ပွင့်ဖြူမြို့နယ်ဒေသထွက် နှမ်းများကို ဈေးကောင်းပေးဝယ်ယူသဖြင့် ဒေသခံတောင်သူများ ရောင်းဝယ်ရေး အဆင်ပြေ

ပွင့်ဖြူ ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများကို ဒေသခံတောင်သူများ သိမ်းဆည်းလျက်ရှိရာ မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ ပွင့်ဖြူမြို့နယ်သို့ လာရောက်ပြီး နွေနှမ်းများကို ဈေးကောင်းပေးဝယ်ယူသဖြင့် နွေနှမ်းစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

 

ထိုသို့ မြင့်မြတ်တော်ဝင်ကုမ္ပဏီက ပွင့်ဖြူမြို့နယ်သို့ လာရောက်ပြီး နှမ်းများလာရောက်ဝယ်ယူရာတွင် ကုမ္ပဏီ တာဝန်ခံ ဒေါ်မေသန္တာနှင့် ဝန်ထမ်းများအဖွဲ့က တိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် ပွင့်ဖြူမြို့နယ်တောင်သူ ဖွံ့ဖြိုးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး နှမ်းစုပေါင်းရောင်းချပွဲကို စီစဉ်ပြုလုပ်ပြီး ဝယ်ယူခြင်းဖြစ်ကြောင်း၊ နှမ်းများဝယ်ယူရာ၌ နှမ်းအမျိုးအစားအလိုက် (A,B,C) ဟု အဆင့် (၃)ဆင့် ခွဲ၍ ဝယ်ယူကြောင်း သိရသည်။

 

အဆိုပါ နှမ်းစုပေါင်းရောင်းချပွဲအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများ အဖွဲ့က ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သွားရောက်ကြည့်ရှုပြီး တောင်သူများ အဆင်ပြေစွာ ရောင်းချနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

“ကျွန်မတို့ ပွင့်ဖြူမြို့နယ်ဒေသထွက် နွေနှမ်းတွေကို မြင့်မြတ်တော်ဝင်ကုမ္ပဏီက ဈေးကောင်းပေးပြီး လာရောက်ဝယ်ယူပါတယ်။ ခုလို ပွင့်ဖြူမြို့နယ်အထိ လာရောက်ဝယ်ယူတဲ့အတွက် ဒေသတွင်းရှိ နှမ်းရောင်းလိုတဲ့ တောင်သူတွေအတွက် အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ ရောင်းချခွင့်ရလို့ အဆင်ပြေတာပေါ့။ နှမ်းဝယ်ယူခြင်းကို တောင်သူတွေ အဆင်ပြေစွာ ရောင်းချနိုင်ရေးအတွက် ကုမ္ပဏီမှ ဝန်ထမ်းများက တိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် မြို့နယ်တောင်သူဖွံ့ဖြိုးရေး အဖွဲ့တို့နှင့် ပူးပေါင်းပြီး ကံသာကြီးကျေးရွာမှာ နှမ်းစုပေါင်းရောင်းချပွဲကို စီစဉ်ပြုလုပ်ပြီး ရက်ပေါင်း(၄၀)လောက်အထိ ဝယ်ယူသွားရန် စီစဉ်ထားရှိတယ်လို့ သိရပါတယ်။ ယခုလို နှမ်းစုပေါင်းရောင်းချပွဲကို ကျွန်မတို့ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ ဒေသခံတောင်သူတွေ နှမ်းများကို အဆင်ပြေစွာ ရောင်းချနိုင်ရန်နှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သွားရောက်ကြည့်ရှုပြီးတော့ လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။ နှမ်းဝယ်ယူရာတွင် နှမ်းအမျိုး အစားအလိုက် (A,B,C) ဟု အဆင့် (၃)ဆင့် ခွဲပြီးတော့ ဝယ်ယူတာဖြစ်ပြီး စမုံနက်နှမ်း(ထိပ်စ) ၁၅ ပိဿာ တစ်တင်းလျှင် ၈၀၈၀၀ ကျပ်၊ နှမ်းနက်(ရိုးရိုး) တစ်တင်းလျှင် ၇၀၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၆၅၀၀၀ ကျပ်၊ နှမ်းနီတစ်တင်းလျှင် ၅၀၀၀၀ ကျပ်မှ ၅၅၀၀၀ ကျပ်အထိ  ဈေးကောင်းပေးဝယ်ယူပါတယ်။ နှမ်းဝယ်ယူခြင်းကို ဥပုသ်နေ့မှလွဲ၍ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ဝယ်ယူပေးမည်ဖြစ်၍ ရောင်းချလိုတဲ့ ဒေသခံတောင်သူတွေအနေနဲ့ အဆင်ပြေစွာ ရောင်းချနိုင်မှာဖြစ်ပြီး ဈေးကောင်းပေးဝယ်ယူတဲ့အတွက် ယခုနှစ်ဟာ နှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူတွေ ပြုံးပျော်ရမည့်နှစ်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဌေးဌေးဝင်းက ရှင်းပြသည်။

 

အဆိုပါ မြင့်မြတ်တော်ဝင်ကုမ္ပဏီ သည် ယခုဝယ်ယူသည့် ပွင့်ဖြူမြို့နယ်ဒေသထွက် နှမ်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ နှမ်းရောင်းဝယ်ရေး ကုန်သည်လုပ်ငန်းရှင်များထံ တိုက်ရိုက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးပေါ်ချိန်တွင်လည်း တိုင်းဒေသကြီး/ မြို့နယ် တောင်သူဖွံ့ဖြိုးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ စုပေါင်းရောင်းချပွဲအား ကျင်းပ၍ လာရောက်ဝယ်ယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)