MNL အမှတ်ပေးပြိုင်ပွဲ ဇွန် ၂၅ ရက် စတင်ကျင်းပမည်

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ကို ဇွန် ၂၅ ရက်မှစ၍ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ စတင်ကျင်းပမည်ဖြစ်သည်။

MNL အမှတ်ပေးပြိုင်ပွဲကို တစ်ပတ်လျှင် ငါးပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တို့တွင် ပြုလုပ်မည်ဖြစ်သည်။ ၂၀၂၂  MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်၊ မြဝတီ၊ မဟာယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ISPE (အားကာသိပ္ပံ)၊ GFA နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ် (၁) အဖြစ် ဇွန် ၂၅ ရက်တွင် မြဝတီအသင်းနှင့် ရန်ကုန်အသင်း၊ ဇွန် ၂၆ ရက်တွင် ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်း၊ ဇွန် ၂၇ ရက်တွင် မဟာယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇွန် ၂၉ ရက်တွင် အားကာသိပ္ပံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ ဇွန် ၃၀ ရက်တွင် GFA အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်အားလုံးကို ညနေ ၃ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့်ကလပ်အသင်းအားလုံးသည် ရာသီသစ်အတွက် ပြင်ဆင်မှုများစွာပြုလုပ်ထားပြီး အသင်းအများစုမှာမူ ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရွေးစင်အဆင့် ကစားသမားအများစုမှာ ပြည်ပထွက်ကစားနေခြင်းနှင့် ပြည်ပကလပ်များတွင် ကစားခွင့်ရရန် ကြိုးပမ်းနေခြင်းတို့ကြောင့် လာမည့် MNL ပြိုင်ပွဲတွင် မျက်နှာသစ်ကစားသမားများ၊ လူငယ်ကစားသမားများစွာ တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် လာမည့် MNL ပြိုင်ပွဲမှာ ပြည်တွင်းကစားသမားများ အားပြိုင်မည့်ပြိုင်ပွဲကို တွေ့မြင်ရမည်ဖြစ်သည်။


MNL ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်မှလွဲ၍ ကျန်နှစ်များတွင် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ်တွင် ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ်၊ ရှမ်းယူနိုက်တက်အသင်းက သုံးကြိမ် ဗိုလ်စွဲထားသည်။

သတင်း-ကိုညီလေး