နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏  (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

(ယမန်နေ့မှ အဆက်) 

ဆက်လက်၍ NP News Agency မှ  အယ်ဒီတာ ချုပ် ဦးကျော်မျိုးမင်းက   ငြိမ်းချမ်းရေးဆွေးနွေးပွဲ  မတက်ဘူးဆိုသည့် EAO များ၏ မီဒီယာများ၌ ဖော်ပြ ထားသည့် စကားများကိုကြည့်လျှင်  ၎င်းတို့သုံးနှုန်း ထားသည့် စကားလုံးအသုံးအနှုန်းများသည် အလွန် အကျွံဖြစ်နေသည်ကို တွေ့ရကြောင်း၊  ယင်းအတွက် ကြောင့် မလာနိုင်ဘူးဟုဆိုသည့် ထင်မြင်မှု ရှိ၊ မရှိနှင့်  ယင်းအသုံးအနှုန်းများအပေါ် တပ်မတော်အနေဖြင့် အဘယ်ကြောင့်     သည်းခံ၍နေနိုင်သည်ကို   သိလို ကြောင်း မေးမြန်းသည်။

စကားလုံးအသုံးအနှုန်းများ၏အဓိပ္ပာယ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက  တစ်ခါတစ်ရံ၌ တချို့ သော   လက်နက်ကိုင်အဖွဲ့များအနေဖြင့်    ၎င်းတို့ သုံးနှုန်းထားသည့်     စကားလုံးအသုံးအနှုန်းများ၏ အဓိပ္ပာယ်ကို ၎င်းတို့ကိုယ်တိုင်မသိသည့်  အချိန်များ ရှိကြောင်း၊ ဥပမာအနေဖြင့် ဗကပအဖွဲ့က  သုံးနှုန်း သွားသည်ကို ကြည့်လျှင်သိနိုင်ကြောင်း၊  မိမိခန့်မှန်း ပြောရလျှင် ၁၉၇၀၊ ၁၉၇၁ ခုနှစ်ခန့်တွင် ၇၆ လမ်းစဉ် ကို ချမှတ်ခါနီးအချိန်တွင် ပြောခဲ့ခြင်းဖြစ်ကြောင်း၊  အရှေ့မြောက်ဒေသတွင်    ၎င်းတို့ရှုံးနိမ့်မည့်အရိပ် အယောင်  စတင်၍မြင်တွေ့ရသည့်အချိန်၌   ဗဟို ကော်မတီဝင်များကို  ဗကပ၏စစ်ရေး၊   နိုင်ငံရေးနှင့် ပတ်သက်၍   မည်သည့်အခြေအနေအတိုင်းအတာ အထိ ရောက်နေသည်ကို   တိတိကျကျပြောပေးရန် လက်အောက်ကလူများက မေးကြကြောင်း၊ ဗကပ ခေါင်းဆောင်ကလည်း   လုံးဝတိတိကျကျ   ပြောခဲ့ ကြောင်း၊ ၁၉၄၈ ခုနှစ် မတ်လနောက်ပိုင်းကာလသည် ၎င်းတို့၏ ပထမဒီရေမြင့်တက်လာသည့်ကာလဖြစ် ကြောင်း၊ “နောင်ဖြစ်ပေါ်လာမည့် ဒုတိယ ဒီရေမြင့်တက် ကာလ၏ကြားထဲတွင်  ရှိသောအချိန်လို့ သတ်မှတ် တယ်” ဟု ပြောကြောင်း၊ ယင်းစကားလုံးအသုံးအနှုန်း မှာ မည်သည်ကိုဆိုလိုသည်ကို  မသိကြောင်း၊ ယင်း အဓိပ္ပာယ်နှင့်ပတ်သက်သည့်စကားမျိုး ပြောဆိုသည့်  အဖွဲ့တချို့ရှိကြောင်း၊  ၎င်းအဖွဲ့များ၏   စကားလုံး အသုံးအနှုန်းများကို ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် အထက်တွင်ပြောခဲ့သည့်     စကားလုံးများကဲ့သို့ ပြောနေသူများရှိကြောင်း။

အခြားတစ်ခုမှာ ဘက်စုံမျှော်ကိုးမှုဖြစ်ကြောင်း၊ ယခင်က တချို့ EAO အဖွဲ့များသည် နောက်ကွယ်မှ  အားပေးထောက်ခံမှုဖြစ်သည့်   ပြည်ပ၏အားပေး ထောက်ခံမှုမရှိသည့်အချိန်များတွင်    လေသံများ ပြောင်းလဲသွားကြသည်ကို    တွေ့ရကြောင်း၊   ယခု အချိန်ကဲ့သို့ ဝိုင်းဝန်းထောက်ပံ့သည့်အချိန်များတွင်  လေသံများတစ်မျိုးဖြစ်လာကြကြောင်း၊ KNU အဖွဲ့ အတွင်း၌ပင် KNU ကိုစိတ်မချလို့ဟုဆို၍ ကော်သူလေး Army ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်လိုက်သည် ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ၎င်းတို့ပြောနေ သည့်စကားများကို  သတင်းထောက်ကြီးတို့လည်း အမြင်ပင်ဖြစ်ကြောင်း၊     တိုက်ပွဲများတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရမည် ဆိုပါက  နောက်ဆုံးလာခဲ့သည့်    SSPP   အဖွဲ့က မိမိတို့နှင့်    လာရောက်ဆွေးနွေးနေသည့်အချိန်၌ SSPP အဖွဲ့မှ  အလယ်အလတ်အရာရှိ  အဆင့်ရှိသူ တစ်ဦးက နိုင်ငံခြားသတင်းဌာနများကိုဆက်သွယ်၍ ၎င်း၏အင်တာဗျူးကို    ထည့်ပေးရန်    ကမ်းလှမ်း ခဲ့ကြောင်း၊  ၎င်း၏အင်တာဗျူးသည်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ သွားရောက်နေသည့်အဖွဲ့သည်  SSPP ကို ကိုယ်စားမပြုကြောင်းနှင့် ၎င်းအနေဖြင့်  သဘော မတူကြောင်းကို   ပြောမည်ဖြစ်ကြောင်း၊   Ethic စောင့်စည်းသော  သတင်းဌာနများအနေဖြင့်  ၎င်း တစ်ဦးတည်း၏     ထင်မြင်ချက်ဖြစ်သောကြောင့် ထည့်မပေးကြကြောင်း၊ ဝေဝေဆာဆာ ထည့်သွင်း ဖော်ပြနေသည့် သတင်းဌာနများလည်းရှိကြောင်း။

စကားလုံးများကို အထအနကောက်နေမည်ဆိုလျှင်

ထို့ကြောင့် တချို့သောမီဒီယာများတွင် မြင်တွေ့ နေရသည့်သတင်းများအနက်     တချို့သည်   ၎င်း တစ်ယောက်တည်း၏   ထင်မြင်ချက်ဖြစ်ကြောင်း၊ တချို့ကလည်း အဖွဲ့အစည်းကို ကိုယ်စားပြုသည်ဟု ဆိုကြကြောင်း၊ သို့သော် အဖွဲ့အစည်းကို ကိုယ်စားပြု  သည်ဟုဆိုသည်မှာလည်း  လက်ခံရန်ခက်ခဲကြောင်း၊  မည်သို့ပင်ဖြစ်စေကာမူ မိမိတို့အနေဖြင့် လက်နှစ်ဖက် ဖြင့်  ငြိမ်းချမ်းရေးအတွက်  တံခါးဖွင့်ထားကြောင်း၊  မီဒီယာများ၏ ဖော်ပြချက်များနှင့်  ပြောဆိုသည်များ အတိုင်း လိုက်၍လုပ်ဆောင်ကြမည်ဆိုပါက မြန်မာ  နိုင်ငံ၌ မည်သည့်အချိန်တွင်မျှ ငြိမ်းချမ်းရေးမရနိုင် ကြောင်း၊ ယခုအချိန်ထိ “ငြိမ်းချမ်းစွာနေထိုင်လိုသည့်  ဦးနုကို  ကြံတောပို့ခြင်းသည်သာ   ကောင်းသည်ဟု ဆိုပြီး   ငြိမ်းချမ်းစွာနေထိုင်လိုသည့်   ဆိုရှယ်လစ် အရိုးများ ဗားကရာချောက်ထဲတွင် ပြည့်သွားမည်” ဟုဆိုသော  စကားလုံးများကို အထအနကောက်နေ မည်ဆိုလျှင် မြန်မာ့ငြိမ်းချမ်းရေးသည် တစ်သက်လုံး မဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းစကားလုံး  များအပေါ်တွင်  နာကျင်နေမည့်အစား    လက်တွေ့ ဆန်းစစ်၍လုပ်ဆောင်ခြင်းသည်သာ  ကောင်းသည် ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Voice  of  Myanmar    သတင်းထောက် ဦးမောင်မောင်ထွန်းက ဈေးကွက်စီးပွားရေးစနစ်ကို အကြောင်းပြ၍   ကုန်သည်များသည်    ဈေးတင်၍ ရောင်းချနေကြကြောင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခြင်း၊  စားအုန်းဆီများ   ဈေးနှုန်း မြင့်တက်ခြင်း၊  ဆေးဝါးများဈေးနှုန်း   မြင့်တက်ခြင်း တို့အပေါ်    မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ အခြားတစ်ခုမှာ ဂျပန်နိုင်ငံသား Toru  Kubota ကို  ယခင်အပတ်က  ဆန္ဒပြသည့်နေရာ၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၅၀၅(က)၊ Visa  စည်းကမ်း ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု  သိရ ကြောင်း၊ ၎င်းကို ပြန်လွှတ်မည်ဟုဆိုသည့်  သတင်း များလည်းကြားနေရကြောင်း၊ ၎င်း၏အခြေအနေကို  သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက  အခြေခံစားသောက် ကုန်ဈေးနှုန်းနှင့်ပတ်သက်၍   ပြောရမည်ဆိုပါက မိမိတို့အနေဖြင့် စားအုန်းဆီနှင့်ပတ်သက်၍လည်း ကောင်း၊  စက်သုံးဆီနှင့်ပတ်သက်၍လည်းကောင်း  ဈေးနှုန်းများ  မြင့်တက်နေသည်ကို   သိရကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ဖြစ်သောကြောင့် ပြောဆို၍  မလွယ်ကြောင်း၊ သို့သော် အလွန်အကျွံဖြစ်လာလျှင်  ထိန်းရမည်ဖြစ်ကြောင်း၊    တချို့သော    အခြေခံ စားသောက်ကုန်များကို မိမိတို့နိုင်ငံတွင်  ထုတ်လုပ် ကြကြောင်း၊  ပြည်ပတင်ပို့သည်မှာလည်း   အကန့် အသတ်ဖြင့်သာ တင်ပို့ခိုင်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တတ်နိုင်သည့်ကဏ္ဍများကို  ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊         ထိုသို့ ဆောင်ရွက်ရာ၌ အလွန်အကျွံပြုလုပ်ပါက ကုန်သွယ် မှုနှင့် ဈေးကွက်စီးပွားရေးစနစ်အပေါ်  ထိခိုက်မည်ကို စိုးရိမ်ကြောင်း၊    မိမိတို့အနေဖြင့်   ထုတ်ကုန်များ မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောလို ကြောင်း။

ခရီးသွား Visa ဖြင့် လာရောက်ခဲ့ခြင်းဖြစ်

ဂျပန်နိုင်ငံသားနှင့်ပတ်သက်၍   ပြောရလျှင် ၎င်းသည်မြန်မာနိုင်ငံသို့  ခရီးသွား Visa ဖြင့် လာရောက် ခဲ့ခြင်းဖြစ်ကြောင်း၊   သတင်းထောက်  Visa  ဖြင့် လာရောက်ခြင်းမဟုတ်ကြောင်း၊ ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး  ရန်ကုန်တွင်   ဆန္ဒပြသူများနှင့်    တောက်လျှောက် ချိတ်ဆက်၍ ဆန္ဒပြသည့်အထဲ၌ပါဝင်ဆောင်ရွက်  ခဲ့ခြင်းဖြစ်ကြောင်း၊     ၎င်း၏ကိစ္စနှင့်ပတ်သက်၍    ဂျပန်အောက်လွှတ်တော်အမတ်လာချိန်၌လည်း မိမိတို့ဘက်က   ပွင့်ပွင့်လင်းလင်းပြောခဲ့ကြောင်း၊ မိမိတို့အနေဖြင့်  ၎င်းကိုတရားစွဲတင်ထားကြောင်း၊  ဩဂုတ် ၁၆ ရက်ကဆိုလျှင်   ဂျပန်မီဒီယာများက  မိမိထံသို့ ဖုန်းများ ဆက်တိုက်ဆက်သွယ်ကြကြောင်း၊   ဂျပန်နိုင်ငံသားများက   ဖိအားပေးနေသောကြောင့် ဖြစ်မည်ဟု  ထင်မြင်မိကြောင်း၊ သတင်းအမှားများကို တောက်လျှောက်  ထုတ်လွှင့်နေကြကြောင်း၊   ပျံ့နှံ့  နေသည့်   ကောလာဟလများတွင်     ဗိုလ်ချုပ်မှူးကြီး  အနေဖြင့် ဂျပန်အောက်လွှတ်တော်အမတ်ကို  ကတိ ပေးခဲ့သောကြောင့်   ၎င်းကိုအမြန်ဆုံးစစ်ဆေးမည် ဖြစ်ကြောင်း၊    ၎င်းကိုလေယာဉ်ဖြင့်ပြန်ပို့မည်ဟု ဆိုသည့် ကောလာဟလများကြောင့် ဂျပန်မီဒီယာများ အနေဖြင့်  လေယာဉ်ကွင်းပဲပြေးရမလိုလို၊  ဟိုကိုပဲ ပြေးရမလိုလို ဖြစ်နေကြကြောင်း။
မိမိတို့အနေဖြင့် ၎င်းကို အမှုသုံးမှုဖြင့်   တရား စွဲဆိုရန်    စီစဉ်ထားကြောင်း၊   နံပါတ်တစ်    Visa ဖောက်ဖျက်မှု၊ နံပါတ်နှစ်အမှုမှာ  ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် ၅၀၅(က)၊  နံပါတ်သုံး အီလက်   ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြစ်ပြီး တရားမစွဲရသေးကြောင်း၊ ယင်းအချက်များထဲမှ Visa ဖောက်ဖျက်မှုကို ရုံးတင်တရားစွဲဆိုပြီးဖြစ်ကြောင်း၊  နံပါတ်နှစ်အမှုကိုလည်း တရားစွဲဆိုရန်လုပ်ဆောင် နေကြောင်း၊ နံပါတ်သုံးအမှုကို လေ့လာဆန်းစစ်နေပြီး လွှတ်ခြင်း၊ မလွှတ်ခြင်းသည် ယင်းအမှုပြီးပြတ်မှသာ  ဖြစ်နိုင်ကြောင်း၊         နိုင်ငံတော်ဝန်ကြီးချုပ်က အောက်လွှတ်တော်အမတ်ကို ပြောလိုက်သည့်စကား မှာ   ၎င်းတစ်ဦးတည်းနှင့်ပတ်သက်၍     ခွင့်မလွှတ် နိုင်စရာမရှိကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန် များက မြန်မာတွေအပေါ်ကျူးလွန်သည့်  ပြစ်မှုများ ကိုပင် သင်ပုန်းချေထားကြောင်း၊ သို့သော် ၎င်းအနေ ဖြင့် ဥပဒေအရ တရားစွဲဆိုစီရင်ခံရ မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်   ယခင်က  ဂျပန်သတင်း  ထောက်တစ်ယောက်  ဆန္ဒပြပွဲ၌  ပါဝင်ခြင်းမရှိဘဲ ဓာတ်ပုံရိုက်နေကြောင်း၊  သတင်းထောက်  Visa  ဖြင့်လည်း လာရောက်ခြင်းဖြစ်ပြီး သတင်းထောက် အစစ်လည်းဖြစ်သည့်အတွက်     မိမိတို့အနေဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း။

တရားဥပဒေဖြင့် စီရင်ခံရမည် 

ယခုမူ ၎င်းသည် မြန်မာနိုင်ငံသို့ Tourist Visa ဖြင့်  ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊  ပကတိအမှန် ပြောရလျှင်   လက်ရှိတရားစွဲဆိုခြင်းခံထားရသည့် ဂျပန်လူမျိုးသည်  မြန်မာနိုင်ငံသို့  ယခင်ကလည်း  ယခုကဲ့သို့ပင် ခိုးဝင်ခဲ့ကြောင်း၊ ခိုးဝင်ပြီး ရခိုင်ဘက်သို့ သွား၍ ဘင်္ဂါလီများအကြောင်းကို Sympathy Trip ဟုခေါင်းစဉ်တပ် အကြောင်းပြဇာတ်လမ်းတိုရိုက်ပြီး မဟုတ်ကဟုတ်ကများကို ဂျပန်၌ ပြသခဲ့ကြောင်း၊  မိမိတို့အနေဖြင့် မည်သည့်ဖော်ထုတ်မှုမျှ   မလုပ်ခဲ့ ကြောင်း၊ ထို့ကြောင့် တရားဥပဒေဖြင့် စီရင်ခံရမည် ဖြစ်ကြောင်း၊ လွှတ်ခြင်း၊ မလွှတ်ခြင်းမှာ အထက်က ပြောခဲ့သကဲ့သို့ဖြစ်ကြောင်း၊  စကားကုန်ပြောခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာ ပိုင်နိုင်ငံဖြစ်ကြောင်း၊  အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုတွင်   ယခုကဲ့သို့   စည်းကမ်းမဲ့လုပ်ရပ်မျိုးကို မည်သည့်နိုင်ငံမျှ    လက်ခံမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post   သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိအနေဖြင့် ပထမဦးဆုံးမေးလိုသည့်မေးခွန်းမှာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏အစီအစဉ်ဖြစ်သည့် ပြည်သူ လူထုပူးပေါင်းပါဝင်သည့်  ပြည်သူ့ကာကွယ်ရေးစနစ် ကို အကြမ်းဖက်အန္တရာယ် အမှန်တကယ်ကျရောက် နေသည့် စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့သော ဒေသ များတွင် အမျိုးသမီးများပါမကျန် အားတက်သရော  ပါဝင်ကြသည်ကို    တွေ့ရပါကြောင်း၊   ယင်းသည် အောင်မြင်နိုင်ခြေရှိသော အခြေအနေတစ်ရပ်ဖြစ်ပြီး ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊ တစ်ဖက်၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် လက်နက်မဲ့ဖြစ်နေသော ကြောင့် အကြမ်းဖက်သမားများ၏ အဓိကပစ်မှတ် များဖြစ်လာကြောင်း၊ ရန်ကုန်မြို့တွင်လည်း  အုပ်ချုပ် ရေးမှူးများ      အဓိကပစ်မှတ်ထားခံရကြောင်း၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ကဲ့သို့သော  နေရာ  ၌ပင်    အုပ်ချုပ်ရေးမှူးအိမ်    ဗုံးပစ်ခံရကြောင်း၊ ခေတ်အဆက်ဆက်ကို   ပြန်ကြည့်လျှင်  အင်္ဂလိပ် အစိုးရလက်ထက်၌  အခြေအနေအရ   ရပ်ရွာလူကြီး များကို     လက်နက်တပ်ဆင်ပေးထားကြောင်း၊ လွတ်လပ်ရေးရပြီးခေတ်တွင်လည်း    ရှိခဲ့ကြောင်း၊ ယနေ့ကာလတွင်        တည်ငြိမ်အေးချမ်းမှုမရှိဘဲ အုပ်ချုပ်ရေးမှူးများ၌  ခုခံကာကွယ်ရန်  လက်နက် မရှိကြောင်း၊ အုပ်ချုပ်ရေးမှူးအိမ်ကို သွားမည်ဆိုလျှင် နှစ်လုံးပြူးသေနတ်ဖြင့် လိုက်ခံရနိုင်သည်ကို PDF  များအား အသိပေးနိုင်ရုံမျှဖြင့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှု ရာခိုင်နှုန်းအတော်များများ လျော့နည်း သွားနိုင်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ရုံးမှ အုပ်ချုပ်ရေးမှူးများကို လက်နက်ထုတ်ပေးလိုက် ပါဟူသည့် ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ရန် ရှိ၊ မရှိကို သိလိုကြောင်း။

နောက်တစ်ချက်အနေဖြင့်  သာစည်မြို့နယ်  ဟန်ဇားတိုက်နယ်ဆေးရုံသည်   နီပိန်းများ၊   NLD အစွန်းရောက်များ  လှုံ့ဆော်၍ CDM ပြုလုပ်သော ကြောင့် ရွာသူ/ရွာသားများက CDM ပြုလုပ်သူများကို  ဆန္ဒပြခဲ့ကြောင်း၊     တပ်မတော်ကစေလွှတ်သည့် ဆရာဝန်များ/   သူနာပြုများ   လာရောက်ချိန်တွင် ဒေသခံများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည့် နေရာဖြစ်ကြောင်း၊            ယခုအချိန်အထိ ယင်းတိုက်နယ်ဆေးရုံတွင် အစားထိုး ခန့်အပ်ပေးခြင်းများ မရှိသေးကြောင်း၊ တပ်မတော်က စေလွှတ်ထားသည့် ဆရာဝန်တစ်ယောက်၊ သူနာပြု နှစ်ယောက်သာရှိပြီး  လိုအပ်ချက်များအား  ရပ်ရွာက  တာဝန်ယူနေရကြောင်း၊ ဆရာဝန်/ဆရာမ   တရားဝင် မရှိသည့်အတွက် ဆေးဝါးခွဲတမ်း    ပြည့်ဝစွာမရရှိသည့် အခြေအနေဖြစ်နေကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများ အမြန်ဆုံး ခန့်ထား စေလိုကြောင်း၊     ယခင်က    ဆရာဝန်/ သူနာပြု ဆယ်ယောက် ဖြင့် ကုသမှုပေးခဲ့သည်ဟုသိရကြောင်း၊ ထို့ကြောင့် ဆရာဝန်/ သူနာပြု စေလွှတ်ခန့်ထားမည့်  အစီအစဉ် ရှိ၊  မရှိကို   သိလိုကြောင်း၊   နောက်ဆုံး တစ်ချက်အနေဖြင့် ယခုရက်ပိုင်းအတွင်း ဆင်ဖြူတော် မွေးဖွားသည့်အခြေအနေနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ထားကြောင်း၊  မြန်မာရာဇဝင်တွင်လည်း ဆင်ဖြူတော်ပေါ်ခဲ့သည့်   အစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ယခု ဆင်ဖြူတော်လေးနှင့်ပတ်သက်၍  ဆင်ဖြူတော်သမိုင်းကြောင်းကို အနည်းငယ်ရှင်းပြပြီး ဆင်ဖြူတော်ကို မည်သို့ပြုစုစောင့်ရှောက်ထားသည် ကိုလည်း ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းခြင်းဖြင့်ဆောင်ရွက်

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူပါဝင်သည့်  ပြည်သူ့လုံခြုံရေးစနစ်ကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး   မြောက်ဘက်ပိုင်းများတွင် အဓိက   ဦးစားပေးအကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ အုပ်ချုပ်ရေးမှူးများလုံခြုံရေးနှင့် ပတ်သက် ပြီး  တော်တော်များများ  တိုက်တွန်းထားကြောင်း၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်ဒဏ်ရာရခြင်း၊  သေဆုံး ခြင်းများ များပြားသည်ကိုလည်း  တွေ့ရပါကြောင်း၊ ထို့ကြောင့်   မိမိတို့အနေဖြင့်  ပြည်သူပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်ကို     ဖော်ဆောင်ရာတွင် ဥပဒေအရ     ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းခြင်းဖြင့် ဆောင်ရွက်ရကြောင်း၊     အုပ်ချုပ်ရေးအဖွဲ့များ၏ လိုအပ်ချက်များအား  မြို့နယ်များကို  အဆင့်ဆင့် တင်ပြပေးရန်ပြောလိုကြောင်း၊ လက်နက်ထုတ်ပေး ခွင့် ဆိုသည်ထက် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ပြည်သူ့စစ်ဖွဲ့စည်းခွင့်များကို တိုင်းစစ်ဌာနချုပ်များ၌ ဆောင်ရွက်လျက်ရှိကြောင်း၊ နောက်ဆက်တွဲလိုအပ် သည့်နေရာများတွင်    မိမိကိုယ်ကို   ခုခံကာကွယ် ပိုင်ခွင့်ရှိသည့် လက်နက်များကို ဆောင်ရွက်ပေးလျက် ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

သာစည်မြို့နယ်     ဟန်ဇားတိုက်နယ်ဆေးရုံ ပြန်ဖွင့်သည့်အချိန်တွင် ကန့်ကွက်သူများရှိသကဲ့သို့ တပ်မတော်မှ ဆရာဝန်/ဆရာမများ လာရောက်ချိန်  တွင် ဝမ်းမြောက်စွာကြိုဆိုကြကြောင်း၊ တော်တော် ထူးခြားသည့်ဆေးရုံဖြစ်ကြောင်း၊  တချို့သောနေရာ များတွင် ဆရာဝန်/ဆရာမ  အခက်အခဲများရှိနေသော ကြောင့်   တပ်မတော်မှ   ဆရာဝန်/ဆရာမများဖြင့် ကုသပေးနေကြောင်း၊ ဆေးဝါးကိစ္စများ  လိုအပ်ချက် များကို ယခုသတင်းစာရှင်းလင်းပွဲပြီးပါက  ကျန်းမာ  ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကိုယ်စားလှယ်အား  အချက်အလက်များ အသေးစိတ်ပေးစေလိုကြောင်း၊ မိမိတို့အစိုးရ၊ ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကူညီ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ရတနာဆင်ဖြူတော်ကိုးစီးအထိရှိ

ဆင်ဖြူတော်နှင့်ပတ်သက်လျှင်       သတင်း ထုတ်ပြန်မှုနှစ်ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုပေါ်ထွန်း လာသည့်   ဆင်ဖြူတော်မှာ   ကြန်အင်လက္ခဏာ ရှစ်ချက်ရှိသည့်အနက်   ခုနစ်ချက်နှင့်   ကိုက်ညီမှု ရှိသည်ဟူ၍လည်း      သတင်းထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ ၎င်းကို ၂၀၂၂ ခုနှစ်  ဇူလိုင် ၂၃ ရက် နံနက်  ၆ နာရီခွဲတွင် ရခိုင်ပြည်နယ်  တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းအဖွဲ့၏    ဆင်ဝိုင်းတွင်ရှိသည့် ဆင်တစ်ကောင်မှ      မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊  ထို ဆင်ဖြူတော်နှင့်ပတ်သက်ပြီး ဩဂုတ် ၁၆ ရက် ကလည်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အရပ် အမြင့် ၂ ပေ ၅ လက်မ၊  အလေးချိန်ပေါင်  ၁၉၀ ခန့်ရှိကြောင်း၊  ယခုအချိန်တွင်  အလေးချိန်  ပေါင် ၂၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ဆင်ဖြူတော်ကို ပိုင်ဆိုင်ခွင့်ရရှိသူအနေဖြင့် ဘုန်းတန်ခိုးကြီးမားခြင်း၊ ထင်ပေါ်ကျော်စောခြင်း၊ ရန်သူခပ်သိမ်းကို  အလွယ် တကူအောင်မြင်ခြင်း၊ တိုင်းသူပြည်သားများ ချမ်းသာ ကြွယ်ဝ၍ ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း၊ စားရေရိက္ခာပေါများခြင်း  စသည့်အကျိုး ကျေးဇူးများ ဖြစ်ထွန်းသည်ဟုလည်း မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အဆက်တွင်     ယူဆထားကြောင်း၊ မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ရတနာဆင်ဖြူတော် ကိုးစီးအထိရှိကြောင်း၊  ၎င်းတို့ကို နေပြည်တော်နှင့်  ရန်ကုန်မြို့တွင်ရှိသည့်    ရတနာဆင်ဖြူထိန်းသိမ်း စောင့်ရှောက်ရေးဥယျာဉ်များတွင်         ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း၊   သတင်းစာရှင်းလင်းပွဲ ပြီးပါက ဆင်ဖြူတော်များနှင့်ပတ်သက်သည့်  အချက်  အလက်များ ပေးလိုက်မည်ဖြစ်ကြောင်း၊ ယခုတွေ့ရှိ သည့် ဆင်ဖြူတော်မှာ ပို၍ထူးခြားကြောင်း၊ ယခင်  ပေါ်ထွက်ခဲ့သည့်     ဆင်ဖြူတော်    ကိုးစီးအနက် ပထမဆုံးပေါ်ထွက်ခဲ့သည့်  ဆင်ဖြူတော်တစ်စီးသာ ကြန်အင်လက္ခဏာ     ခုနစ်ချက်နှင့်    ကိုက်ညီပြီး ကျန်သည့် ရှစ်စီးမှာ  ကြန်အင်လက္ခဏာ   ခြောက် ချက်နှင့်သာ  ကိုက်ညီမှုရှိကြောင်း၊  ယခုပေါ်ထွက် ခဲ့သည့်ဆင်ဖြူတော်မှာ ကြန်အင်လက္ခဏာ ခုနစ်ချက် နှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရကြောင်း၊ တိုင်းပြည်  အတွက်၊ နိုင်ငံတော်အတွက် ဂုဏ်တစ်ခုဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

People Media မှ    သတင်းထောက်ချုပ် ဦးကျော်စိုးဦးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA နှင့် PDF များ၏ အကြမ်းဖက်လှုပ်ရှားမှုများကြောင့် အချို့သော  ရဲကင်းစခန်းများကို ရုပ်သိမ်းခဲ့ရကြောင်း၊ ပညာရေးနှင့်ပတ်သက်သည့်    စာသင်ကျောင်းများ လည်း     ဖွင့်လှစ်နိုင်မှုမရှိသေးကြောင်း၊   ထို့ပြင် ကျေးလက်ကျန်းမာရေးဆေးခန်းများလည်း ပြန်လည် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း၊ အဆိုပါကိစ္စများ  မည်မျှဖြစ်ပျက်နေသည်ကို  သိလိုကြောင်း၊  မူလ အတိုင်းပြန်ဖြစ်ရန်အတွက်     နိုင်ငံတော်အနေဖြင့် မည်မျှအထိ ဆောင်ရွက်နိုင်မည်ကိုသိလိုကြောင်း၊ ယခုလက်ရှိ ခြောက်လတာ ကာလအတွင်း ပြီးစီး နိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး ကို ပထမဦးဆုံးမီးရှို့သူမှာ KIA ဖြစ်ကြောင်း၊ တပ်မတော် ကလည်း ယခုအချိန်အထိ  သဘောထားကြီးနေဆဲဖြစ် ကြောင်း၊ နေ့စဉ်အရပ်သားပြည်သူများ  သတ်ဖြတ် ခြင်းခံနေရကြောင်း၊      KIA နှင့်ပတ်သက်သည့် နိုင်ငံတော်နှင့် တပ်မတော်၏သဘောထားကို သိလို ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းဒေသ ကြီး၏     လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ သတင်းထောက်ကြီးမေးမြန်းခဲ့သည့် ရဲကင်းစခန်း များ၏အခြေအနေကို     ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက   ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း၊ KIA နှင့်ပတ်သက်သည့် ကိစ္စများကိုမူ မိမိကဆက်လက်၍ ဖြေကြားပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  အချို့နေရာများ တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အင်အား နည်းပါးသည့်  ရဲကင်းစခန်းများကို   ဝင်ရောက် တိုက်ခိုက်ခဲ့ကြကြောင်း၊ ရဲစခန်းများနှင့် ရဲကင်းများ ရုပ်သိမ်းသည်ဆိုသည့်ကိစ္စမှာ မဟုတ်ကြောင်း၊ အလှမ်း ဝေးသည့် နေရာများတွင်ရှိပြီး အင်အားနည်းပါးသည့်   ရဲကင်းစခန်းငယ်များကိုမူ     ခေတ္တရုပ်သိမ်းထား ကြောင်း၊ ကျန်သည့်စခန်းများကိုမူ  ရုပ်သိမ်းထားခြင်း မရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။

သူပုန်ကိုသူပုန်လို့ပဲ သဘောထားသည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း အသတ်ခံခဲ့ရသူများ၏စာရင်းကို သီးခြား ပေးလိုက်မည်ဖြစ်ကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဖမ်းဆီးရမိခဲ့သည့် လက်နက်များနှင့် ဖမ်းဆီး ရမိသူများကို စစ်ဆေးချက်များအရ KIA က လက်နက် များထောက်ပံ့၍    လုပ်ဆောင်ခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊  ၎င်းတို့   ကချင်ပြည်နယ်ထဲတွင် သာမက စစ်ကိုင်းတိုင်းဒေသကြီးအထိ  စစ်မျက်နှာ တိုးချဲ့နိုင်ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ KIA အပေါ်ထားရှိသည့်  သဘောထား မှာ ၂၀၂၂ ခုနှစ်အထိ ငြိမ်းချမ်းရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး   လုပ်ဆောင်မည်ဟု    ပြောထားပြီးဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍  အဖွဲ့အားလုံး အပေါ်တွင်ထားရှိသည့်  သဘောထားဖြစ်ကြောင်း၊ သို့သော်   အကြမ်းဖက်အဖွဲ့များကို   ကူညီနေသည့် KIAအပေါ် တပ်မတော်ကထားရှိသည့်သဘောထားမှာ “သူပုန်ကို  သူပုန်လို့ပဲသဘောထားသည်”  ဟုသာ  ပြောလိုကြောင်း ဆက်လက်ဖြေကြားသည်။
တဲ့ပြောသတင်းဌာနမှ      အယ်ဒီတာချုပ် ဇော်မင်းဦးက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး  သမ္မတဦးသိန်းစိန်လက်ထက်တွင်   ၂၀၁၂     ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီ ဒေါ်အောင်ဆန်း စုကြည် အနိုင်ရလာပြီးတက်လာကြောင်း၊  လက်ပံ တောင်းတောင် စာချုပ်နှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် လည်း  တောင်းခဲ့ဖူးကြောင်း၊   ယခုပြည်သူများ၏ ကိုယ်စား မိမိတို့သတင်းဌာနများမှ ပြန်တောင်းရမည့်  အနေအထားရှိကြောင်း၊ NLD အစိုးရအုပ်ချုပ်သည့် အချိန်တွင် နိုင်ငံခုနစ်နိုင်ငံခန့်မှ ငွေများချေးငှားထား သည်ဟု  ပြောပါကြောင်း၊   မြန်မာစကားပုံအတိုင်း ကြွေးတင်လျှင် ရှင်ဘုရင်ဆပ်ဆိုသည့်အတိုင်း ရှင်ဘုရင် ဆိုသည်မှာ ရာသက်ပန်အသက်ရှင်သွားမည် မဟုတ် ကြောင်း၊ ထို့ကြောင့် မိမိတို့က  အသက်ကြီးသွားသည့် အချိန်တွင် နောင်လာနောက်သား  သားစဉ်မြေးဆက် များက  ယင်းအကြွေးကို   ဆပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အထောက်အထားများကို သိရှိရန် လိုအပ်ကြောင်း၊   NLD  အစိုးရလက်ထက်တွင် နိုင်ငံခြားမှ   ချေးငှားထားသည့်    ငွေကြေးများနှင့် ပတ်သက်၍  မည်သို့သော  ကတိကဝတ်များရှိပြီး မည်သည့်အချိန်တွင် ပြန်ဆပ်ရမည် မည်မျှရှိသည်ကို  သတင်းစာမှ တိတိကျကျထုတ်ပြန်ပေးရန် ရှိ၊ မရှိနှင့် ထုတ်ပြန်ပေးစေလိုကြောင်း။

နိုင်ငံခြားသားပညာရှင်အယောက် ၁၀၀ ကျော်  ငှားရမ်းထားသည်ဟု ၎င်းတို့ပြောကြောင်း၊ မည်သည့် ငွေများဖြင့် ငှားရမ်းသည်ကိုသိလိုကြောင်း၊ နိုင်ငံတော်  အနေဖြင့်  ဒေါ်လာအခက်အခဲဖြစ်လာပြီး  ဆီဈေး များလည်း တက်နေကြောင်း၊ ဆီဈေးများ တက်နေ ခြင်းကြောင့် ဆီရောင်းဝယ်ဖြန့်ဖြူးရေးကော်မတီကို လည်း ဖွဲ့စည်းလိုက်သည်ဟုသိရကြောင်း၊  ယနေ့ ပေါက်နေသည့် ဆီပေါက်ဈေးထက် တစ်ထောင်ခန့်  လျော့နည်းသော  နှုန်းထားဖြင့်ရောင်းပေးနိုင်ရန် အတွက် ကုမ္ပဏီတချို့က ကမ်းလှမ်းသည်ဟု   မိမိတို့ သတင်းဌာနများအနေဖြင့်  သတင်းရထားကြောင်း၊ မြန်မာငွေဖြင့်     ရုရှားကို   ရှင်းမည်ဖြစ်ကြောင်း၊ ဆီရောင်းဝယ်သည့်    ကိုယ်စားလှယ်များကိုလည်း မြန်မာငွေဖြင့်သာယူမည်ဖြစ်ပြီး  ကျန်သည်များကို ၎င်းတို့က ကုန်ကျခံမည်ဟု  မိမိတို့ ကြားသိထား‌ ကြောင်း၊  ယင်းကိစ္စနှင့်  ထိုကဲ့သို့သော  ပုဂ္ဂိလ်မျိုး တကယ်ရှိလျှင် လက်ရှိအစိုးရအနေဖြင့် အမြန်ဆုံး ခွင့်ပြုပေးစေလိုကြောင်း၊ မိမိအနေဖြင့်  တောင်းဆို ပါကြောင်း မေးမြန်းသည်။

တစ်နှစ်တွင် ဒေါ်လာသန်း ၇၀၀ နီးပါး အကြွေးဆပ်နေရ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်း NlD လက်ထက် တွင် ဝန်ကြီးဌာနအလိုက်  ပြည်ပချေးငွေ  စာချုပ် ချုပ်ဆိုခဲ့သည်မှာ  ၂၀၁၆  ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် တစ်လပိုင်းအကုန်အထိ ချေးငွေစာချုပ် ၆၉  ယူနစ် ချေးငွေစုစုပေါင်း  အမေရိကန်ဒေါ်လာ  ၉ ဘီလီယံ ၉၀၁၉ ဒသမ ၅၃၁ သန်းဖြစ်ကြောင်း၊  အတိုးနှုန်းများမှာ ချေးငွေစာချုပ်အလိုက် အတိုးနှုန်း ကွာခြားချက်ရှိကြောင်း၊   အနည်းဆုံး   အတိုးမဲ့မှ အများဆုံး နှစ်ရာခိုင်နှုန်းအထိဖြစ်ကြောင်း၊  ဆိုင်းငံ့ ကာလမှာ သုံးနှစ်နှင့် သုံးလမှ ၁၅ နှစ်အထိရှိကြောင်း၊  ဆိုင်းငံ့ကာလက   ကျော်လွန်မှ  ကျော်လွန်ပေးဆပ် ရမည်ဖြစ်ကြောင်း၊   မိမိအနေဖြင့်    ပြောခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း      ပြောခဲ့ကြောင်း၊ တစ်နှစ်တွင် ဒေါ်လာသန်း ၇၀၀ နီးပါး အကြွေးဆပ်နေ ရကြောင်း၊ ၎င်းတစ်ယောက်တည်းကို အပြစ်ပြောခြင်း မဟုတ်ကြောင်း၊     ၎င်းရှေ့မှလည်းပါကြောင်း၊ နိုင်ငံတော် ကြွေးမြီများနှင့်စပ်လျဉ်း၍ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်အစိုးရ၏  ကြွေးမြီဆိုင်ရာ  နှစ်ပတ်လည် အစီရင်ခံစာများ၊ ပြည်ထောင်စုလွှတ်တော်၏ သတ္တမ  ပုံမှန်အစည်းအဝေးနှင့်  စတုတ္ထပုံမှန်အစည်းအဝေး များ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်  အစိုးရ၏   ကြွေးမြီ   ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာများ၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာ ဒုတိယအကြိမ်တွင် လေ့လာတွေ့ရှိနိုင်ကြောင်း၊  ယင်းကိစ္စများနှင့်ပတ်သက်၍     မိမိတို့တွင်ရှိသည့် အထောက်အထားများကို မီဒီယာများအား  ပြောမည် ဖြစ်ကြောင်း။

အနီးစပ်ဆုံးအထောက်အထားမှာ  နိုင်ငံတော် ဝန်ကြီးချုပ်ပြောသည့်    မိန့်ခွန်းများတွင်   ပါပြီးဖြစ် ကြောင်း၊ တချို့မှာ အသေးစိတ်ပါပြီးဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် မည်မျှရှိခဲ့ပြီး NLD အစိုးရလက်ထက်တွင်  မည်မျှအထိတက်သွား ကြောင်း၊  NLD အစိုးရလက်ထက်တွင် ပြည်တွင်း၊  ပြည်ပက  မည်မျှရှိသည်ဟု     အသေးစိတ်ပါပြီးဖြစ်ကြောင်း၊ နိုင်ငံခြားသားပညာရှင်များ၏ အကြံပေးဝန်ဆောင်မှု ရယူရာတွင်    နှစ်ခုလုံးဖြစ်ကြောင်း၊    နိုင်ငံတော် ဘတ်ဂျက်နှင့် ပြည်ပချေးငွေ အကူအညီရငွေတို့မှ ကျခံသုံးစွဲခဲ့ရကြောင်း၊   ချေးငွေပေးအပ်သည့်အဖွဲ့အစည်းများနှင့်ချုပ်ဆိုသည့် ချေးငွေဆိုင်ရာ စည်းမျဉ်း မှ ဆောင်ရွက်သည်များလည်းရှိကြောင်း၊  နိုင်ငံခြား ပညာရှင်များ၏     အကြံပေးမှုဝန်ဆောင်မှုဆိုင်ရာ အသုံးစရိတ်များကို ချေးငွေစာချုပ်ပါသတ်မှတ်ချက် များနှင့်အညီ လုပ်ခဲ့ခြင်းရှိကြောင်း၊  ငှားရမ်းသုံးစွဲမှု ရရှိသည့်အကျိုးရလဒ်က စီမံကိန်းအကောင်အထည် ဖော်ဆောင်ရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များက  စီမံကိန်းအောင်မြင်စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအပေါ် မူတည်ကြောင်း၊  တချို့ အကြံပေးအမည်ခံများကို  ပေးရခြင်းမရှိကြောင်း၊  ပိုက်ဆံပေးရသည်ထက် ပိုမိုတန်ဖိုးကြီးသည့်အရာ များပေးရကြောင်း၊ ငွေးရေးကြေးရေးအရ ပေးရခြင်း မဟုတ်ကြောင်း၊ သို့သော် နိုင်ငံတော်၏လျှို့ဝှက်ချက်၊  နိုင်ငံတော်၏စီမံကိန်းတချို့သည်     အရေးကြီးပြီး ပိုက်ဆံကအရေးမကြီးကြောင်း၊    ပိုက်ဆံထက် ပိုတန်ဖိုးကြီးသည့်အရာများက ပို၍အရေးကြီးသည် ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Trend Journal မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ်  ကွယ်လွန် သွားသည့် မြန်မာသံအမတ်နေရာတွင် အစားထိုး ခန့်အပ်မည့်အစီအစဉ်ကို   သိလိုကြောင်း၊    ရုရှားမှ စက်သုံးဆီများ  ဝယ်ယူမည့်သတင်း၊   ဩဂုတ်  ၁၆ ရက်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးတွင်   ဝန်ကြီးချုပ်    ပြောသွားခြင်းလည်း ရှိကြောင်း၊  အွန်လိုင်းမီဒီယာများတွင်   ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦး ပါသည့် ရုရှားမှ ဆီဝယ်ယူရေးကော်မတီကအဖွဲ့ကို  ဖွဲ့စည်းလိုက်သည်ဟု    သတင်းထုတ်ပြန်ထားသည့်  သတင်းများတက်နေကြောင်း၊    ဆီကိစ္စနှင့်ပတ်သက် ပြီး    ဩဂုတ်  ၁၆ ရက်က ၇/၂၀၂၂   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင်  နိုင်ငံတော် ဝန်ကြီးချုပ်က ဆီကိစ္စကိုမပူရန် ဆီသင်္ဘောများလည်း   လာနေပြီဟုပြောကြောင်း၊  ရုရှားကဆီများ တကယ် ရောက်လာပြီဆိုပါက   ဆီလိုအပ်ချက်ရှိနေသည့် မြန်မာပြည်သူများအတွက် ဝမ်းသာစရာဖြစ်ကြောင်း၊ ယင်းကိစ္စကို အသေးစိတ် ရှင်းလင်းပေးစေလိုကြောင်း  မေးမြန်းသည်။

စက်သုံးဆီဈေးနှုန်းထိန်းနိုင်မည်

ဗိုလ်ချုပ်ဇော်မင်းထွန်းက   တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်သည့်  မြန်မာနိုင်ငံမှ သံအမတ် ကြီးသည် ကူမင်းမြို့ကို အစည်းအဝေးသွားရောက်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊  ၎င်းနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် မိသားစုနှင့်အတူ  ထပ်တူထပ်မျှ    ဝမ်းနည်းရပါကြောင်း၊    သံအမတ် အမြန်ဆုံးခန့်အပ် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ ခန့်အပ်နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ရုရှား နိုင်ငံမှ   ဆီဝယ်ယူပြီး   ဖြန့်ဖြူးရောင်းချနိုင်ရေးကိစ္စ မတိုင်မီ ရုရှားနိုင်ငံခရီးစဉ်ကို နိုင်ငံတော်ဝန်ကြီးချုပ် သွားခဲ့သည်ကို   မှတ်မိမည်ဖြစ်ကြောင်း၊    ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော လိုက်ပါသွားသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထိုအချိန်ကတည်းက ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယခင်ကတည်းက ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ ထိုခရီးစဉ်တွင် အပြီးသတ် သဘောတူညီချက်ရယူ  ဆောင်ရွက်ခဲ့ကြောင်း၊    ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံမှ ဆီဝယ်ယူလျက်ရှိကြောင်း၊  စင်ကာပူ နိုင်ငံသည်  ရေနံထွက်သည့်  နိုင်ငံမဟုတ်ကြောင်း၊ စင်ကာပူနိုင်ငံသည်    တခြားနိုင်ငံများမှ    ရေနံနှင့် ရေနံချက်    ပစ္စည်းများသွင်းပြီးမှ   ရေနံချက်သည့် လုပ်ငန်းများလည်းရှိကြောင်း၊ ထို့အပြင် တစ်ဆင့်ခံရောင်းချနေခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် ရေနံ မူရင်းထွက်သည့်နိုင်ငံဖြစ်ကြောင်း၊ မူရင်းထွက်သည့် နိုင်ငံဖြစ်သောကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင် သည့်နေရာမှာ နှစ်ချက်ရှိကြောင်း၊ နံပါတ်(၁) ဈေးနှုန်း သက်သာရမည်၊ နံပါတ်(၂) အရည်အသွေးပြည့်မီပြီး လျင်လျင်မြန်မြန်   ရနိုင်ရမည်ဖြစ်ကြောင်း၊  ယင်း နှစ်ချက်အပေါ်မူတည်ပြီး    ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ရုရှားနှင့် မြန်မာသည် ဆက်သွယ်ဆက်ဆံမှု မြင့်မားနေသည့်အချိန်ဖြစ်ကြောင်း၊ နောင်တွင်လည်း ဆက်သွယ်ဆက်ဆံမှု ပိုမိုမြင့်မားလာမည်ဖြစ်သော ကြောင့်  စက်သုံးဆီနှင့်ပတ်သက်ပြီး   အာမခံချက် တစ်ခုရရှိပြီးဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် မိမိတို့ လိုသမျှ ရရှိနိုင်မည်ဖြစ်၍ ဈေးနှုန်းအနေဖြင့် ထိန်းနိုင် မည်ဟုပြောနိုင်ကြောင်း၊ မိမိတို့ လက်ရှိလုပ်နေသည့်  ပြည်ပ မူရင်းနိုင်ငံများမှ ဝယ်နိုင်သည့် အခွင့်အရေးကို မိမိတို့ရရှိပြီးဖြစ်ကြောင်း၊     ထို့ကြောင့်    ပိုမိုပြီး အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်းကို သတင်း ကောင်းပါးလိုကြောင်း၊ 

ရေနံတူးဖော်ရေးလုပ်ငန်းများ၊ ရေနံရှာဖွေရေး 
လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်

ထို့အပြင် လက်ရှိမြန်မာနိုင်ငံအတွင်းတွင် မိမိတို့ လုပ်နေသည်မှာ နံပါတ်(၁)  ရုရှားနိုင်ငံနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရေးလုပ်ငန်းများ၊     ရေနံရှာဖွေရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ရုရှားနိုင်ငံသာမက တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံများဖြင့်လည်း ပူးပေါင်းပြီး  လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊  ယခုလောလောဆယ်တွင်    အနီးစပ်ဆုံးလုပ်ဆောင်နေခြင်းသည် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ကုန်းတွင်းပိုင်း  ရေနံလုပ်ကွက်များတွင်    ရေနံအထွက်နှုန်း၊     သဘာဝဓာတ်ငွေ့အထွက်နှုန်း   တိုးတက်အောင် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ပြီးဖြစ်ကြောင်း၊ မကြာမီတွင် လုပ်ငန်းများ စတင် မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လုပ်ဆောင်သွား မည့်   အကြမ်းဖျင်း အစီအစဉ်များသည်  ယင်းတို့ကို တူးဖော်လုပ်ကိုင်မည်ဖြစ်ကြောင်း၊      ထို့နောက် အထွက်တိုးလာလျှင်    ထွက်ရှိလာသည့်အပေါ်တွင် ကုမ္ပဏီနှင့် မြန်မာ့ရေနံတို့က ခံစားမည်ဖြစ်ကြောင်း၊ ယင်းတို့သည် ပြည်သူလူထုလက်ထဲသို့   ရောက်မည် ဖြစ်ကြောင်း၊  ထို့အပြင် ရေနံထွက်နှုန်း  အသင့်အတင့် ရှိသည့်  တွင်းတိမ်ရေနံတူးဖော်ရေးလုပ်ငန်းများကို လည်း စနစ်တကျလုပ်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်  ကိုယ်တိုင်က  မှာကြားပြီးဖြစ်ကြောင်း၊  အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ များအပါအဝင် အစိုးရဝန်ကြီးဌာနများအားလုံး ပါဝင်ပြီး အစည်းအဝေးတွင်  ယင်းကိစ္စများနှင့်ပတ်သက်၍ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း။

ထို့အပြင်   ကျန်သည့်   ရေနံစွမ်းအင်လုပ်ငန်း အတွက်လည်း စွမ်းအင်နှင့်ပတ်သက်ပြီး တိုးတက် ရေးအတွက်လည်း     ဦးစီးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့်  ပြောလို သည်မှာ နိုင်ငံတော်အစိုးရအနေဖြင့်  စီးပွားရေးနှင့် ပတ်သက်ပြီး  Sector  တိုင်း   Sector  တိုင်းတွင်  တိုးတက်မှုရှိအောင်  ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ခုဝန်ခံလိုသည်မှာ   အနှောင့်အယှက်  အဖျက် အဆီးများရှိနေကြောင်း၊ ဥပမာ MOGE ၏ လုပ်ငန်း များ တွင်ကျယ်လာပြီး စွမ်းအင်ဝန်ကြီးဌာန တွင်ကျယ် လာသည်နှင့်အမျှ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက အမျိုးမျိုးပြောဆိုနေကြခြင်းကို     မီဒီယာကြီးများ  အနေဖြင့်     ကြားသိမည်ဖြစ်ကြောင်း၊    ယင်းကို Sanction  လုပ်ရန်   အော်နေသည့်   အသံမျိုးများ   ကြားရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် စားသောက် ကုန်များ   အလုပ်ဖြစ်လာလျှင်လည်း   အမျိုးမျိုး ပြောကြမည်ဖြစ်ကြောင်း၊ ယင်းအဖျက်အဆီးများကို  ကြုံတွေ့ နေရမည်ဖြစ်ကြောင်း၊    ယင်းကိစ္စများကို   ယခင် အချိန်ကတည်းက ကြံ့ကြံ့ခံပြီး  ကျော်လွှား ခဲ့ကြောင်း၊  ယခုအချိန်အခါတွင်လည်း   မိမိတို့     ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြန်လည် ဖြေကြားသည်။ ‌

(ဆက်လက်ဖော်ပြပါမည်)