ဧရာဝတီယူနိုက်တက်အသင်း ၂၀၂၂ MNL ပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲရရှိ

နေပြည်တော်   ဇူလိုင်   ၄

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ ဧရာဝတီအသင်းက ရခိုင်အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။

ရာသီအစ ပထမဆုံးပွဲတွင် ဟံသာဝတီကို အရေးနိမ့်ထားသည့် ဧရာဝတီအသင်းသည် ဒုတိယမြောက် ပွဲတွင် နိုင်ပွဲပြန်ရှာတွေ့ခဲ့ပြီး အနိုင် သုံးမှတ်ရရှိခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းမှာမူ ယခုပွဲတွင်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သဖြင့် ရာသီအစ နှစ်ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရသည်။

ဧရာဝတီအသင်း၏ ပွဲထွက်လူစာရင်းတွင် တင်ဝင်းအောင်၊ ဇော်လင်း၊ အောင်နိုင်ဝင်း၊ ရန်ကျော်ထွေး၊ ရာဇာအောင်တို့ပါဝင်ပြီး ရခိုင်ယူနိုက်တက်အသင်းမှာမူ စိုးအာကာ(ဂိုး)၊ ဇေယျာနိုင်၊ အီဘရာဟင်မ်၊ သက်ထွန်းအောင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမဆုံးပွဲတွင် ရှုံးပွဲကြုံတွေ့ထားသည့် နှစ်သင်း တွေ့ဆုံသောကြောင့် ပထမဆုံးနိုင်ပွဲရရန် ပွဲစကတည်းက တိုက်စစ်မြှင့်ခဲ့ပြီး ၂၅ မိနစ်တွင် ဧရာဝတီအသင်းက ဂိုး စတင်သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကို ရန်ကျော်ထွေးက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ အပြန်အလှန်ရှိခဲ့သော်လည်း ဂိုးထပ်မသွင်းနိုင်သဖြင့် ဧရာဝတီအသင်းက ပထမပိုင်းအပြီးတွင် တစ်ဂိုးအသာဖြင့် အနိုင်ရနေသည်။ ဧရာဝတီအသင်းသည် ဒုတိယပိုင်းအစတွင် ဂိုးထပ်မံရခဲ့သဖြင့် ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၄၉ မိနစ်တွင် ရာဇာအောင်ကသွင်းယူခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း ဧရာဝတီခံစစ်က အမှားအယွင်းမရှိ ထိန်းချုပ်နိုင် ခဲ့ပြီး ဧရာဝတီအသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုးကို ၇၈ မိနစ်တွင် ရာဇာအောင်က သွင်းယူခဲ့သည်။

ပွဲစဉ် (၂) တတိယနေ့ကို ဇူလိုင် ၄ ရက် (ယနေ့) ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြဝတီအသင်းနှင့် အားကာသိပ္ပံအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ - MNL