ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်

နေပြည်တော် ဇွန် ၃၀

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)ကို ယနေ့ ၉ နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ် သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်မျှော်မှန်းချက်များ ချမှတ်၍ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်ရေး၊ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး စသည့် ရည်မှန်းချက် (၉) ရပ်ဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ပြီး ဒေသတွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

လူမှုဖူလုံရေးစီမံကိန်းကို မြို့နယ်ပေါင်း (၁၁၆)မြို့နယ်ရှိ အကျုံးဝင် အာမခံ အလုပ်သမားပေါင်း (၁ ဒသမ ၁၃) သန်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေး အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ ရုံးခွဲပေါင်း (၇၈) ရုံး၊ မြို့နယ်ဆေးခန်းပေါင်း (၉၆) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းနှင့် ဌာနကြီးဆေးခန်း (၅၇) ခန်းတို့ကို ဖွင့်လှစ်ထားရှိခြင်းအပြင် ကျန်းမာရေးဝန်ဆောင်မှုများကို ထိရောက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် စနစ်များလေ့လာပြီး ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့် ပူးပေါင်းပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်သည့် PPS စနစ်အရ (Fee for Service Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၁၂) ခန်းနှင့် (Capitation Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း (၂၄) ခန်းတို့ဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။    

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ဖြေလျှော့ပေးမှုများအနေဖြင့် ထည့်ဝင်ကြေး ပေးသွင်းသည့် ကာလကို ယခင် (၃)လမှ ယခု (၆)လအထိ နောက်ဆုတ် ပေးသွင်းခွင့်ပြုခြင်း၊ ကပ်ရောဂါကြောင့် ယာယီပိတ်သိမ်းရသည့် အလုပ်ဌာနများမှ အာမခံ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ပွားနေစဉ်အတွင်း ဝင်ငွေရပ်ဆိုင်းခဲ့ရမှုအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ငွေကြေးအကျိုးခံစားခွင့် (၄၀%) ထောက်ပံ့ပေးခြင်း၊ (၁) နှစ်အထိ ဆေးကုသပေးခြင်း၊ ဆေးဖိုးနှင့် ခရီးစရိတ်များ တောင်းခံမှုကို အချိန်ကာလ (၆)လမှ (၁)နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင် အာမခံအမျိုးသမီး အလုပ်သမားများအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အာမခံအလုပ်သမားများနှင့် Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သမားများကို ဥပဒေနှင့်အညီ ဆေးသက်သေခံလက်မှတ် (ဆ-၁) များ ထုတ်ပေး၍ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်မှုအနေဖြင့် ကိုဗစ်-၁၉ 1st Wave ကာလအတွင်း ယာယီပိတ်ထားခဲ့သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၀၁၈) ဌာနမှ အလုပ်သမား (၈၅၇,၇၆၈) ဦးတို့အတွက် ငွေကျပ်သန်း (၂၁,၆၂၇ ဒသမ ၆၃၉) ကိုလည်းကောင်း၊ 2nd Wave ကာလအတွင်းမှာလည်း စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (၉,၅၉၆) ဌာနမှ အလုပ်သမား (၇၇၈,၈၉၄) ဦးတို့အတွက် ငွေကျပ်သန်း (၄၉,၃၉၂ ဒသမ ၈၅၅) ကိုလည်းကောင်း ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် အလုပ်ဌာနများမှ အာမခံအလုပ်သမားများကိုလည်း ဆက်လက်ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။

၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၂ ရက်အထိ ရှို့မီးကြောင့် မီးလောင် ဆုံးရှုံးခဲ့သော စက်ရုံ၊ အလုပ်ရုံ (၂၅) ရုံမှ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား (၁၄,၆၀၃) ဦးအတွက် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ ငွေအဖြစ် ကျပ်သန်း (၈၃၄ ဒသမ ၉၄၀) ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း။

လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများအား ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု အရှိန်အဟုန်မပျက်စေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံအများဆုံး တည်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်အားလုံးတို့တွင် အာမခံအလုပ်သမား အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင် (၁/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ရန် အမှာစာများကို  ရှင်းလင်းတင်ပြပြီး လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြသည်။  

ထို့နောက် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အမြဲတမ်းအတွင်းဝန်တို့က တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်လာကြသူများနှင့် Online မှ တက်ရောက်ကြသူများက အမှာစာများနှင့် ဆုံးဖြတ်ရန်အချက်များကို သုံးသပ်အကြံပြု ဆွေးနွေးတင်ပြကြပြီး ဆုံးဖြတ်ရန်အချက်များကို အတည်ပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်