မိုဇမ်ဘစ်နိုင်ငံ၌ ထရပ်ကားတစ်စီးလမ်းချော်တိမ်းမှောက်မှုကြောင့်  ၁၁ ဦးထက်မနည်းသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

စက်တင်ဘာ ၃၀

 

မိုဇမ်ဘစ်နိုင်ငံအနောက်ပိုင်း တက်တီပြည်နယ် တီစန်ဂါနိုခရိုင်တွင် ယမန်နေ့က ထရပ်ကားတစ်စီး မတော်တဆ ဖြစ်ပွားမှုကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်ရေဒီယိုအသံလွှင့်ဌာနက ဖော်ပြထားသည်။

 

 ကုန်ပစ္စည်းများနှင့်ခရီးသည်များတင်ဆောင်လာသော ထိုထရပ်ကားသည် လမ်းချော်ပြီး တောင်အောက်သို့ နိမ့်ဆင်းသွားသည်ဟု ထိုဖော်ပြချက်အရ သိရသည်။

 

အဆိုပါထရပ်ကားသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တီစန်ဂါနိုခရိုင်ရဲမှူး ကာဘော့ကာဘီကာက ပြောကြားသည်။

 

 ထိုယာဉ်မတော်တဆမှုကြောင့်  ကားသမားဖြစ်သူ အသက်ရှင်ကျန်ရစ်ခြင်းရှိ၊ မရှိကိုမူ ဖော်ပြထားခြင်းမရှိပေ။

 

ယင်းထရပ်ကားသည် စိုက်ပျိုးရေးပစ္စည်းများပြသရောင်းချသောပွဲသို့ ဦးတည်သွားနေသည်ဟု ယူဆရပြီး ထိုဖြစ်ရပ်ကြောင့် ဒဏ်ရာရရှိသူများကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို