကိစ္စမဆို လုပ်ကြရ စမြဲမို့ အန္တရာယ်ဆိုသည်ကိုလည်း မလွဲမသွေကြုံရ တတ်ပေလိမ့်မယ်။ နေ့စဉ်ပုံမှန်လုပ်နေကျ ကိစ္စတွေမှာ အန္တရာယ်ရှိကြောင်း စာရင်းအင်းပညာက ဆိုပါတယ်။ ဥပမာ မိုင်သုံးရာ မော်တော်ကားနဲ့ ခရီးနှင်ကြတဲ့ လူတစ်သန်းထဲက တစ်ယောက်သောသူဟာ ယာဉ်တိုက်မှုကြောင့် သေနိုင်ဖွယ်ရှိပါတယ်။ ကားမောင်းရင်း ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်းနဲ့ ကြုံရဖွယ်ဟာ တစ်သန်းမှာတစ်ခါကြုံရမယ်လို့ အန္တရာယ်ရှိနိုင်ခြေကို မော်တော်ကားမောင်းသူ ရှေ့ခန်းတစ်နေရာမှာ ဖော်ပြလေ့မရှိ၊ သို့သော် ဒီစာရင်းအင်းပညာအရ သိလာမှုအတွက် ကြိုတင် ကာကွယ်တဲ့အနေနဲ့ လေအိတ်ထည့်ထားတာကို ကားမောင်းသူတို့ သိရှိကြပါတယ်။

 

ဒီလိုအမှန်တကယ်ဖြစ်လာမယ့် အန္တရာယ် သာမက အန္တရာယ်ဆိုတာကို လူတို့ကမည်သို့ ထင်မြင်မှုအပေါ်မှာလည်း မူတည်ပါသေးတယ်။ ဥပမာ မော်တော်ကားမောင်းပြီး ခရီးသွားခြင်းဟာ လေယာဉ်စီးပြီး ခရီးသွားခြင်းထက် အန္တရာယ် ကြီးတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာပဲ နေ့စဉ် ယာဉ်တိုက်မှုကြောင့် လူဦးရေ ၁၀၀ အသက်ဆုံးရှုံးနေပါတယ်။ သို့သော်လည်း လူထုဟာ လေယာဉ်နဲ့ ခရီးသွားဖို့ ဝန်လေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်ပျက် ကျမှာ စိုးရိမ်လို့ပါပဲ။ အလားတူပါပဲ လူထုဟာ အဏုမြူဓာတ်ပေါင်းဖိုရှိရာတစ်ဝိုက်မှာနေရမှာ စိုးရိမ်ပူပန်ကြပါတယ်။ တကယ်တော့ လူထုဟာ ရေလွှမ်းမိုးတဲ့နေရာ သို့မဟုတ် ရေကာတာဆည် လှောင်ကန် သေးသေးလေး တစ်ဝိုက်မှာနေရတာကို စိုးရိမ်စိတ် မရှိကြပါဘူး။ တကယ်တော့ ဒီနေရာတွေမှာ နေရာတာ ပိုပြီး အန္တရာယ်များတယ် ဆိုတာ မသိကြပါဘူး။

 

တခြားသော စိုးရွံ့ကြောက်လန့်စရာ အကြောင်းအရာတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဥပမာ မီဒီယာရဲ့ ပုံဖော်သတင်းလွှင့်မှုပဲ ဖြစ်ပါတယ်။ ကံမကောင်းအကြောင်းမလှတဲ့ လေယာဉ်ပျက်ကျမှု သတင်းကို ပုံကြီးချဲ့ သတင်းထုတ်လွှင့်မှုတွေဟာ ခရီးသွားမယ့်လူထုကို ပိုချောက်ချားစေပါတယ်။ အန္တရာယ်ဖြစ်ပြီးနောက်ဝယ် လူထုရဲ့စိုးရိမ်ပူပန်မှု လှိုင်းဂယက်ဟာ ပိုလှိုင်းထလာပါတော့တယ်။

 

အန္တရာယ်ရှိနိုင်ဖွယ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအမြင် မြန်မာလူထုအမြင်ကိုလည်း အလျဉ်းသင့်သလို တင်ပြချင်ပါတယ်။ လူတစ်ဦးချင်းရဲ့ အလေ့ အကျင့်၊ အလေ့အထတွေဟာ ထိုသူအတွက်သာမက တခြားသူတွေကိုလည်း အန္တရာယ်ကြီးမားစေတဲ့ သဘောကြောင့် အန္တရာယ်ကြီးမားကြောင်းသိစေဖို့ ဥပမာ စီးကရက်သောက်ခြင်းဟာ ဥပဒေကြောင်းအရ စီးကရက်ဘူးတွေမှာ အန္တရာယ်ရှိတဲ့ တံဆိပ်ခတ်နှိပ်ထားပါတယ်။ အလားတူ ဝိုင်ပုလင်းပေါ်မှာ လည်း ၁၈ နှစ်အောက်လူငယ်တွေ မသောက်ရ၊ ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးရန်မဟုတ်လို့ အန္တရာယ်က ကင်းဝေးအောင် သတိပေးချက်တွေ တွေ့ရပါလိမ့်မယ်။ မူးရင်မမောင်းနဲ့၊ စက်ကိရိယာ တွေ နှိုးမယ်၊ မောင်းမယ်ဆိုရင် အရက်သေစာ မသောက်ရဆိုတာ ကောင်းဖို့အတွက် တားမြစ်ချက် တွေပါပဲ။ လေထုညစ်ညမ်း၊ သောက်သုံးရေဟာ အဆိပ်အတောက် အညစ်အကြေးတွေရှိနေမယ် ဆိုရင် ရာသီဥတုဟာ နှစ်ရှည်လများ ခြောက်သွေ့ နေမယ်၊ သစ်တောတွေနည်းသွားရင် သဲကန္တာရဟာ ကျယ်ပြောလာရင် လူသတ္တဝါအပေါင်းရဲ့ အသက်ဟာ အန္တရာယ်ရှိလာပါလိမ့်မယ်။

 

ကောင်းပါပြီ...ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။

 

မြန်မာတို့ဟာ စားသုံးဆီ၊ စက်သုံးဆီ၊ လောင်စာ ဆီ၊ လျှပ်စစ်အထိသုံးကြရာမှာ အန္တရာယ်နဲ့ အကျိုး ဖြစ်ထွန်းမှု ဘယ်ဟာက အလေးသာသလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ အနာဂတ်မြန်မာတို့ ကျန်းမာရေးကောင်းဖို့နဲ့ ပတ်ဝန်းကျင်ကောင်းဖို့ဆို ရင် လူထုဟာ စားသုံးဆီ၊ စက်သုံးဆီ ချွေတာလိုက် ရင် ပြဿနာတွေဟာ ပြေလည်သွားမှာ ဖြစ်ပါတယ်။ မည်သည့်ကိစ္စကိုမဆို ဉာဏ်နဲ့ယှဉ်ဆင်ခြင်ကြရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါကြောင်း ရေရှည် မြော်တွေးကြံစည်စိတ်ကူးပြီး လူ့ဘဝသာယာ ဝပြောရေး ရှေးရှုနိုင်ကြဖို့ မေတ္တာနဲ့ ရေးသားလိုက်ရပါတယ်။ ။