ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင်  မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးရမည်

 

နေပြည်တော် ဩဂုတ်၂၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီး  ယွက်ဆစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

 

တက်ရောက်

 

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း ငြိမ်းချမ်းရေးခြေလှမ်းသစ်ကို စတင်ဖော်ဆောင်ရာတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့သည်ပထမဆုံးလာရောက် ဆွေးနွေးခဲ့သည့် ဖွဲ့ဖြစ်ပြီး ပထမအကြိမ်ဆွေးနွေးမှု၌ အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့သည့် အခြေအနေများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေ အနေများနှင့် ပတ်သက်၍နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

သဘောထားအမြင်များကို တင်ပြဆွေးနွေး

 

ထို့နောက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်စနစ် ကျင့်သုံးဆောင်ရွက်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ ပြည်သူလူထုတို့၏ လူနေမှုဘဝမြှင့်တင်ရေး၊ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ပပျောက်ရေးဆိုင်ရာများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးသည်။

 

ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး

 

ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ပထဝီဝင် အနေအထားအရအရေးပါမှုနှင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံး ဆောင်ရွက်နေသည့်အခြေအနေများ၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သည့်နိုင်ငံ အများအပြားရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေးစရိုက် လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ စစ်မှန် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပြည့်စုံရန်မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး ပညာတတ်များ ပေါကြွယ်ဝမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

စုပေါင်းဓာတ်ပုံရိုက်

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။

 

အဆိုပါ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)အဖွဲ့ ဥက္ကဋ္ဌဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 သတင်းစဉ်

 

mdn