ကျန်းမာရေးအသိ အမြဲရှိလျက်နေထိုင်

 

ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများမှ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းအား ဖြေလျှော့ခြင်းနှင့်ပတ်သက်သည့် အများပြည်သူသို့ အသိပေးသော သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ကျန်းမာရေး ဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် Mask တပ်စရာမလိုတော့ဟု အတွေးမမှားဖို့လိုအပ်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကူးစက်မြန်ရောဂါ အဖြစ် စတင်သတ်မှတ်သည့်အချိန်မှစ၍ ရောဂါကာကွယ်ရေးအတွက် ပြည်သူ များအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရန် အစဉ်အမြဲ တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာခြင်း၊ ပြည်သူလူထုက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအား ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းများကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှုန်းများ သိသိသာသာ ကျဆင်းလာပြီဖြစ်၍ နှာခေါင်းစည်းတပ်ဆင်ခြင်းကို လုံးဝပယ်ဖျက် ခြင်းမဟုတ်ဘဲ ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ပါသည်။

ပြည်သူများအနေဖြင့် အခန်းတွင်း၌ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေသည့်အခါ၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ် စသည့်ယာဉ်များဖြင့် ခရီးသွားလာသည့်အခါ၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာန၊ ရုံး၊ ကျောင်း၊ ဈေးဝယ်စင်တာ၊ ဘိုးဘွား ရိပ်သာ အစရှိသည့် လူနေထူထပ်သောနေရာများ၌ လူအများနှင့်အတူရှိနေသောအခါ၊ ဖျားနာခြင်း၊  ချောင်းဆိုးခြင်း၊  နှာချေခြင်း၊  နှာစေးခြင်း၊  လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာတစ်ခုခုရှိသောအခါများ တွင် ပါးစပ်နှင့် နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ရန် လိုအပ်ပြီး ယင်းအခြေ အနေများမဟုတ်သည့် အနေအထားတွင်မူ Mask ကို မတပ်ဘဲနေနိုင်သည့် သဘောဖြစ်ပါသည်။

 

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် အရှင်းပျောက်ကွယ်သွားခြင်းမရှိသေးဘဲ နိုင်ငံအချို့တွင် ရောဂါဖြစ်ပွားနှုန်း မြင့်မားနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင်မူ လျော့ကျလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာ လျော့ကျသွားသော်လည်း ရောဂါပိုးတွေ့ရှိမှု နေ့စဉ်အနည်းငယ်ရှိနေပြီး အချို့ ရက်များတွင် ဆယ်ဂဏန်းအထက် တိုးလာသည်ကို တွေ့ရပါသည်။ ရောဂါကြောင့် သေဆုံးသူ မရှိတော့သော်လည်း    ရောဂါပိုးမတွေ့တော့သည့် ရက်မရှိသေးပါ။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဥပေက္ခာပြုထားရန် မသင့်သေးဟု ဆိုချင်ပါသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သည့် ဗီဇမျိုးကွဲ မျိုးစိတ်များ ဆက်လက်ပေါ်ထွက်နေဆဲဖြစ်ပြီး မကြာသေးမီက မျောက်ကျောက် ရောဂါတစ်မျိုး အာဖရိကတွင် စတင်တွေ့ရှိကာ ယခုအခါ ကမ္ဘာ့နိုင်ငံ ၄၄ နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိသွားသဖြင့် ကူးစက်လူနာပေါင်း ၃၅၀၀ ကျော်ပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အသိပေးထားသည်။ အမှန်တကယ်တွင် ဗိုင်းရပ်စ်ပိုးမွှားများသည် လူတို့ နှင့်အတူရှိနေတတ်ပြီး လူတို့ကိုယ်ခံအားကောင်းနေသောအခါ၊ အကျိုးပြုပိုးများ ရှိနေသောအခါ လူကိုအန္တရာယ်ပေးနိုင်သောဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ကူးစက် နိုင်ခြင်းမရှိဘဲ လူတွင် ကိုယ်ခံအားနည်းသွားသည့်အခါ ရောဂါပိုးများဝင်ရောက် လာနိုင်ပါသည်။

 

ထို့အပြင် လူတို့ကမ္ဘာတွင် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုများ၊ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါပိုး ဆိုက်ရောက်မှုများ ရှိခဲ့ဖူးပြီး အနာဂတ်ကာလတွင်လည်း ရှိလာနိုင်ပါသည်။ ရောဂါစတင်ဖြစ်ပွားသည့်နေရာမှသည် အခြားသို့ပျံ့နှံ့လာခြင်း သည် လူတို့ကြောင့်ပင်ဖြစ်သည်ကို သတိမူရမည်ဖြစ်သည်။ လူတို့၏ ကြောက်စိတ်များကြောင့် ရွှေ့ပြောင်းထွက်ခွာ နေထိုင်ကြရာမှ၊ လူတို့၏ မဆင်မခြင် ကျန်းမာရေး နှင့်မညီညွတ်သည့် နေထိုင်မှုပုံစံများရှိကြရာမှ၊ လူ့အသုံးအဆောင်ပစ္စည်းများမှ ရောဂါပိုးများ ပျံ့နှံ့လာခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။ လူတို့၏နေထိုင်လုပ်ကိုင် မှုဘဝ အဆင်ပြေစေရေးအတွက် ဖြေလျှော့ပေးလိုက်သော်လည်း မေ့မေ့ပျောက် ပျောက် ပေါ့ပေါ့တန်တန် မနေကြရန် လိုအပ်ပါသည်။

 

သို့ဖြစ်ရာ မည်သည့်ကိစ္စတွင်မဆို သတိဆိုသည်မှာ ပိုသည်မရှိပါ၍ ကျန်းမာ ရေးနှင့်ပတ်သက်လာလျှင်လည်း အစစအရာရာ သတိထားကြရမည်ဖြစ်သည်။ မျက်မှောက်ကာလ ကိုဗစ်-၁၉ ရောဂါ အရှင်း မကွယ်ပျောက်သေးသောအခါ၌ ပတ်ဝန်းကျင်အခြေအနေကိုသတိမူပြီး ကျန်းမာရေးအသိအမြဲရှိ၍ ဆောင်ရွက် သင့်သည်တို့ကို ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

ကြေးမုံ