ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ  သင်တန်းဖွင့်ပွဲကျင်းပ

ပခုက္ကူ  ဇူလိုင် ၁

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဒုတိယအကြိမ် လက်ရက်ကန်း(၆)လ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၁ရက် နံနက်ပိုင်းက  ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးနိုင်ထူးက အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအကြောင်းနှင့် သင်တန်းသူများ လိုက်နာရမည့် သင်တန်းစည်းကမ်းများနှင့် အဆောင်စည်းကမ်းများအကြောင်းတို့ကို ရှင်းလင်းပြောကြားကာ သင်တန်းတွင် လက်တွေ့သင်ကြားပို့ချပေးမည့် လက်ရက် ကန်းစင်နှင့်ဆက်စပ်ပစ္စည်းများအား လိုက်လံရှင်းလင်းပြသသည်။ 

 

အဆိုပါသင်တန်းကို ဇူလိုင်လ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်နေ့အထိ ဒုတိယအကြိမ်ဖွင့်လှစ်မည့် ခြောက်လသင်တန်းဖြစ်ပြီး သင်တန်းသူ(၁၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသူတစ်ဦးအား တစ်လလျှင် ငွေကျပ်သုံးသောင်းစီဖြင့် နိုင်ငံတော်မှ ပညာသင်ထောက်ပံ့ကြေးချီးမြှင့်မည်ဖြစ်ပြီး အဆောင်တွင် အခမဲ့နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊  အခြေခံစက်ချုပ်၊ လက်ရက်ကန်း၊ လက်ချည်မျှင်ဆွဲနှင့်ဂျပ်ခုတ်၊ အထည်ခွဲစိတ်လေ့လာခြင်း၊ အဖြူချွတ် ဆေးဆိုး၊ အထည်ဒီဇိုင်း၊ မော်တော်အပ်ချုပ်စက်ကိုင်တွယ် အသုံးပြုနည်းစသည့်ဘာသာရပ်များကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးဆုံးသူများအား လက်ရက်ကန်းစင်တစ်စုံ ထောက်ပံ့ပေးအပ်ခြင်း၊ ချည်မျှင်နှင့်အထည်စက်ရုံများ၊ ပုဂ္ဂလိကပိုင်စက်ရုံများတို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးချိတ်ဆက်ပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက ပြောပြသည်။

 

 

ခရိုင်(ပြန်/ဆက်)