မောင်တော ဇွန် ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဇွန် ၁၆ ရက်တွင် သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် မောင်တောမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာရာ တောင်ပြို- ကြိမ်ချောင်း ကားလမ်း၌ အမည်မသိ လူတစ်စု၏ ဖမ်းဆီးခြင်းခံရပြီး ပျောက်ဆုံးသွားခဲ့ရာမှ ဇွန် ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kharang Khali (ခြံချောင်း) ကျေးရွာအနီးတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး အမှတ်(၃၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ထံသို့ တောင်ပြိုလက်ဝဲ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး၌ လွှဲပြောင်းအပ်နှံ လက်ခံဆောင်ရွက်ခဲ့သည်။
ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် အမှတ်(၂) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုတိယကွပ်ကဲရေးမှူး ဦးဆောင်ကာ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် ဆရာမ ဒေါ်ဥမ္မာကျော် နှင့်အတူ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိလာပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ပညာရေးမှူးနှင့် မိသားစုဝင်များထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


