အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်းသိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

(ယမန်နေ့မှအဆက်) 

အစီအစဉ်တင်ဆက်သူ။    ။    လာမယ့်ရွေးကောက်ပွဲတွေမှာ ပြောင်းလဲကျင့်သုံးတော့မယ့် Closed List–PR စနစ်နဲ့ပတ်သက်ပြီး မဲဆန္ဒရှင်တွေက မဲဘယ်လိုပေးရမယ်၊ ဆန္ဒမဲတွေကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ဘယ်လိုတွက်ချက်ရမယ်ဆိုတာကို မဲဆန္ဒရှင်တွေ သိရှိသွားအောင် ရှင်းပြပေးပါခင်ဗျား။

ဦးခင်မောင်ဦး။    ။    Closed List–PR စနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်အရေအတွက်အတိုင်း  နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်ကို တင်ပြရပါမယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကလည်း အမည်စာရင်းတင်သွင်းရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် က ဆန္ဒမဲလက်မှတ်မှာ မိမိနှစ်သက်ရာ ပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အမည်ကို တစ်ကြိမ်သာ ဆန္ဒပြုရမှာ ဖြစ်ပါတယ်။ 

ပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေရရှိတဲ့ ထောက်ခံဆန္ဒမဲအပေါ်မူတည် ပြီးတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အရေအတွက်ကို အချိုးကျစနစ်နဲ့ တွက်ချက် ရမှာဖြစ်ပါတယ်။ (The Largest Remainder) ကြွင်းကျန်မဲအများဆုံးစနစ်နဲ့ မဲရေတွက်မှာဖြစ်ပါတယ်။ ဆန္ဒမဲတွေရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အနေနဲ့ကတော့ -

လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ရွေးကောက်တင်မြှောက်ရမည့် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် သည့် နိုင်ငံရေးပါတီ ၄ ပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတို့၏ ခိုင်လုံမဲများကိုစုပေါင်း၍ ယင်းမဲဆန္ဒနယ်တစ်ခုလုံး၏ ခိုင်လုံမဲစုစုပေါင်းအဖြစ် တွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်း ၉၀၀,၀၀၀ ဖြစ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့်အခြေခံမဲ (Threshold)ကို ပထမ ဦးစွာတွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်းကို ယင်းမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ရမည့် (ကိုယ်စားလှယ်အရေအတွက် + ၁)ဖြင့် စားခြင်းရလဒ်အား (+ ၁)ထပ်ပေါင်းတွက်ချက်၍ ရရှိသော မဲအရေအတွက်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold)အဖြစ်သတ်မှတ်ရမည်။ အခြေခံမဲမှာ ၁၀၀,၀၀၁ ဖြစ်ပါသည်။ (ဒသမရှေ့ဂဏန်း ကိန်းပြည့်ကိုသာယူရန်) 

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် သတ်မှတ်ထားသည့် အခြေခံမဲဖြင့် နိုင်ငံရေးပါတီ တစ်ခုစီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီရရှိသည့် ခိုင်လုံမဲကို စားခြင်းရလဒ် ဖြင့်တွက်ချက်ရာ အခြေခံမဲအရ (A)ပါတီ သုံးဦး၊ (B) ပါတီ တစ်ဦး၊ (D) ပါတီ နှစ်ဦးဖြင့် ကိုယ်စားလှယ်အရေအတွက် ခြောက်ဦးကို ရွေးကောက်နိုင်ပါသည်။

နိုင်ငံရေးပါတီ ၄ ပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတို့၏ ကြွင်းကျန် သောမဲအရေအတွက်မှာ ကြွင်းကျန်မဲအများအနည်းအရ ဦးဘ (တစ်သီးပုဂ္ဂလ)က အများဆုံး၊ (B)ပါတီက ဒုတိယအများဆုံး၊ (C)ပါတီက တတိယအများဆုံး၊ (A)ပါတီက စတုတ္ထအများဆုံးနှင့် (D)ပါတီက အနည်းဆုံးဖြစ်ပါသည်။

သတ်မှတ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ ရှစ်ဦးပြည့်မီခြင်းမရှိသဖြင့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြွင်းကျန်သောမဲများကို အများအနည်း အလိုက် တန်းစီဇယားအရ ကြွင်းကျန်မဲအများဆုံးဖြစ်သော ဦးဘ(တစ်သီးပုဂ္ဂလ)နှင့် (B)ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်ဆောင်းရရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ရှစ်ဦးကို တွက်ချက်ရရှိမည်ဖြစ်ပါသည်။

အဆိုပါတွက်ချက်မှုများအရ (A) ပါတီ ရရှိသော ကိုယ်စားလှယ်အရေအတွက် သုံးဦး၊ (B) ပါတီ ရရှိသော ကိုယ်စားလှယ်အရေအတွက် နှစ်ဦး၊ (D) ပါတီ ရရှိသော ကိုယ်စားလှယ်အရေအတွက် နှစ်ဦး၊ ဦးဘ (တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်) တစ်ဦး စုစုပေါင်းရှစ်ဦး ရွေးကောက် တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။ 

အစီအစဉ်တင်ဆက်သူ။    ။    နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်တွေ၊ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲတွေနဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာ ပြောင်းလဲကျင့်သုံးမယ့် စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Closed List PR)အကြောင်းကို အကျယ်တဝင့် ဆွေးနွေး ပေးခဲ့ပြီးဖြစ်ပါတယ်။ 

Closed List PR စနစ်နဲ့ ဆန္ဒမဲပေးခြင်းနဲ့ ဆန္ဒမဲတွေရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း မဲဆန္ဒရှင်တွေသိရှိအောင် နမူနာဇယားတွေနဲ့ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးလိုက်ခြင်းဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသား တွေအတွက် ရရှိလာမယ့်အကျိုးကျေးဇူးတွေနဲ့ သတိပြုရမယ့်အချက်တွေကို အနှစ်ချုပ် သုံးသပ်ဆွေးနွေး ပေးပါဆရာ။

ဦးခင်မောင်ဦး။ ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်ကတော့ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးပဲဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ ကိုယ်စားပြုခြင်းတို့ပါဝင်ပြီး ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရား ကတော့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အတူတကွပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းနဲ့ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးခြင်းဆိုတဲ့ သဘောတရားပဲဖြစ်ပါတယ်။ 

ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီး ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ FPTP ရွေးကောက်ပွဲစနစ်အရ ပါတီတစ်ခုတည်းကသာ အာဏာသုံးရပ်လုံးကို ချုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် ယခုပြောင်းလဲကျင့်သုံးတဲ့ PR စနစ်အရဆိုရင် ပါတီကြီး၊ ပါတီငယ်၊ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအားလုံးက ဥပဒေပြုရေးမှာရော အုပ်ချုပ်ရေးကဏ္ဍမှာပါ အချိုးကျကိုယ်စားပြုပါဝင်လာတော့ မှာဖြစ်တဲ့အတွက် မျှတတဲ့ကိုယ်စားပြုမှုနဲ့ ခွဲဝေကျင့်သုံးနိုင်မှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုစေလိုတာကတော့ ဗဟုနိုင်ငံရေးစနစ် ပိုမိုပေါ်လွင်လာမှာဖြစ်တဲ့အတွက် မတူကွဲပြားမှုတွေကနေ တူညီတဲ့စုစည်းမှုအင်အားတွေရရှိနိုင်အောင် နိုင်ငံရေးအမြင်၊ အမျိုးသားအမြင်နဲ့ တည်ဆောက်နိုင်ဖို့လိုပါတယ်။ 

ပါတီတွေက အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ဦးစားပေးဖို့လိုပါမယ်။ ပါတီစုံပါဝင်လာတော့ မှာဖြစ်တဲ့အတွက် နိုင်ငံရေးအစွန်းရောက်မှု၊ လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေးအစွန်းရောက်မှုတွေကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ သတိပြုရှောင်ရှားနိုင်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်။   ။