ရုရှားနိုင်ငံ၌ ကျင်းပသည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ မြန်မာ့တပ်မတော် ဝင်ရောက်ယှဉ်ပြိုင်၊ နိုင်ငံပေါင်း ၂၀ ယှဉ်ပြိုင်ရာတွင် အဆင့် ၈ နေရာရရှိ

နေပြည်တော် ဩဂုတ် ၁၆

 

ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ၂၀၂၂ ခုနှစ် ဩဂုတ် ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံ တကာဗိုလ်လောင်းများ အားကစား ပြိုင်ပွဲ (3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လောင်းများသည် ပြိုင်ပွဲတွင် အားကစားအမျိုးအစားခုနစ်မျိုး ရှိသည့်အနက် သုံးမျိုး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ရိုင်ဖယ်သေနတ်ပစ် တစ်ဦးချင်း အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆု၊ ရိုင်ဖယ်သေနတ်ပစ် အသင်းလိုက် အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု၊ ပစ္စတိုသေနတ်ပစ် တိကျပစ်ခတ်ခြင်း အသင်းလိုက်ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုနှင့် ပစ္စတိုသေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ် ခြင်းပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု အသီးသီးရရှိ ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ရှိသည့်အနက်တွင် နိုင်ငံအလိုက် အဆင့် ၈ နေရာ ရရှိခဲ့သည်။

 

အဆိုပါ တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဗိုလ်လောင်းများနှင့် အုပ်ချုပ်သူ နည်းပြအရာရှိများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်