တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ကားဆက်စပ်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၉
    
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသည့် မော်တော်ကားဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၅၅၀,၀၀၀)ကို လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ၊ (Mobile) အဖွဲ့က ဝေါမြို့နယ်၊ မြဝတီ - ဘားအံ - ရန်ကုန်သွားကားလမ်း မိုင်တိုင်အမှတ် (၆၅) အနီးတွင် မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော  ဖိနပ် အစုံ(၆၁၀၀)၊ အချိုမှုန့်ထုပ် ကီလိုဂရမ်(၇၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၁၃၅,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ  Hino Profia Tractor အမျိုးအစား ‌မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀,၆၈၅,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာ လွှာ(ID)တွင် ကြေညာထားခြင်းမရှိသော ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် အချိုမှုန့်ထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၇၃,၂၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့်  နောက်တွဲ ယာဉ်ပါ  Man TGX 26440 အမျိုးအစား (၂၂)ဘီး ကုန်တင်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈,၉၇၃,၂၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။ 
    
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တပ်မတော်(ရေ)ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေပြည့်အော်ကျွန်း အနောက်မြောက်ဘက်(၃.၃)မိုင်ခန့် အကွာတွင် စက်လှေ(၁)စီးပေါ်၌  တရားမဝင်သစ်မျိုးစုံ (၆ ဒသမ ၃၁၂၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၆,၈၉၀)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် စက်လှေ(၁)စင်းနှင့် ဆက်စပ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၄၆,၈၉၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်နှင့် ၂၈  ရက်တို့ တွင် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က ရွှေဘိုမြို့နယ်အတွင်း Pajero အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ် အတွင်း တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၇၆၁,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Dyna အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၂,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ပိတောက်ခွဲသား (၄ ဒသမ ၆၇၅၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၂၈၅,၈၈၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၇,၀၄၆,၈၈၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
အလားတူ စက်တင်ဘာ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ( ၀.၉၁၆၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၈,၇၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
ထို့အတူ စက်တင်ဘာ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၂ ဒသမ ၀၀၈၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၉,၅၇၂)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
သို့ဖြစ်ပါ၍  စက်တင်ဘာ  ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉,၇၈၀,၂၇၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ 

(သတင်းစဉ်)