ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၄ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

ဩဂုတ် ၁၉

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံရာသီ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးနှင့်ဆက်နွှယ်သည့်မတော်တဆမှုများကြောင့် ၁၄ ဦး သေဆုံးပြီး အခြား ၁၄  ဦး ဒဏ်ရာရရှိခဲ့သည်ဟု သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့( အင်န်ဒီအမ်အေ )က ဩဂုတ်လ ၁၇ ရက်ညနေပိုင်းက ပြောကြားခဲ့သည်။

 

အင်န်ဒီအမ်အေ၏ပြောကြားချက်အရ နိုင်ငံတစ်ဝန်း မိုးနှင့်ဆက်နွှယ်သည့်မတော်တဆမှုများကြောင့် သေဆုံးခဲ့သူများတွင် အမျိုးသမီးရှစ်ဦးနှင့် ကလေးငယ်ငါးဦးထက်မနည်း ပါဝင်သည်ဟု သိရသည်။

 

နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပါ့ခ်ျထတ်ခ်ဝါပြည်နယ်သည် ရေဘေးသင့်အများဆုံးခံရသောဒေသဖြစ်ကာ လူ ၁၀ ဦးသေဆုံးခဲ့သည်။ ထိုပြည်နယ်ပြီးလျှင် တောင်ပိုင်းဆင်းရှ်ပြည်နယ်တွင် သေဆုံးသူလေးဦးရှိကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် အဆိုပါမိုးကြောင့် နေအိမ် ၃၅၂ လုံးပျက်စီးခဲ့သည်။

 

ပါကစ္စတန်နိုင်ငံတွင် ဇွန်လလယ်ပိုင်းမှစတင်ကာ မုတ်သုံမိုးရွားသွန်းမှုကြောင့် ကလေးငယ် ၂၃၈ ဦးနှင့် အမျိုးသမီး ၁၃၉ ဦးအပါအဝင် ၆၄၉ ဦး သေဆုံးခဲ့သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။

 

ထိုသည်းထန်စွာရွာသောမိုးကြောင့် နေအိမ် ၇၂၈၇၁ လုံး၊ တံတား ၁၂၉ စင်းနှင့် ဈေးဆိုင် ၄၃ ဆိုင် ပျက်စီးခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။

 

အဆိုပါရေဘေးသင့်ဒေသများတွင် အင်န်ဒီအမ်အေ၊ အခြားအစိုးရအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို