ယုံကြည်စိတ်ချရဆုံးမဟာမိတ်မှသည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ . . . 

မိုးမြင့်

ယနေ့ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းတွေ အခြေခံကအစအချိန်နှင့်အမျှ ပြောင်းလဲနေသည်ကို တွေ့ရသည်။ ဗဟိုချက်မတွေ ပြောင်းနေသည်။ အနောက်မှ   အရှေ့သို့လည်းကောင်း၊ အနောက်မှ အရှေ့ပစိဖိတ်သို့လည်းကောင်း အရွေ့များကို တွေ့မြင်နေရသည်။ ထိုသို့ တိုးတက်ပြောင်းလဲနေမှုများကို ရုရှားနိုင်ငံ ပရီမော်စကီဒေသ၊ ဗလာဒီဗော့စတော့၌ ကျင်းပသော (၇) ကြိမ်မြောက် Eastern Economic Forum တွင် အကဲဖြတ်ခွင့်ရခဲ့ကြသည်။ 

နိုင်ငံရေး၊ စီးပွားရေး၊  နည်းပညာ ငွေကြေးကဏ္ဍ များတွင် နိုင်ငံကြီးအချို့၏ လက်ဝါးကြီးအုပ်လိုမှုနှင့် ရန်လိုသည့်    ပဋိပက္ခများကြောင့်    ဖြစ်လာရသည့် ကမ္ဘာလုံးဆိုင်ရာ   စိန်ခေါ်မှုများကို  ဖြေရှင်းနိုင်ရန် " The path to a multi- polar world"  ဗဟုဝန်ရိုးဆုံ ကမ္ဘာကြီးဆီလှမ်းမည့်ခြေလှမ်းများကို    ရုရှားနှင့် တရုတ်တို့က ဦးဆောင်လှမ်းလာကြရာမှာ မြန်မာ နိုင်ငံသည်လည်း အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်လာပြီဖြစ်သည်ကို ၅-၉-၂၀၂၂  ရက်မှ ၈-၉-၂၀၂၂ ရက်အထိ လေးရက်ကြာ  ကျင်းပခဲ့သော  EEF အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက်ရော ဒေသ တွင်းနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်ပါ တာဝန် သိတာဝန်ရှိသည့် နိုင်ငံတွင်နေထိုင်ရသည့် ပြည်သူ များအနေဖြင့် ဂုဏ်ယူမိပါသည်။ 

Multi-polar world အရွေ့အတွက် gateway 
တစ်ခုဖြစ်လာနေ 

ပြန်ကြည့်လျှင် ကမ္ဘာကြီးမှာ အတ္တတွေက ကြီးစိုး နေသည်။ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် မငြိမ်းချမ်းဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ နှင့် ယူကရိန်းစစ် double crisis ကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်း တိုင်များ လမ်းချော်နေပြီး  ဆင်းရဲမှု၊   ငတ်မွတ်မှု တသီတတန်းကြီးနှင့် ရင်မောစရာအတိဖြစ်သည်။ 

ဘေးပယောဂဖန်တီးမှုများနှင့်  မပြီးနိုင်အောင် ဆွဲဆန့်ထားခြင်းခံနေရသည့် စစ်ပွဲများက ပေးနေ သော လက်ငင်းအကျိုးပေးဆိုးကျိုးများကို ကမ္ဘာ့ လူသားများ  ခါးစည်းခံနေရသည်။  ပြီးခဲ့သည့်ရက်က သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရသည်။ ရုရှား၊  တူရကီ နှင့် ကုလသမဂ္ဂတို့ ညှိနှိုင်းအစီအစဉ်ဖြင့် အငတ်ဘေး ကျရောက်တော့မည့် လူသားများအတွက် ယူကရိန်း ဆိပ်ကမ်းများမှတစ်ဆင့် ပို့လိုက်သည့် စားနပ်ရိက္ခာ တင်သင်္ဘောများကို   အီးယူနိုင်ငံအချို့က  လူသားချင်းစာနာထောက်ထားမှုကျင့်ဝတ်ကို ချိုးဖောက်ပြီး လက်ဝါးကြီးအုပ်ဖြတ်ယူလိုက်သည့်   သတင်းဖြစ် သည်။ 

ထိုကဲ့သို့သော အနိုင်ကျင့်ခံရမှုများနှင့်   ဆင်းရဲ မွဲတေမှုများကို  ဖြေရှင်းပေးနိုင်မည့်   ဖွံ့ဖြိုးမှုဆီ ဦးတည်နေသည့် ဤဖိုရမ်ကြီးသည် multi- polar world အရွေ့တစ်ခုအတွက် ဝင်ပေါက်ထွက်ပေါက် gateway တစ်ခုဖြစ်လာနေပါကြောင်း နိုင်ငံအများစု မှ ပါဝင်တက်ရောက်သူ  (၇၄ ရာခိုင်နှုန်း)က အသိ အမှတ်ပြုအားကိုးလာကြသည်ကို တွေ့ရှိရပါသည်။ 

နိုင်ငံတကာ   ပလက်ဖောင်းတစ်ခုဖြစ်လာနေသည့် EEF 2022 

ရုရှားနိုင်ငံ၌   ကျင်းပခဲ့သော  EEF 2022 ဖိုရမ် သည်    စွမ်းအင်အကျပ်အတည်း၊   စားနပ်ရိက္ခာ အကျပ်အတည်း ဆိုက်နေသော ကမ္ဘာကြီးအတွက် ဖြေဆေးတစ်ခုဟု မြင်ပါသည်။ အချို့ ဒေဝါလီခံနေ ရသည့် နိုင်ငံတချို့အတွက် ကယ်တင်ရှင် အားဆေး တစ်ခုနှယ် အားကိုးမိပါသည်။ ဖိုရမ်ကို လက်ခံကျင်းပ သော ရုရှားနိုင်ငံနှင့်အတူ အရေးယူပိတ်ဆို့မှုများနှင့် ဖိအားမျိုးစုံကို   ရင်ဆိုင်နေရသော  မြန်မာ၊  အီရန်၊  ဘီလာရုစ် စသည့်နိုင်ငံများ ပူးပေါင်းပါဝင်လာခွင့် ရရှိလာကြပြီဖြစ်သည်။ 

အိမ်ရှင်နိုင်ငံ၏   အရှေ့ဖျားဒေသများ  ဖွံ့ဖြိုး တိုးတက်ရေးနှင့်   အာရှပစိဖိတ်ဒေသ  နိုင်ငံများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက် များကြောင့်     စိန်ခေါ်မှုများကြားက    မက်ခရို ဒေသကြီး၏ အရေးပါမှုမှာ ပို၍သိသာထင်ရှားလာ ပါသည်။  မက်ခရိုဟု   တင်စားထိုက်သည်က  ရူဘယ်လ် ၂ ဒသမ ၇ ထရီလီယံတန် ရင်းနှီးမြှုပ်နှံ မှု ပရောဂျက်ပေါင်း  ၂၇၂၉ ခုနှင့်အတူ ၎င်းတို့ထဲမှ ၅၂၅ ခုမှာ ယခုအခါ စတင်အသက်ဝင်နေ၍ ဖြစ်ပါ သည်။ ဖိုရမ်က စာချုပ်ချုပ်ဆိုမှု ၂၉၀ ကျော်ကို ချုပ် ဆိုနိုင်ခဲ့ပြီး   အလုပ်အကိုင်   အခွင့်အလမ်းပေါင်း ၁၀၀၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု သိရပါသည်။ 

ကိုဗစ်ကို ကောင်းစွာထိန်းချုပ်ပြီးမှ ပထမဆုံး ကျင်းပခဲ့သော  ဤကမ္ဘာ့  EEF   ဖိုရမ်ကြီးတွင် ဧည့်သည် ၇၀၀၀ ကျော်၊ နိုင်ငံ ၆၈ နိုင်ငံမှ မီဒီယာ ကိုယ်စားလှယ်များ၊  ကမ္ဘာတစ်ဝန်း ကုမ္ပဏီပေါင်း ၇၀၀ က  လုပ်ငန်းရှင်  ၁၇၀၀ ခန့် ပါဝင်တက်ရောက် ဆွေးနွေးကြခြင်းဖြင့် ကမ္ဘာ့စီးပွားရေး လှုပ်ရှားမှုများ ၏ ဗဟိုချက်မ သို့မဟုတ် နိုင်ငံတကာ ပလက်ဖောင်း တစ်ခုသဖွယ် မြင်တွေ့နေရပြီဖြစ်ပါသည်။ 

ယုံကြည်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ထင်ဟပ်နေသည့်ဖိုရမ် 

တရုတ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ အာမေး နီးယန်းနှင့် တောင်ကိုရီးယားနိုင်ငံတို့က အတောင့် တင့်ဆုံးသော ကိုယ်စားလှယ်များဖြင့် တက်ရောက် လာခဲ့ခြင်းသည် ဖိုရမ်အပေါ်ယုံကြည်မှုကို ထင်ဟပ် စေပြီး ပူးပေါင်းဆောင်ရွက်လိုမှုများကို ပို၍တိုးတက် စေမည်ဖြစ်ပါသည်။  မြန်မာနိုင်ငံမှ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အပါအဝင် နိုင်ငံအစိုးရအဖွဲ့များမှ အဆင့်မြင့်ဆုံး အကြီးအကဲ ၁၅  ဦး ပါဝင်တက်ရောက်လာကြပြီး အိန္ဒိယ၊ မလေးရှားနှင့်  ဗီယက်နမ်ဝန်ကြီးချုပ်များက ဗီဒီယိုမှတစ်ဆင့်        နှုတ်ခွန်းဆက်သကြသည်ကို တွေ့ရသည်။

ဖိုရမ်တွင် အဓိကမဏ္ဍိုင်ခြောက်ခုကို  အဓိကထား ဆွေးနွေးခဲ့ကြသည်။   ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုတွင် ရုရှားနိုင်ငံက မည်သည့်နေရာက ပါဝင်နေပါသလဲ၊ လုပ်သားအင်အားစုကြီးကို ကမ္ဘာပေါ်မှာ ဘယ်လို ဖြန့်ခွဲကြမလဲ ၊  ငွေကြေးဈေးကွက်နှင့် လူသားများ၏ ဘဝအရည်အသွေးများကို    ဘယ်လိုဖန်တီးယူကြ မလဲ၊  ခရီးသွားကဏ္ဍ၊  နိုင်ငံတိုင်းအတွက် ပေါ်ပေါက် လာမည့်  ကိုယ်ပိုင်ကုန်သွယ်ရေးလမ်းကြောင်းနှင့် စာသင်ခန်းများမှာ         ရုရှားမျိုးချစ်လူငယ်များ မွေးထုတ်ပေးနိုင်ရေး             စသည့်ကဏ္ဍများကို စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြသည်။ 

ပါဝင်ဆွေးနွေးသူအများစုက       နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ်တစ်ခုကို    တည်ဆောက်ပြီး နိမ့်ကျနေသော စီးပွားရေးဖွံ့ဖြိုးမှုဆီ လှမ်းမျှော်နိုင် မည့် ဗဟုဝင်ရိုးတန်း ကမ္ဘာကြီးတစ်ခုဆီသို့ အလျင် အမြန်ကူးပြောင်းလိုနေကြသည်။ ထိုသို့ကူးပြောင်း နိုင်မှလည်း   စီးပွားရေးစစ်ပွဲများ၊   အချုပ်အခြာ အာဏာယိုယွင်းမှုများမှ ကာကွယ်နိုင်မည်ဖြစ်သည် ကို အားလုံးက နားလည်သဘောပေါက်ကြသည်။ သို့သော် စီးပွားရေးအရ အပြိုင်အဆိုင် ရှိရန်ကိုတော့ အားပေးထားသည်ကို တွေ့ရသည်။ 

ရင်းနှီးသော ဆက်ဆံရေးမှတစ်ဆင့် ယုံကြည်စိတ်ချ ရသော မဟာမိတ်အဖြစ်သို့ 

EEF ဆိုသော  အခွင့်အလမ်းကောင်းတစ်ခုက ရုရှားနိုင်ငံကြီး၏       ယုံကြည်စိတ်ချရဆုံးသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံကို အားအင် အသစ်များ မွေးဖွားပေးခဲ့ပြန်ပါပြီ။ ပို၍ပို၍ ရင်းနှီး သော ဆက်ဆံရေးမှတစ်ဆင့် အရင်းနှီးဆုံးသော မဟာမိတ်အဖြစ် ရပ်တည်မှု ခိုင်မာလာခြင်းပင်ဖြစ် သည်။ စစ်ဘက်၊ အရပ်ဘက်နယ်ပယ်စုံတွင် အခြေခံ အဆောက်အအုံများ၊ နည်းပညာရင်းနှီးမြှုပ်နှံမှုများ ယခုထက်တိုးပွားလာမည်ဖြစ်ပါသည်။ ကမ်းလွန် နည်းပညာ   တူးဖော်မှုနည်းပညာများ၊ အကြီးစား စက်မှုလုပ်ငန်းများ   အပါအဝင်   နျူကလီးယား နည်းပညာများကို ရယူနိုင်စွမ်းရှိလာပါတော့မည်။ ထိုနည်းပညာများမှတစ်ဆင့် အမိနိုင်ငံ၏ ပေါများ ကြွယ်ဝသော ရေနံ၊ ဓာတ်ငွေ့၊ သံ၊ သတ္တု သယံဇာတ များကို လက်တွေ့ထုတ်ယူနိုင်စွမ်းအား မြင့်မားလာ တော့မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများလာလျှင် မြန်မာနိုင်ငံက   လူငယ်လုပ်သားများ    ပြည်ပကို ထွက်၍ အလုပ်သွားလုပ်မှုများလည်း လျော့ပါးလာ မည်ဟု တွေးမိပါသည်။ အခွင့်အလမ်းကို ထိထိ ရောက်ရောက် ဆုပ်ကိုင်နိုင်ပါက ဈေးသက်သာသော မြန်မာလူငယ်လုပ်သားများစွာကို အိမ်နီးချင်း ထိုင်း တို့၊  မလေးရှားတို့က လွယ်လွယ်နှင့် ခေါင်းပုံဖြတ်၍ မရနိုင်တော့ဟု မျှော်တွေးမိပါသေးသည်။ 


ပထဝီနိုင်ငံရေး    စီးပွားရေးအရ  ဆုံမှတ်သဖွယ် အချက်အချာကျရာမြန်မာ 

မြန်မာနှင့် ရုရှားနိုင်ငံတို့ ခိုင်မာသော မဟာမိတ် တည်ဆောက်ခြင်းက သက်ဆိုင်ရာ နိုင်ငံများအပြင် မြန်မာနိုင်ငံ ပါဝင်သော ဒေသတွင်းအဖွဲ့အစည်းများ နှင့် နိုင်ငံများအပေါ်  ကြီးစွာသော အကျိုးသက်ရောက် မှုများရှိသည်ဟု မြင်ကြပါသည်။ ဤတွင် ပထဝီနိုင်ငံ ရေး၊ ပထဝီစီးပွားရေးသဘောများပါ ပါဝင်လာသည်။ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသအတွက် ရော အာရှ-ပစိဖိတ်ဒေသကြီးတစ်ခုလုံးအတွက်ပါ အရေးပါသောနိုင်ငံ ဖြစ်သည်။ 

အာရှတိုက်၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းကို အလွယ်တကူ ဝင်ထွက်နိုင်သော ဆုံမှတ်တွင်ရှိသည်။ အိန္ဒိယအတွက် အရှေ့တောင်အာရှထွက်ပေါက်နှင့် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ ဘင်္ဂလားပင်လယ် အော်ဝင်ပေါက်တွင်ရှိနေသော  ရခိုင်ကမ်းရိုးတန်း သည် အလွန်အရေးပါပြီး အချက်အချာကျသည်။ တရုတ်၏   OBOR   ပတ်လမ်း  ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံစီမံကိန်းတွင် မြန်မာနိုင်ငံ၏ အရေးကြီးသော   ပင်လယ်ဆိပ်ကမ်းများ   ပါဝင် ပတ်သက်နေသည်ကို အားလုံးကသတိပြုမိကြသည်။ ပစိဖိတ်သမုဒ္ဒရာကို ဖောက်ထွက်နိုင်သည့် ကပ္ပလီ ပင်လယ်ထွက်ပေါက်ရှိရာ တနင်္သာရီကမ်းရိုးတန်းကို ပိုင်ဆိုင်ထားခြင်းဖြင့် အရေးပါသော ကမ်းရိုးတန်း နှစ်ခုရှိနေခြင်းက   မြန်မာနိုင်ငံ၏   ပထဝီနိုင်ငံရေး အားသာချက်များအဖြစ် ပုံဖော်နေသည်။ တစ်နည်း အားဖြင့်    မြန်မာနိုင်ငံသည်   အိန္ဒိယနှင့်  တရုတ်၊ အခြားအရှေ့တောင်အာရှနိုင်ငံများအတွက် စင်္ကြံ လမ်းကြောင်းတစ်ခုတည်းတွင် ရပ်တည်နေသည်ဟု ဆိုရမည်ဖြစ်သည်။  
နိုင်ငံရေး၊  စီးပွားရေးအတွက် ပထဝီသဘော တရား   အခြေခံများက သက်ဆိုင်ရာ နိုင်ငံများ၏ မဟာဗျူဟာအကျိုးစီးပွားကို ဖော်ဆောင်ပါသည်။ “ကျွဲကူးရေပါ”၊   “ရေမြင့်  ကြာတင့်”   ဆိုသလို မိတ်ဆွေကောင်းတို့     မဟာမိတ်တို့မည်သည် ကောင်းမွန်သော အကျိုးကိုသာ ဖြစ်ထွန်းစေပါသည်။ မိမိအတွက်ရော   ဒေသတွင်းနိုင်ငံများ   အတွက်ပါ ဖြစ်သည်။     စွမ်းအင်အကျပ်အတည်းကာလတွင် ရေနံနှင့်    စွမ်းအင်ကို   ပိုင်ဆိုင်သော  နိုင်ငံကြီး တစ်နိုင်ငံနှင့် မဟာမိတ်ဖြစ်မှုသည် ရေနံလိုအပ်ချက် နှင့် ရင်ဆိုင်နေရသော ဒေသတွင်း စွမ်းအင်ပြဿနာ ကို ရေရှည်ဖြေရှင်းနိုင်ရေး အကျိုးဖြစ်ထွန်းစေပါလိမ့် မည်။   ဆိုလိုသည်မှာ    ရေနံလောင်စာသယ်ယူ ဆက်သွယ်မှုလမ်းကြောင်းများ ပိုမိုကောင်းမွန်လာ ပြီး ယခုထက်လုံခြုံစိတ်ချထိရောက်သည့်ဘက်သို့ ဦးတည်နိုင်မည့် အနေအထားတစ်ခုအထိ ရောက်ရှိ သွားနိုင်ခြင်းကို ဆိုလိုပါသည်။ 
အချုပ်အားဖြင့်တော့   ရုရှားနိုင်ငံနှင့်   အာရှ ပစိဖိတ်ရပ်ဝန်းနိုင်ငံများအကြား          စီးပွားရေး အပါအဝင် နယ်ပယ်စုံမှ ရလဒ်ကောင်းများကို EEF ဖိုရမ်က   သယ်ဆောင်ပေးတော့မည်ဖြစ်ပါသည်။ အမိမြေပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာကို ပိုင်ပိုင်နိုင်နိုင် ကာကွယ်စောင့်ရှောက်လျက် နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံး၏    စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းမှုကို   ပိုမိုဆောင်ကြဉ်းပေးနိုင်တော့မည်ဟု ယုံကြည်မိပါသည်။ 

အထူးသဖြင့်  သားစဉ်မျိုးဆက်တစ်လျှောက် မျိုးဆက်သစ်များအတွက်     မြော်မြင်ထားသည် ဆိုလျှင်လည်း မမှားပါ။ မဝေးတော့သော အနာဂတ် တစ်ခုတွင်   မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ အသက် တမျှ  အရေးကြီးသည့် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်း ရေးမှတစ်ဆင့်    မဲခေါင်နှင့်   အရှေ့တောင်အာရှ အပါအဝင် ဒေသတွင်းနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ တာဝန်သိ၊ တာဝန်ရှိ နိုင်ငံတစ်နိုင်ငံအနေဖြင့်  ပိုမို၍အထောက်အကူပြု နိုင်တော့မည်ဖြစ်ပါကြောင်း             တင်ပြရေးသား လိုက်ရပါသည်။      ။