ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံတော်ကြီးအကဲများကို လာရောက်ကြိုဆိုကြသူများနှင့် ခရီးစဉ်တွင် လိုက်ပါသွားသော တာဝန်ရှိသူတို့၏

 

နေပြည်တော်    စက်တင်ဘာ   ၁၁

 

ရုရှားခရီးစဉ်အတွင်း (၇) ကြိမ်မြောက်  အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊  ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊    တက္ကသိုလ်များနှင့် စက်ရုံ၊  အလုပ်ရုံများသို့  သွားရောက်လေ့လာခဲ့ခြင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အကြီးအကဲများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုသို့ပြန်လည်ရောက်ရှိလာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အကြီးအကဲများကို ဒေသခံပြည်သူများက ကြိုဆိုကြသည်။ အဆိုပါခရီးစဉ်တွင် လိုက်ပါခဲ့သော တာဝန်ရှိသူနှင့် လာရောက်ကြိုဆိုကြသူများ၏ စကားသံများကို မျှဝေပေးလိုက်ရပါသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်း

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်ကို တစ်ပတ်ကြာ သွားရောက်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို သွားရောက်ပြီး တက်ရောက်တာဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ခရီးစဉ် စကတည်းက မဟာဗျူဟာအရရော၊ နည်းဗျူဟာအရပါ အများကြီးပြင်ဆင်ခဲ့ပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် များစွာကြိုးပမ်းခဲ့ပါတယ်။ ခရီးစဉ်မှာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီးနဲ့တွေ့ဆုံခဲ့တဲ့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ပြည်နယ်နှစ်ခုကို သွားရောက်လည်ပတ်ခွင့်ရခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်အရေးပါတဲ့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အာကာသနည်းပညာနဲ့ ပတ်သက်ပြီးလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးမြှင့်နိုင်ဖို့၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဒီကဏ္ဍတွေအားလုံးကို တိုးမြှင့်နိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အကျဉ်းချုပ် ပြောရရင် ဒီခရီးစဉ်က အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက် ဖြစ်စေ၊ ဘဝတစ်ခုဖြစ်စေ၊ နိုင်ငံတစ်ခု ဖြစ်စေ၊ အောင်မြင်ဖို့အတွက် ကြိုးစား အားထုတ်မှုမရှိဘဲ မလုံလောက်ပါဘူး။ ဒီကြိုးစားအားထုတ်မှုတွေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ခရီးစဉ်မသွားခင်ကတည်းက အသေးစိတ်စီမံပြီး အောင်မြင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာ လာရောက်ကြိုဆိုကြတဲ့ ပြည်သူ လူထုကိုကျေးဇူးတင်ပါတယ်။ မှန်ကန်တဲ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက် ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက် ခိုင်မာစေရေး ကိစ္စများကို ဆောင်ရွက်နေပါတယ်။ ဒီကိစ္စတွေက ဒီခရီးစဉ်က ပိုမိုခိုင်မှာစေမယ်လို့ ယုံကြည်ပါတယ်။

 

ဦးမိုးဟိန်း

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ က နိုင်ငံတော်ဝန်ကြီးချုပ်ကို တစ်နာရီနဲ့ မိနစ် ၂၀ ကြာသီးခြားတွေ့ဆုံပြီး မြန်မာနဲ့ ရုရှားအကြား ကမ္ဘာ့ကိစ္စ၊ မြန်မာ့ကိစ္စများကို ပူးပေါင်းဆောင်ရွက်ဖို့ အလေးအနက်စကားတွေကို နှစ်ဦးတည်းပြောကြားသွားတယ်။ ကြည့်ရတာ အင်မတန် ဝမ်းသာတယ်။ ရုရှားဖက်ဒရေးနိုင်ငံ သမ္မတလို ကမ္ဘာ့ခေါင်းဆောင်ကြီးက မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ကိုရော၊ မြန်မာနိုင်ငံကိုပါ အသိအမှတ်ပြုတာကိုမြင်ရတဲ့အခါမှာ ဝမ်းသာတာကို စကားလုံးနဲ့ဖော်ပြလို့မရပါဘူး။ နိုင်ငံတော်သစ်ကိုတည်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြိုးစားခဲ့တာ အောင်မြင်ခဲ့ပါပြီလို့ ပြောချင်ပါတယ်။

 

mdn

 

 

ဦးမောင်မောင်အောင်

 

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်ကိုတက်ရောက်ပြီး ပြန်လာတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျွန်တော်တို့ လာရောက်ကြိုဆိုတာ ဖြစ်ပါတယ်။ ခုလိုလာရောက် ကြိုဆိုတာကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ရာမှာ အောင်မြင်မှုတွေများစွာကို ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနဲ့လည်း တစ်နာရီနဲ့ မိနစ် ၂၀ ကြာတွေ့ဆုံပြီး ကျွန်တော်တို့တိုင်းပြည်ကို အောင်မြင်မှုတွေ ယူဆောင်လာပေးတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လိုအပ်နေတဲ့အခက်အခဲတွေကို အသက်အရွယ်နဲ့မမျှ သွားရောက်ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော် ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ကြိုဆိုဖို့အတွက် ကျွန်တော်နဲ့အတူ တပ်မတော်ကို ချစ်ခင်တဲ့ ညီအစ်ကိုမောင်နှမတွေမှာ ဒီစိတ်မျိုးရှိကြပါတယ်။ ဒါကြောင့် ဒီလိုကြိုဆိုပွဲလေး အောင်မြင်စွာကျင်းပနိုင်အောင် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသက်ရှည် ကျန်းမာပါစေ၊ ရုရှား - မြန်မာ ချစ်ကြည်ရေး တည်တံ့ခိုင်မြဲပါစေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးလည်း ဖွံ့ဖြိုးတိုးတက်ပြီးတော့ ဘေးအန္တရာယ် ခပ်သိမ်းကင်းဝေးပါစေလို့ ဆုတောင်း ပေးပါတယ်။

 

မသဇင်ဦး

 

နိုင်ငံတော်ဝန်ကြီးချုပ်ကို ခုလိုလာရောက်ကြိုဆိုခွင့် ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်မိပါ တယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေနဲ့ ကျွန်မတို့ မြန်မာနိုင်ငံကို အခက်အခဲ အကျပ်အတည်းပေါင်းစုံ ကြားကနေပြီး လက်ကမ်းကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ဒီနေရာကနေပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေအတွက် အောင်မြင်မှုတွေ၊ နိုင်ငံ့ဂုဏ်နဲ့ နိုင်ငံသူ နိုင်ငံသား တစ်ယောက်ချင်းစီရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးတဲ့အတွက် နိုင်ငံ့တော်ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့အတွက် လူငယ်တွေအနေနဲ့လည်း အခွင့်အလမ်းတွေအများကြီး တိုးပွားလာပါတယ်။ လူငယ်တွေအားလုံးရဲ့ကိုယ်စား ကျွန်မအနေနဲ့ကျေးဇူးတင်ပါတယ်။ ရုရှား-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ

 

ဦးဇော်တူးအောင်

 

အခုလာရောက် ကြိုဆိုတဲ့အဖွဲ့မှာ ကျွန်တော်အပါအဝင် ပျဉ်းမနားမြို့နယ်က တပ်မတော်ထောက်ခံသူ အင်အား ၁၀၀ ကျော် ပါဝင်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခဲ့တဲ့အပြင် ကမ္ဘာ့နိုင်ငံတွေရဲ့အလယ်မှာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အင်အားကို ပြသနိုင်ခဲ့တဲ့အတွက် အခုလို လာရောက်ပြီး ဂုဏ်ပြုကြိုဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲနဲ့ လာရောက်ကြိုဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေ၊ အရေးယူဒဏ်ခတ်မှုတွေ အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာ အခုမှမဟုတ်ပါဘူး၊ ဟိုးအရင်နှစ်ပေါင်း များစွာကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာ မျက်နှာစာမှာ အခွင့်အရေးတွေ အများကြီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ ဘယ်သူတွေ ဘာပဲပြောနေကြပါစေ မဟာမိတ်နိုင်ငံ တစ်နိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ ကျွန်တော်တို့ နိုင်ငံနဲ့အတူ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ သမ္မတကြီးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့နိုင်ငံတော်ရဲ့ ဝန်ကြီးချုပ်ဖြစ်သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်တဲ့ ကျွန်တော်တို့ရင်ထဲက နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အခုလိုမျိုး နိုင်ငံတကာအလယ်မှာ ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံ့အကျိုးအတွက် အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့နိုင်ငံအပေါ်ကို ပိတ်ဆို့၊ အရေးယူ၊ ဒဏ်ခတ်မှုတွေ လုပ်နေကြတဲ့သူတွေရဲ့ စကားကိုနားယောင်ပြီး အချင်းချင်းသွေးကွဲပြီး သတ်ဖြတ်နေကြတဲ့ကိစ္စတွေကို ရပ်တန်းက ရပ်ကြဖို့နဲ့ နိုင်ငံတော်ရဲ့ ပကတိအခြေအနေမှန်ကို သိရှိနားလည်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုးတက်အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်။

 

mdn

 

မထက်ထက်ဝေ

 

နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ သမ္မတကြီးနဲ့ အခုလိုမျိုး သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံမှာရှိတဲ့ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီးအထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် အခုသွားရောက်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံခရီးစဉ်က မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေအတွက် အများကြီးအထောက်အကူပြုတဲ့ ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် အခုလို လာရောက်ဂုဏ်ပြုကြိုဆိုတာဖြစ် ပါတယ်။ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ခရီးစဉ်တစ်ခု ဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့လည်း အရင် ကထက် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေခဲ့တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံ့အကျိုးကို အခုထက်မက ပိုမိုဆောင်ရွက် နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။

 

မရည်မွန်သက်

 

ပုဗ္ဗသီရိမြို့နယ်ကနေ လာရောက် ကြိုဆိုတာဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော် ဝန်ကြီးချုပ်ကို ချစ်ခင်လို့ အခုလိုလာရောက် ကြိုဆိုတာဖြစ်ပါတယ်။ ရုရှား ဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ပြီး သမ္မတကြီးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းတွေကိုကြားသိရပြီး ခရီးစဉ် တစ်လျှောက်လုံး အဆင်ပြေပြေနဲ့ ပြန်လာခဲ့တာကို ဝမ်းသာတဲ့အတွက် အခုလို တကူးတက လာရောက်ကြိုဆို တာဖြစ်ပါတယ်။ လာရောက်ကြိုဆိုတဲ့ အဖွဲ့မှာ ကျွန်မတို့ရဲ့ ရွာသူရွာသား အယောက် ၃၀ ကျော် ပါပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနဲ့ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍပေါင်းစုံ ဆွေးနွေးခဲ့မှုတွေအပေါ် မြန်မာ နိုင်ငံသားတစ်ယောက်အနေနဲ့ များစွာဝမ်းသာပီတိ ဖြစ်ရပါတယ်။ အခုလို သွားရောက်ခဲ့တဲ့အတွက်ကြောင့် ကျွန်မ တို့နိုင်ငံအတွက် များစွာအကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။ တိုးတက်ပြောင်းလဲမှုတွေလည်း ရှိလာမယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် နိုင်ငံတော် ဝန်ကြီးချုပ်ကို အခုလို သောင်းသောင်းဖြဖြ လာရောက်ကြိုဆိုကြတာဖြစ် ပါတယ်။

 

ကိုသန်းထိုက်

 

ကျွန်တော်ကတော့ ဇေယျာသီရိမြို့နယ် ရေဆင်းအုပ်စုကဖြစ်ပါတယ်။ ကျွန်တော်တို့ လာရောက်ကြိုဆိုတာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး အပါအဝင် ကဏ္ဍအသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ အင်မတန် ဝမ်းသာပီတိဖြစ်ရပါတယ်။

 

ဇော်မျိုး(နေပြည်တော်)