ပီရူးနိုင်ငံတောင်ပိုင်း၌ ထရပ်ကားတစ်စီး လမ်းချော်ပြီးချောက်ထဲကျသဖြင့် လေးဦးသေဆုံး၊ ၃၃ ဦး ဒဏ်ရာရ

စက်တင်ဘာ ၂၉

 

ပီရူးနိုင်ငံတောင်ပိုင်း ကတ်စ်ကိုဒေသတွင် စက်တင်ဘာ ၂၇ ရက် ည ၇ နာရီက ထရပ်ကားတစ်စီး အဝေးပြေးလမ်းပေါ်မှလမ်းချော်ပြီးချောက်ထဲထိုးကျသွားသဖြင့် လေးဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့က နိုင်ငံပိုင်အန်ဒီနာသတင်းအေဂျင်စီက ဖော်ပြထားသည်။

 

အဆိုပါထရပ်ကားမတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် အောက်တိုဘာ ၂ ရက်တွင် ကျင်းပမည့် ဒေသန္တရရွေးကောက်ပွဲများတွင် ဝင်ရောက်အရွေးခံမည့် ပီရူးလစ်ဘီပါတီမှကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးရေးပိတ်ပွဲသို့လာရောက်ကြသူများ ဖြစ်သည်။

 

ထိုသေဆုံးသူလေးဦးတွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ပါဝင်သည်ဟု သိရသည်။

 

ဒဏ်ရာရရှိသူများအား ယမန်နေ့မနက်စောပိုင်းအထိ ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ကယ်ဆယ်ရေးနှင့် ဘေးကင်းလုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

 

ယင်းမတော်တဆမှုဖြစ်ပွားရာခရိုင်တွင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်မှုအားလုံးကိုပိတ်ထားကြောင်း ထိုဒေသတာဝန်ရှိသူ၏ ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို