MNL နှင့် MNL-2  ပွဲစဉ်များ ဆက်လက်ကျင်းပမည်

၂၀၂၂ ရာသီ MNL နှင့် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်အချို့ကို စက်တင်ဘာ ၂၃၊ ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်တွင် MNL-2 (ပထမတန်း) ပြိုင်ပွဲ၏ ပွဲစဉ် (၆) မှ ရွှေ့ဆိုင်းထားသော Junior Lions အသင်းနှင့် ယောမြေအသင်းပွဲ ပြန်လည်ကျင်းပမည်ဖြစ်သည်။ Junior Lions (ခ) မြန်မာ ယူ-၁၉ အသင်းသည် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့ရသဖြင့် ပွဲစဉ်အချို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ယခုပြန်လည်ကစားခြင်းဖြစ်သည်။ Junior Lions အသင်းသည် ယခုပွဲအနိုင်ရပါက တတိယနေရာကို ရယူနိုင်မည်ဖြစ်ပြီး ယောမြေအသင်းမှာလည်း ငါးပွဲဆက်တိုက် ရှုံးနိမ့်နေမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်တွင် MNL ပြိုင်ပွဲ ပွဲစဉ် (၁၃) အဖြစ် GFA အသင်းနှင့် မဟာယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ-ဟောင်ကောင်ခြေစမ်းပွဲကြောင့် MNL ပွဲစဉ်အများစု ရွှေ့ဆိုင်းထားသော်လည်း ကစားသမားအနည်းငယ်ပါဝင်သည့်အသင်းနှင့် ရွေးချယ်မခံရသည့်အသင်းများ၏ ပွဲစဉ်များကို ကျင်းပနေခြင်းဖြစ်သည်။ မဟာယူနိုက်တက်အသင်းသည် စက်တင်ဘာ ၁၉ ရက်တွင် ဟံသာဝတီအသင်းနှင့် ကစားပြီးနောက် GFA အသင်းနှင့် ကစားရခြင်းဖြစ်သည်။ ယခုပွဲမှာ နှစ်သင်းစလုံးအတွက် အရေးပါပြီး  GFA အသင်းက ခြောက်မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေသလို မဟာယူနိုက်တက်အသင်းကလည်း ရမှတ် ကိုးမှတ်ဖြင့် တန်းဆင်းအန္တရယ်ရှိနေဆဲဖြစ်သည်။ မဟာယူနိုက်တက်အသင်းအနေဖြင့် ယခုပွဲအနိုင်ရပါက  GFA အသင်းနှင့် ခြောက်မှတ်အထိ ကွာဟကာ တန်းဆင်းဇုန်အန္တရယ်မှလွတ်ရန် အခြေအနေကောင်းသွားမည်ဖြစ်သလို  GFA အသင်း အနိုင်ရပါကလည်း မဟာယူနိုက်တက်နှင့် ရမှတ်တူကာ တန်းဆင်းဇုန်မှလွတ်ရန် မျှော်လင့်ချက်ရှိလာမည်ဖြစ်သည်။

သတင်း-ကိုညီလေး