နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၂၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဦးဆောင်ကော်မတီအစည်းအဝေးများ ကျင်းပလာခဲ့ရာ ယခုဆိုလျှင် စတုတ္ထအကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ အထူးအဖွဲ့များနှင့် OSS တာဝန်ကျ ဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရာတွင် ပိုမိုကျွမ်းကျင်လာသည်ကို တွေ့ရကြောင်း။

ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန် ပထမအကြိမ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များတွင်လည်း ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်သည်ဟု သိရကြောင်း။ အဆိုပါသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရန် တိုက်တွန်းလိုကြောင်း။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ဖမ်းဆီးရမိမှုများကို ကြည့်မည်ဆိုလျှင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးကျပ်(၂၁ ဒသမ ၇၇၁)ဘီလီယံ ရှိသည့်အတွက် ယခင်နှစ်တစ်နှစ်လုံးနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိခန့်မှန်းတန်ဖိုးကျပ်(၁၃ ဒသမ ၃၁၈)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း တွေ့ရသော်လည်း ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ခန့်မှန်းတန်ဖိုးကျပ်(၅ ဒသမ ၂၃၃)ဘီလီယံ ဖမ်းဆီးရမိခဲ့သော်လည်း မေလတွင် ကျပ်(၃ ဒသမ ၆၃၃) ဘီလီယံသာ ဖမ်းဆီးရမိခဲ့သည့်အတွက် ခန့်မှန်း တန်ဖိုးကျပ် (၁ ဒသမ ၆) ဘီလီယံလျော့နည်းခဲ့သည်ကို တွေ့ရကြောင်း။

ဖမ်းဆီးရမိလျော့နည်းမှုကို စိစစ်သည့်အခါ တိုင်းဒေသကြီးနှင့်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဖမ်းဆီးရမိမှု ကျပ်(၁) ဘီလီယံ ကျော် လျော့နည်းခဲ့ကြောင်း။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းတို့တွင် ကျပ်(၀ ဒသမ ၇၂၁)ဘီလီယံကျော် လျော့နည်းသည်ကို တွေ့ရပါကြောင်း။

ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာများအနေဖြင့် စီမံချက်များအတိုင်း ထိထိမိမိ တားဆီးစစ်ဆေးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်သွားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု စတင်ရာနေရာ၊ သိုလှောင်ထားရှိသည့်နေရာများနှင့် တင်သွင်းရောက်ရှိပြီး ဖြန့်ဖြူးရန်သိုလှောင်ထားသည့် နေရာများကိုပါ ပုံမှန်၊ ရှောင်တခင် ဝင်ရောက်စစ်ဆေး အရေးယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ဇွန်လအတွင်း တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ကိုယ်တိုင်ဦးဆောင်၍ ပါချန်မြစ်မေးတင် သိုလှောင်ရုံများကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည့် ဖြစ်စဉ်သည် နမူနာကောင်းတစ်ခု ဖြစ်ကြောင်း၊ ရှာဖွေဆောင်ရွက်မှုနှင့် ဖမ်းဆီးအရေးယူသည့် ဖြစ်စဉ်များတွင် တစ်ဦးချင်း လုံခြုံရေးအပြင် အဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ အဆောက်အဦပိုင်းဆိုင်ရာနှင့် စက်ပစ္စည်းယန္တရားများ၏ လုံခြုံရေးများကိုလည်း လုံခြုံရေးအသိဖြင့် ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့အတူစစ်ဆေးရှာဖွေရာတွင်လည်း သတ်မှတ်ထားသည့် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင် ကန့်သတ်ကုန်ပစ္စည်းများကိုပါ စနစ်တကျရှာဖွေ စစ်ဆေးကြရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည့် သွင်းအားစုဆိုင်ရာ ကိစ္စရပ်အချို့တွင် ခွင့်ပြုချက်နှင့်အတူ တရားမဝင်မလိုလားအပ်သော အမျိုးအစားဆင်တူ ကုန်အမှတ်တံဆိပ်များ ရောနှောပါဝင်လာမှု မရှိစေရေးကိုလည်း တိကျစွာစစ်ဆေးဖမ်းဆီး အရေးယူသွားကြရမည် ဖြစ်ကြောင်း။

ဖမ်းဆီးရမိကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ နိုင်ငံတော်က ရရှိရန်လိုအပ်ကြောင်း။ လေလံမပစ်မှီ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်ရသကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပုပ်သိုးပျက်စီးလွယ်သည့် ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင် ရောင်းချသွားရမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကိုလည်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံး အပ်နှံဆောင်ရွက်သွားကြရန်နှင့် အမှုများအမြန်ဆုံး ပြီးပြတ်နိုင်အောင်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်နေသူအားလုံးသည် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ဖမ်းဆီးအရေးယူရာတွင်လည်း ဥပဒေနှင့်အညီ အားလုံး တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် သယ်ဆောင်မှုများ၊ သိုလှောင်မှုများကို ဖမ်းဆီးအရေးယူမှုများအပြင် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လာရခြင်းတွင် အခြေခံအကြောင်းများစွာ ရှိရာ အခွန်ရှောင်လွှဲလိုသည့် ရည်ရွယ်ချက်ဖြင့် တင်ပို့၊ တင်သွင်းခြင်းများ၊ တားမြစ်ကုန်ပစ္စည်းနှင့် ကန့်သတ်ကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးအရေးယူရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်ခြင်းနှင့် လုပ်ထုံးလုပ်နည်း အားနည်းချက်များကြောင့် တရားမဝင်လမ်းကြောင်းပေါ် ရောက်နေခြင်းများနှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ရမည် ဆိုသည်ကို ကုန်သည်လုပ်ငန်းရှင်များ၊ ဆက်စပ်ဌာနများနှင့်ပုံမှန်တွေ့ဆုံ ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။ ထို့သို့ဆောင်ရွက်ရာတွင် UMFCCI ကဲ့သို့သော အသင်းအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါလာပြီး ဌာနဆိုင်ရာများနှင့် ကုန်သည် လုပ်ငန်းရှင်များအကြား ပေါင်းကူးချိတ်ဆက်ပြီး တရားမဝင်ကုန်သွယ်မှု လျော့ကျရေးနှင့် တိုက်ဖျက်ရေးတို့တွင် မှန်ကန်သည့် ဆွေးနွေးအဖြေရှာမှုများနှင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် တရားမဝင်ကုန်သွယ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် တားဆီးအရေးယူရာတွင် ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီး စီးပွားရေးအမြင်၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်များဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန်လိုကြောင်းမှာကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု၊ အမိုနီယမ်နိုက်ထရိတ် ဖမ်းဆီးရမိမှု၊ သတင်းအချက်အလက်များ ရရှိရေးဆောင်ရွက်မှု၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု နှိုင်းယှဉ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)သို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်