အမိနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အတူတကွ နေထိုင်နေကြသူများဖြစ်သည့်အတွက် နိုင်ငံ့အရေးကို စိတ်တူကိုယ်တူ တစ်သွေးတည်းတစ်သားတည်း ကြိုးပမ်းဆောင်ရွက်ကြရမည်

နေပြည်တော်၊ ဩဂုတ် - ၂၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။

 

အဆိုပါ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း တို့နှင့်အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခိုင်စိုးမြတို့ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသနှင့် တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေး အတွက် တိုင်းရင်းသားကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ယခုထက် ပိုမိုပါဝင်လာရန် လိုအပ်သည့် အခြေအနေများ၊ ထိုသို့အနာဂတ်တွင် တိုင်းရင်းသားများ နိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည်များနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ အမျိုးအစားအလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အမိနိုင်ငံတော်တည်းဟူသော အရိပ်အာဝါသ အောက်တွင် အတူတကွ ပေါင်းစည်းနေထိုင်ကြသူများဖြစ်သဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပါက တစ်သွေးတစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောထားတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကို အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အဖွဲ့ဝင်များက လက်နက်ကိုင်ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများဖြင့် ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်၍ မရနိုင်သည်ကို နားလည်သဘောပေါက်ပြီး ငြိမ်းချမ်းမှု ရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် ငြိမ်းချမ်းရေးဆိုင်ရာ လက်တွေ့တိုးတက်မှုတစ်ခုကို ပုံဖော်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအစိုးရနှင့် တပ်မတော်က ရဲရဲဝံ့ဝံတာဝန်ယူ၍ ဆောင်ရွက်သွားနိုင်မည့် အခြေအနေကောင်းဖြစ်ပေါ်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ တိုင်းပြည်၊ ပြည်သူလူထုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ထားရှိသည့် စစ်မှန်သည့် စေတနာကို ပိုမိုထင်ရှားစွာ သိမြင်လာစေရေး ဆောင်ရွက်နေမှုများ၊ ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်နေချိန်တွင် ဆင်ဖြူရတနာ ပေါ်ထွန်းလာမှုသည်လည်း နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိတ်၊ နိမိတ်ကောင်းဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက် အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို တင်ပြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် တိုင်းရင်းသားဒေသများ အနေဖြင့်လည်း ယင်းအခွင့်အရေးကို အမိအရ ရယူပြီး အပြည့်အဝအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်စေလိုသည့် အခြေအနေများ၊ နယ်မြေဒေသတစ်ခုတည်းနှင့် တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်း၌ပင် မတူညီသည့် သဘောထားအမြင်နှင့် ရပ်တည်ချက်များ ရှိနိုင်မည်ဖြစ်သည့်အတွက် တူညီသော သဘောထားအမြင်များ ရရှိစေရေး ဆွေးနွေးအဖြေရှာ၍ ဒေသမှတဆင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအထိ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်သည့် အခြေအနေများ၊ ယခုဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုပြီးလျှင်လည်း ရရှိလာသည့် သဘောထားဆန္ဒများအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် နိုင်ငံရေးလမ်းကြောင်းပုံစံအတွက် ကြိုတင်သဘောတူညီမှုများ ရယူခြင်း၊ ညှိနှိုင်းခြင်းများအား အချိန်ယူ၍ အသေးစိတ် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် ငွေကျပ်ဘီလီယံ ၃၃၀ အား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ခွင့်ပြုထားပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက လက်ခံရယူကြပြီး ဒေသထွက် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

 

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်