သမဝါယမဟူသည်

ကြီးမြင့်နိုင်(လွိုင်ကော်)

“သမဝါယမ” ဟူသော စကားရပ်သည် မြန်မာနိုင်ငံ၌ သမဝါယမအသင်းများ စတင်တည်ထောင်သော ၁၉၀၅ ခုနှစ်တွင် အင်္ဂလိပ်ဘာသာစကား “ကိုအော့ ပရေးရှင်း” (Co-Operation) ကို ဆီလျော်အောင် ဘာသာပြန်ဆို၍ သုံးစွဲလာသည့် ပါဠိပျက်စကားရပ် တစ်ခုဖြစ်သည်။ လုပ်ငန်းတစ်ခုခုကို လူအများ စုပေါင်းဆောင်ရွက်ကြရာ၌ ပါဝင်သောပုဂ္ဂိုလ်တိုင်းသည် မိမိ၏ ကာယ၊ ဉာဏ၊ လုပ်အားများကို မိမိစွမ်းနိုင်သည့် နေရာအသီးသီးမှ ရေသာခိုလှေကြုံ မလိုက်ဘဲ အများနှင့် ညီတူညီမျှ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်ဟူသော အဓိပ္ပာယ်ဖြစ်ပါသည်။

အကျိုးအမြတ်ကို မျှတစွာ ခံစား

သမဝါယမ စကားရပ်ကို မြန်မာအဘိဓာန်က အများစုပေါင်း၍ ကုန်ထုတ်၊ ကုန်ရောင်း စသည့် လုပ်ကိုင်ကာ တရားသဖြင့်ရသည့် အကျိုးအမြတ်ကို မျှတစွာ ခံစားသည့်လုပ်ငန်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ သမဝါယမအသင်းများသည် မည်သည့်လုပ်ငန်းများကို ဆောင်ရွက်ကြပါသနည်းဆိုသော် သမဝါယမအသင်းတွင် ပါဝင်ကြသည့် အသင်းဝင်၊ အသင်းသားတို့၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ကြပါသည်။ ဂျာမနီနိုင်ငံ၌ လယ်သမားများ၏ ငွေစုငွေချေး သမဝါယမအသင်း များကို ၁၈၆၂ ခုနှစ်က စတင်တည်ထောင်ခဲ့သူ F.W Raiffeisen ( ၁၈၁၈ - ၁၈၈၈ ) ဆိုသူက “အများအကျိုးကို တစ်ဦးစီက ဆောင်ရွက်၍ တစ်ဦးစီ အတွက် အများကဆောင်ရွက်သည်” (One for all – All for one) ဆိုသည့် သမဝါယမဆောင်ပုဒ်ကို တီထွင်ခဲ့ရာ ကမ္ဘာ့သမဝါယမလောကကို ယနေ့ထက်တိုင် တန်ဖိုးထားသုံးစွဲလျက်ရှိကြပါသည်။

လူသည် မွေးဖွားလာကတည်းက တစ်သီးပုဂ္ဂလ ရပ်တည်၍မရဘဲ ပတ်ဝန်းကျင်လောကအပေါ် မှီခို အားထားနေထိုင်ရလေရာ ကမ္ဘာဦးမှ ယနေ့တိုင်သမဝါယမသဘောမျိုး စုပေါင်းနေထိုင်လုပ်ကိုင် ဆောင်ရွက်သည့် ဓလေ့ရှိခဲ့ပါသည်။ သို့ရာတွင် ၁၈၄၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးလ်မြို့ တုတ်လိန်းလမ်းတွင် ရက်ကန်း သမား ၂၈ ဦးတို့မှ ကုန်စုံဆိုင်ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှ အစပြု၍ သမဝါယမဟူ၍ ပီပီပြင်ပြင် ဖြစ်ပေါ်လာကြောင်း သမိုင်းမှတ်တမ်းတင်ခဲ့ကြသည်။ 

အင်္ဂလန်နိုင်ငံတွင် ၁၈၃၆ ခုနှစ်မှစ၍ လူတို့၏ စီးပွားရေးအခြေအနေများ ဆုတ်ယုတ်ကျဆင်းလာပြီး ၁၈၄၀ ပြည့်နှစ်မှစ၍ ၁၈၄၉ ခုနှစ်အထိ စီးပွားရေးကပ်ဆိုက်ခဲ့ပါသည်။ အဆိုပါစီးပွားရေး ကပ်၏ဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရသော ဒေသများတွင် ချည်ထည်နှင့် သိုးမွေးထည်များ ရက်လုပ်သည့် “လင်ကရှိုင်းယား” (Lanca Shire) နယ်လည်း ပါဝင်ခဲ့လေသည်။ ထိုအချိန်က အဆိုပါနယ်တွင် လူဦးရေ ၂၅၀၀၀ ခန့်ရှိသော ရော့ခ်ဒေးလ်ဟု အမည်တွင်သည့် မြို့ကလေးတစ်မြို့ ရှိလေသည်။ ချည်ထည် ရက်လုပ်သော စက်ရက်ကန်းများသည် ထိုမြို့ကလေးသို့ ၁၈၂၀ ပြည့်နှစ်တွင် ရောက်ရှိလာ ပြီး ၁၈၃၁ ခုနှစ်တွင် သိုးမွေးထည်ရက်လုပ်သော စက်များလည်းရောက်ရှိလာလေသည်။ သို့ရာတွင် ထိုမြို့ကလေး၌ ၁၈၄၀ ပြည့်နှစ် ကျော်လွန်သည့် တိုင်အောင် သိုးမွေးထည်များကို လက်ရက်ကန်းများဖြင့် ဆက်လက်ရက်လုပ်နေခဲ့ကြလေသည်။ 

လက်ရက်ကန်းသမားများသည် စက်ရက်ကန်းများနှင့် ကြာရှည်ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း မရှိသဖြင့် လက်ရက်ကန်းများကို စွန့်လွှတ်ကာ စက်ရုံများတွင်ဝင်၍ အလုပ်သမားအဖြစ် လုပ်ကြရသည်။ အချို့မှာ အလုပ်လက်မဲ့ဘဝသို့ ကျရောက်ခဲ့သည်။ စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ကြသူများသည် အရင်းရှင် စနစ်ဆိုး၏ဒဏ်ကို အလူးအလဲခံခဲ့ကြရသည်။ အထူးသဖြင့် အရင်းရှင်ကုန်စုံဆိုင်များ၏ အန္တရာယ်သည် အကြီးမားဆုံးနှင့် အဆိုးရွားဆုံးဖြစ်ခဲ့သည်။ အမျိုးအစားညံ့ဖျင်းသည့် ကုန်ပစ္စည်းများနှင့် ရောနှောထားသော စားသုံးကုန်များကို မတန်တဆ ဈေးကြီးပေး၍ ဝယ်ယူစားသုံးကြရပြီး လုပ်ခလစာများလည်း တဖြည်းဖြည်းလျော့ကျလာခဲ့လေသည်။ ထိုဒဏ်ကို ကြာရှည်ခံနိုင်စွမ်းမရှိသည့်အဆုံး အလုပ်သမားများက စက်ရုံများကို သပိတ်မှောက်ကြရာ သပိတ်ပြိုကွဲပြီး အလုပ်သမားအများအပြားမှာ အလုပ်လက်မဲ့ဘဝသို့ ကျရောက်ရပြန်သည်။ 

ထိုအချိန်က အလုပ်သမားများ မခံမရပ်နိုင်အောင် ခံစားနေရသည့် ဆင်းရဲဒုက္ခများမှာ စားသုံးကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်း၊ အရောအနှောစားသုံးကုန်များကို အန္တရာယ်ကြီးမားစွာ ဝယ်ယူစားသုံးနေရခြင်း၊ လူနေထိုင်ရန် မသင့်လျော်သည့် နေအိမ်အခန်းများတွင် ပြွတ်သိပ်၍ နေထိုင်ရခြင်းဖြစ်သည်။ သို့ဖြစ်၍ ထိုဒုက္ခများမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းစကို အလုပ်သမားတို့ ရှာကြံခဲ့ကြသည်။ အစည်းအဝေးများပြုလုပ်၍ မိမိတို့၏ ဘဝရပ်တည်မှုအတွက် လတ်တလော အရေးကြီးဆုံး လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ကြသည်။ 

ဤသို့ဖြင့် ရော့ခ်ဒေးလ်မြို့မှ စိတ်တူသဘောတူဖြစ်ကြသည့် ဖလန်နယ်ရက်ကန်းသမား ၂၈ ဦးက ကုန်စုံဆိုင်တည်ထောင်ရန် ငွေစုကြသည်။ မတည်ငွေရရှိရေးအတွက် တစ်ဦးလျှင် တစ်ပဲနိမှ တစ်သျှီလျှင် အထိ တတ်နိုင်သမျှအသီးသီး ထည့်ဝင်စုဆောင်းကြရာ တစ်နှစ်ကြာသောအခါ စတာလင်ပေါင် ၂၈ ပေါင် ရရှိခဲ့ကြသည်။ မတည်ငွေ ရရှိခဲ့ကြသောအခါ “ချားလ်စ်ဟောက်ဝပ်သ်” (Charles Howarth) အမည်ရှိပုဂ္ဂိုလ်က ခေါင်းဆောင်လျက် အောက်ဖော်ပြ ပါရည်ရွယ်ချက်များ ပါဝင်သောအသင်း၏ စည်းမျဉ်းကို ရေးဆွဲကာ ရော့ခ်ဒေးလ်ကုန်စုံဆိုင် သမဝါယမ အသင်းကို တည်ထောင်ခဲ့ကြသည်။ 

၎င်းရည်ရွယ်ချက်များမှာ -

(၁)    စားသောက်ကုန်နှင့် အဝတ်အထည်ရောင်းချသည့် ကုန်စုံဆိုင်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန်၊

(၂)    အသင်းသားများနေထိုင်ရန်အတွက် နေအိမ်များကို ဝယ်ယူရန် (သို့မဟုတ်) ဆောက်လုပ်ရန်၊

(၃)    အလုပ်လက်မဲ့ဖြစ်နေကြသည့် အသင်းသားများ အလုပ်ရရှိစေခြင်းငှာ အသင်းက ဆုံးဖြတ် သတ်မှတ်သော ကုန်ပစ္စည်းထုတ်လုပ်သည့် အလုပ်ရုံများဖွင့်လှစ်ရန်၊

(၄)    အလုပ်လက်မဲ့အသင်းသားများနှင့် လုပ်ခနည်းသည့် အလုပ်သမားများ ဝင်ငွေရရှိစေရေးအတွက် စိုက်ပျိုးရေးလုပ်ကိုင်ရန် လယ်ယာမြေများကို ဝယ်ယူရန် (သို့မဟုတ်) ငှားရမ်းရန်၊

(၅)    လက်တွေ့ဆောင်ရွက်နိုင်သော အချိန်သို့ ရောက်ရှိသည့်အခါ အသင်းက ကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ပညာပေးခြင်း၊ စီမံခန့်ခွဲခြင်းစသည့် လုပ်ငန်းများကို လုပ်ကိုင်ရန် အစီအစဉ်ပြုလုပ်၍ ပြင်ပကို မှီခို အားထားခြင်းမပြုရသော စုပေါင်းကျေးရွာ တစ်ခုတည်ဆောက်ရန်၊

(၆)    အသင်းကဖွင့်လှစ်နိုင်သည့်အချိန်တွင် အရက်သေစာများကို ရောင်းချခြင်း မပြုသည့် ဟိုတယ် တစ်ခုဖွင့်လှစ်ရန်တို့ ဖြစ်သည်။

လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်

ဖလန်နယ်ရက်ကန်းသမား ၂၈ ဦးတို့သည် တစ်ဦးလျှင် စတာလင်ပေါင်တစ်ပေါင်ကျစီ ထည့်ဝင် စုဆောင်းထားသော မတည်ငွေ ၂၈ ပေါင်အနက်မှ ကုန်စုံဆိုင်ဖွင့်လှစ်ရန် ဂိုဒေါင်တစ်ခု၏ အောက်ထပ်ကို တစ်နှစ်စာအတွက် ၁၀ ပေါင်ပေး၍ ငှားရမ်းပြီး ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်မျှ ဂျုံ၊ သကြား၊ ထောပတ်၊အုတ်မီးလ်ခေါ်သီးနှံတစ်မျိုးနှင့် ဖယောင်း တိုင်ဟူသော ပစ္စည်း ငါးမျိုးကို စတင်ရောင်းချခဲ့ကြသည်။ ဆိုင်စတင်ဖွင့်လှစ်ချိန်မှ တစ်နှစ်လုံး တစ်ပိုင်တစ်နိုင်သာ လုပ်ကိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် အထည်အလိပ်အရောင်းဌာနဖွင့်လှစ်ခြင်း၊ အသင်းပိုင်ဂျုံစက် တစ်ခုတည်ထောင်ခြင်း၊ လက်ကား အရောင်းဌာန ဖွင့်လှစ်ခြင်း၊ ဖိနပ်ချုပ်၊ အပ်ချုပ် လုပ်ငန်းဌာနများ ဖွင့်လှစ်ခြင်း စသည်ဖြင့် လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့ကြသည်။ နောက်ဆုံးတွင် အခြေခိုင်မာလျက် နှစ်ပေါင်းများစွာ တိုးတက်ဖွံ့ဖြိုး သွားခဲ့ကြလေသည်။ ယင်းသည်ကား  ကမ္ဘာ့ သမဝါယမသမိုင်း၏ အစပင် ဖြစ်သည်။

ကမ္ဘာ့သမဝါယမ၏ သမိုင်းအစ ရော့ခ်ဒေးလ် သမဝါယမအသင်း အောင်မြင်ရခြင်းအကြောင်း တရားများကို ဆန်းစစ်ကြည့်ပါက မိမိတို့၏ လိုအပ်ချက်များကို တိတိကျကျ ဆန်းစစ်၍ ရည်ရွယ်ချက် (လမ်းပြမြေပုံ) တိတိကျကျရှိခြင်း၊ ရည်ရွယ်ချက် ပေါက်မြောက်ရန် ပြင်းပြသောဆန္ဒရှိခြင်း၊ ရှေ့လော မကြီးဘဲ မိမိတို့တတ်နိုင်သလောက်သာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဆန္ဒတူသူများ စုပေါင်းမိခြင်း၊ ဆန္ဒတူသူများသာ စုစည်းမိ၍ ညီညွတ်ခြင်း၊ စနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း၊ သမဝါယမအသင်းဖွဲ့စည်းရာတွင် မည်ကာမတ္တ ဖွဲ့စည်းခြင်းမဟုတ်ဘဲ မိမိတို့၏ ရည်ရွယ်ချက် ပန်းတိုင်ရောက်ရှိရန် အလေးနက်ထားဖွဲ့စည်းခဲ့ခြင်း စသည့် အောင်မြင်ကြောင်းတရားများကို တွေ့ရှိ ရမည်ဖြစ်ပြီး သမဝါယမလုပ်ငန်း လုပ်ကိုင်သူများ စံနမူနာထား အတုယူဖွယ်ရာဖြစ်သည်။

စံနမူနာထား အတုယူ

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ ဖွဲ့စည်းပြီး၊ ဖွဲ့စည်းဆဲ၊ ဖွဲ့စည်းလတ္တံ့သော သမဝါယမ အသင်းများအနေဖြင့် ရော့ခ်ဒေးလ် ရှေ့ဆောင်လမ်းပြအသင်းကို စံနမူနာထား အတုယူလျက် သမဝါယမအသင်းမည်ကာမတ္တဖွဲ့စည်းခြင်း မဟုတ်ဘဲ မိမိတို့၏ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များကို မိမိ တို့ကိုယ်တိုင် စွမ်းဆောင်ရယူနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။  ။

ကိုးကား    -သမဝါယမနိဒါန်း၊ ရေးသူ- ဦးလှမောင်၊ ဒုတိယအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ