အာဆီယံ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

နေပြည်တော်   ဇွန်   ၃၀

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမားများ ရွေးချယ်လိုက်ပြီဖြစ်သည်။

ယင်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ယာယီနည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေခြင်းဖြစ်ပြီး အပြီးသတ်ကစားသမား ၂၇ ဦးကို ဇွန် ၂၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ -ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြများ- ဒေါ်စန်းစန်းမော်၊ ဒေါ်အေးနန္ဒာလှိုင်၊ ဒေါ်နုနုခိုင်ဝင်း၊ ဂိုးနည်းပြ- ဦးယဉ်မင်းအောင်၊ ကစားသမားများအဖြစ် ဂိုးသမား မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ ဇူလတ်နဒီ၊ နောက်တန်း- ခင်သန်းဝေ၊ ချစ်ချစ်၊ နန့်ဇူးဇူးထက်၊ အေးအေးမိုး၊ မေဖူးကို၊ ခင်မျိုးဝင်း၊ မိုးမမစိုး၊ ခိုင်သဇင်၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ အလယ်တန်း- ခင်မာလာထွန်း၊ နှင်းပွင့်အေး၊ ခင်မိုမိုထွန်း၊ လင်းမြင့်မိုရ်၊ ဝေဖူးအိမ်၊ နော်ထက်ထက်ဝေ၊ ယဉ်လွန်းအိမ်၊ ပံ့ပံ့ပြည့်မောင်၊ ဝင်းဝင်း၊ ခင်မိုးဝေ၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်၊ မြတ်နိုးခင်နှင့် စန်းသော်သော်တို့ ပါဝင်ကြသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲအတွက် ဇွန် ၆ ရက်တွင် စတင်လေ့ကျင့်ခဲ့ သော်လည်း ဇွန် ၉ ရက်မှ ကစားသမားအစုံအလင် လေ့ကျင့်နိုင်ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲကို ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲအပြီး တစ်လကျော်အကြာတွင် ကျင်းပခြင်းဖြစ်သောကြောင့် မြန်မာအပါအဝင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြင်ဆင်ချိန်နည်းပါးမည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းကို အခြေခံဖွဲ့စည်းထား ခြင်းဖြစ်ပြီး ယူ-၁၈ အမျိုးသမီးအသင်းမှ ကစားသမားအချို့လည်း ရွေးချယ်ခံထားရသည်။

၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တီမော၊ လာအိုတို့နှင့် အုပ်စု (ခ)တွင် ပါဝင်နေသည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-သော်ကြီး