ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် မလေးရှားကို မြန်မာအသင်း ရှုံးနိမ့်

သြဂုတ် ၉ 

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို သြဂုတ် ၉ ရက်က ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ကျင်းပရာ မြန်မာအသင်းသည် မလေးရှားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။

နှစ်ပွဲဆက်အရေးနိမ့်ထားသည့် မြန်မာအသင်းသည် ယခုအုပ်စုနောက်ဆုံးပွဲတွင်လည်း မလေးရှားကို ထပ်မံအရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အုပ်စုသုံးပွဲစလုံး ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး အုပ်စုအောက်ဆုံးနေရာသာ ရပ်တည်ခဲ့သဖြင့် တတိယနေရာလုပွဲသာ ကစားရတော့မည်ဖြစ်သည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး  အောင်ပြည့်ဖြိုး (ဂိုး)၊ သာယာဝင်းထက်၊ မျိုးမင်းဟိန်း၊ လန်းဆန်းအောင်၊ အာကာကျော်၊ ချစ်အေး၊ မိုးဆွေ၊ ဟိန်းဇော်နိုင်၊ ထွန်းထွန်းသိန်း၊  စွမ်းထက်၊ သန်းတိုးအောင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ ၂ မိနစ်မှာပင် မလေးရှားအသင်း ဂိုးစတင်ရရှိပြီး နာဆာရင်က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် ပွဲအစ မိနစ်အနည်းငယ်အတွင်း ဂိုးများပေးနေရပြီး ဂိုးစတင်ပေးလိူက်ရသဖြင့် နောက်မှလိုက်ကစားရကာ မျှော်မှန်းသလို မကစားနိုင်ခဲ့ပေ။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ဂိုးမရခဲ့ပေ။ ပွဲပြီးခါနီး ၈၇ မိနစ်တွင် မလေးရှားအသင်း ဒုတိယဂိုးရခဲ့ပြီး အဘူဘာကာက သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုသုံးပွဲစလုံး အရေးနိမ့်ခဲ့သဖြင့် အုပ်စုအောက်ဆုံးနေရာ၌ ရပ်တည်ခဲ့ပြီး တတိယနေရာလုပွဲသာ ကစားရတော့မည်ဖြစ်သည်။


သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-VFF