မောင်သိန်းဆိုင်
ယမန်နေ့မှအဆက်
“ဟုတ်တယ်။ ဧည့်ကောင်း စောင်ကောင်း ပါလာတယ်”
အလင်းရောင်နှင့် မျက်စိတို့ ကျင့်သားမရသေးသဖြင့် ကိုမောင်မောင်ဦး၏ မျက်စိမှာ ပြာဝေနေသည်။ အလင်းရောင်ကို လက်နှင့်ကာလိုက်ရသည်။
“ကဲ ကြွ၊ ကိုယ်တော်”
အမျိုးသမီးက ကိုမောင်မောင်ဦးကိုလှမ်းပြောရင်း အိမ်ပေါ်သို့တက်သည်။ ကိုမောင်မောင်ဦးမှာ ခြေလှမ်းတုံ့နေသည်။ ရုတ်တရက် အိမ်အတွင်းမဝင် ဖြစ်သေး။
“လာပါ၊ အိမ်ထဲဝင်ပါ”
တံခါးဖွင့်ပေးသူကပါ လှမ်းခေါ်သည်။ သည်တွင် ကိုမောင်မောင်ဦး အိမ်အတွင်း ဝင်သည်။ သူ အတွင်းသို့ဝင်လျှင် ဝင်မိချင်း တံခါးပိတ်လိုက်သည်။
အိမ်မှာ တစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်သည်။ သုံးပင်နှစ်ခန်းဖြစ်သည်။ သစ်လွင်သော်လည်း အဖိုးများစွာ တန်မည် မထင်ရသော ပရိဘောဂများရှိသည်။ အခန်းနံရံ၌ ရုပ်ရှင်ပိုစတာများ၊ ရုပ်ရှင်မင်းသား မင်းသမီးဓာတ်ပုံများ ဖြစ်ကတတ်ဆန်း ချိတ်ထားသည်။ အဝတ်အဟောင်းအနွမ်းများကို နေရာတကာမှာတွေ့ရသည်။
မိုးရေစိုထားသောအဝတ်မှ ရေစက်များ ကြမ်းပြင်ပေါ်သို့ကျနေသည့်အတွက် ကိုမောင်မောင်ဦး စိတ်အနှောင့်အယှက် ဖြစ်နေသည်။ အားနာနေသည်။ ထို့ကြောင့် သူသည် ရပ်လက်စနေရာမှာပင် ရပ်နေ မိလေသည်။
“ကျွန်မတို့အိမ်က မိန်းမချည်းနေတာဆိုတော့ ရှင့်အဖို့ လုံချည်တော့ရနိုင်မယ် မထင်ဘူး။ ထဘီတွေကတော့ တစ်ပုံကြီးပဲ”
မတင်ရွှေဆိုသူက ရယ်ရင်းမောရင်း ဆိုသည်။
တံခါးလာဖွင့်ပေးသော အမျိုးသမီးသည် အိပ်ချင်မူးတူးအမူအရာဖြင့် ကိုမောင်မောင်ဦးရှေ့မှ ဖြတ်လျှောက်သွားသည်။ ကိုမောင်မောင်ဦးအား မကြည့်ဘဲ မီးဖိုခန်းဘက်သို့ ဝင်သွားသည်။
မတင်ရွှေသည် ရေစိုနေသော ဆံပင်ကို ဖြေချလိုက်သည်။ ကိုမောင်မောင်ဦးထံ လျှောက်လာသည်။
“ရှင် စိတ်ဓာတ်ကျမသွားဘူးလား”
“ဘာကိုလဲ”
“ဪ၊ လဲစရာလုံချည်မရှိဘူးဆိုလို့လေ”
“ကိစ္စမရှိပါဘူး၊ ရေစိုနဲ့ပဲ နေလိုက်ရုံပေါ့”
“အလကား နောက်တာပါရှင်။ ကျွန်မတို့က ဧည့်သည်တွေအပေါ် ဧည့်ဝတ်ကျေတတ်ပါတယ်။ လုံချည် အင်္ကျီလည်း ရှိပါတယ်။ ထောင်ကျနေတဲ့ ကျွန်မယောက်ျားရဲ့ အဝတ်အစားတွေပေါ့။ ရှင်နဲ့ တော်ပါလိမ့်မယ်”
ကိုမောင်မောင်ဦး တိတ်တခိုး သက်ပြင်းရှိုက်လိုက်သည်။
များမကြာမီ သူ့အတွက် လုံချည်ကြမ်းတစ်ထည်နှင့်အင်္ကျီ ရောက်လာသည်။ အဝတ်စိုများကို အဝတ်ခြောက်နှင့် လဲလှယ်ဝတ်ဆင်ရသည်။ ချောင်းဆိုးချင်စိတ်သည် ရင်ထဲမှာတလိပ်လိပ် ပေါ်လာပြန်လေသည်။ အသက်ရှူ၍ မဝချင်လောက်အောင် ဖြစ်လာသည်။
သူသည် ဧည့်ခန်းရှိကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ နံရံမှ ရုပ်ရှင်ကြော်ငြာများကို ကြည့်နေသည်။ မတင်ရွှေ သူ့ရှေ့ကုလားထိုင်၌ လာထိုင်သည်။ သူသည်လည်း အဝတ်များကို ပြောင်းလဲဝတ်ဆင်ပြီး ဖြစ်နေသည်။ ဘလောက်စ်ကို အခုအခံမပါဘဲ ဝတ်ထားသည်။ လုံချည်မှာ လျော့ရဲသော ပိုးဆန်ဆန်အသားမျိုးဖြစ်သည်။ သူသည် မျက်နှာသုတ်ပဝါဖြင့် ဆံပင်ကိုပွတ်တိုက်နေသည်။
တံခါးလာဖွင့်ပေးသော အမျိုးသမီး မီးဖိုခန်းမှ ပြန်ဝင်လာသည်။
“အနွဲ့ရေ ဧည့်သည်အတွက် ဆေးလိပ် ကလေးဘာလေး တည်ပါလားကွယ်”
မတင်ရွှေက လှမ်းပြောသည်။ အနွဲ့ဆိုသူသည် အိပ်ခန်းအတွင်း ဝင်သွားသည်။ အိမ်တွင် ၎င်းတို့နှစ်ယောက် တည်းရှိပုံရသည်။ အနွဲ့ဆိုသူမှာ မတင်ရွှေ နှင့် အသက်ချင်း မတိမ်းမယိမ်းလောက်ပင်။ သူသည် အနွေးထည်ဝတ်ထားသည်။ ဆံပင်တို့က မျက်နှာပေါ်သို့ ဖရိုဖရဲ ကျရောက်နေသည်ဖြစ်ရာ မျက်နှာကို ကောင်းစွာမမြင်သာခဲ့။
“ကိုယ် ဆေးလိပ်မသောက်ဘူး”
ကိုမောင်မောင်ဦးဆိုသည်။
“ဟုတ်လား။ ကိစ္စမရှိပါဘူး။ ကျွန်မ သောက်မှာပေါ့”
အနွဲ့သည် စီးကရက်ဘူး၊ မီးခြစ်တို့ဖြင့် အိပ်ခန်းထဲမှ ထွက်လာသည်။ စားပွဲပေါ်သို့ ချပေးသည်။
“အိပ်ချင်လိုက်တာ။ အိပ်တော့မယ်”
ပြောပြောဆိုဆိုမှာပင် ကျောခိုင်းကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။
မတင်ရွှေ စီးကရက်သောက်သည်။ သူသည် ခြေတစ်ချောင်းပေါ်သို့ တစ်ချောင်းကို ချိတ်တင်လိုက်သည်။ စီးကရက်ကို လက်ကြားမှာ ဟန်ပါပါ ညှပ်ထားသည်။ ကိုမောင်မောင်ဦးထံ စီးကရက်မီးခိုးများ မှုတ်ထုတ်ကာ မီးခိုးငွေ့အကြားမှ လှမ်းကြည့်နေသည်။
“တစ်ခုပြောရဦးမယ်”
ကိုမောင်မောင်ဦးသည် စီးကရက်ငွေ့များကို လက်နှင့်ပုတ်ပစ်ရင်း ဆိုသည်။
“တစ်ခုပဲပြောရမယ်နော်”
အမျိုးသမီးက ရယ်နေသည်။
“တကယ်ပြောတာပါ။ ကိုယ်မင်းအိမ် ကို လိုက်လာတာ ညအိပ်ရုံသက်သက်ပဲ”
“ ဒါတော့ အသိသားပေါ့”
“နားထောင်ပါဦး။ အိပ်မှာက တစ်ယောက်တည်း အိပ်မှာကို ပြောတာ”
“ဘာ။ ဘယ်လို”
“ကိုယ့်မှာ တခြားအကြံအစည်ဘာမှမရှိဘူး။ မင်းဆီက ဘာမှမလိုချင်ဘူး။ ညတစ်ညအတွက် ကျောတစ်နေရာစာပဲ လိုချင်တယ်။ ကိုယ်က ဒီမြို့မှာဧည့်သည်ပါ။ သွားစရာလည်းမရှိ။ အိပ်စရာလည်း မရှိဘူး။ တကယ်လို့ မင်းနဲ့သာမတွေ့ရင် စောစောကဆင်ဝင်အောက်မှာ တစ်ညလုံးရပ်နေရမှာ”
မတင်ရွှေသည် ကိုမောင်မောင်ဦးကို ထူးခြားဆန်းကြယ်သော သတ္တဝါတစ်ကောင်နှယ် ကြည့်လာသည်။ မယုံကြည်သောအသွင်အပြင်များ သူ၏မျက်နှာ၌ ပေါ်လွင်နေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ရှင့်အတွက် ကျောတစ်နေရာစာတော့ရမှာပါ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ကိုယ်က အနှောင့်အယှက်ကင်းကင်းနဲ့ အိပ်ချင်တယ်။ ကိုယ့်မှာ အိပ်မပျော်ခဲ့တဲ့ရက်တွေ တစ်ပုံကြီးရှိတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်တယ်”
မတင်ရွှေသည် စိတ်ပျက်လက်ပျက် ဖြစ်သွားရသလိုရှိသည်။
“ဒီညကတော့ တကယ့်ကို ကံဆိုးတဲ့ညပဲထင်ပါရဲ့။ ကြည့်ပါဦးရှင်၊ မိုးကလည်းအေးလိုက်တာ။ ကျွန်မတို့အိမ်မှာ စောင်တွေဘာတွေလည်း လုံလုံလောက် လောက်မရှိ”
“ကိုယ့်အနေနဲ့ စောင်မခြုံဘဲလည်း အိပ်လို့ရပါတယ်”
“ကျွန်မအနေနဲ့ပြောတာပါ”
မတင်ရွှေ၏အဖြစ်ကိုကြည့်ကာ ရယ်ရ မလို၊ ငိုရမလို မစဉ်းစားတတ်အောင် ဖြစ်ရသည်။
“ထားပါတော့လေ။ ရှင့်သဘောပဲ။ လာပြီးတွေ့မယ့်တွေ့တော့လည်း ဘုန်းကြီးလူထွက်နဲ့မှ လာတွေ့နေတာကိုး”
“တစ်ခုရှိသေးတယ်”
“လာပြန်ပြီလားတစ်ခု”
“ဖြစ်နိုင်မယ်ဆိုရင် အရက်နည်းနည်း ပါးပါးလောက်သောက်ချင်တယ်”
“အရက်”
“ဟုတ်တယ်”
“ရှိဦးမလားမသိဘူး။ နေဦး ကျွန်မ မေးကြည့်ဦးမယ်” ဆိုကာ အိပ်ခန်းဘက် သို့ လှည့်လိုက်သည်။
“အနွဲ့ရေ၊ အနွဲ့” ခေါ်သည်။
အတွင်းမှ “ဟင်” ဟု မထူးချင်ထူးချင်ထူးသည်။
“လက်ကျန်ကလေးများ ရှိသေးသလားဟင်”
“ဘာလုပ်ဖို့လဲ”
“ဘာလုပ်ရမှာလဲ။ ဘယ်သူ့အရက်ကို သွန်ပစ်မှာလဲ”
အနွဲ့သည် ညည်းညည်းညူညူဖြင့် အိပ်ရာမှ ထလာရပြန်သည်။
“ဒီညတော့ အိပ်ရတော့မယ်မထင်ဘူး။ စိတ်ညစ်လိုက်တာ”
“အိပ်ချင်တဲ့လူတွေချည်းပါပဲလား။ အကုန်လုံး ကာလနဂါးနဲ့ ဆွေမျိုးတော်တယ်ထင်တယ်”
အနွဲ့သည် မီးဖိုခန်းသို့ ဝင်ပြန်သည်။ ပုလင်းဖန်ခွက်တို့နှင့်အတူ ပြန်ထွက်လာသည်။
“တစ်ခါတည်း ပြောထားမယ်။ နောက်တစ်ကြိမ်နှိုးရင် နှိုးတဲ့လူတော့ တေတေးပဲဟေ့”
အရက်မှာ ချက်အရက်ဖြစ်ပုံရသည်။
အနွဲ့သည် စားပွဲပေါ်သို့ အရက်ပုလင်းနှင့် ဖန်ခွက်ချပေးသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ကိုမောင်မောင်ဦး၏ မျက်နှာကို ဖျတ်ခနဲ မော့ကြည့်လိုက်သည်။ သည်တွင် သူ့အားအကဲခတ် သလိုကြည့်နေသော ကိုမောင်မောင်ဦး နှင့် မျက်နှာချင်းဆိုင်မိကြသည်။
အနွဲ့သည် မီးရောင်ဘက်သို့ ကျောပေးထားသည်။ သူ၏မျက်နှာမှာ အမှောင်ရိပ်လွှမ်းနေသည်။ ကိုမောင်မောင်ဦး အနေနှင့် သူ၏မျက်နှာကို သဲကွဲစွာမမြင်သာ။ သေချာစွာမတွေ့ရ၊ အနွဲ့အနေနှင့်ကမူ ကိုမောင်မောင်ဦး၏ မျက်နှာကို သဲကွဲသေချာစွာ မြင်လိုက်ရပုံပေါ်သည်။
အဘယ်ကြောင့်ဟူ၍တော့မသိ။ အနွဲ့သည် အကြည့်ကို ကိုမောင်မောင်ဦး၏ မျက်နှာမှ ရုတ်တရက် လွဲဖယ်၍မသွား။ ကြာမြင့်စွာ စိုက်ကြည့်နေသည်။ သူ၏ ကိုယ်မှာဆတ်ခနဲ ဖြစ်သွားသည်ကိုလည်း မြင်ရသည်။ သူ့တွင် အိပ်ချင်မူးတူးရှိရမှုများ လွင့်ပျောက်သွားကာ လုံးဝဥဿုံအိပ်ရာမှ နိုးလာရပုံပေါ်သည်။
ကိုမောင်မောင်ဦး မျက်လွှာချကာ အရက်ခွက်ကို စိုက်ကြည့်နေလိုက်သည်။ အနွဲ့သည်ကိုယ်ကို မတ်မတ်ထားလိုက်သည်။ ကျောကို အခန်းနံရံနှင့် ကပ်လိုက်သည်။
သူ့ထံမှ ထစ်ငေါ့သော၊ တုန်လှုပ် ချောက်ချားဟန်ပါသော အသံတစ်သံ ပါလာသည်။