ဖိလစ်ပိုင်နိုင်ငံ၏ (၁၅) ဦးမြောက် ဒုတိယသမ္မတအဖြစ် ဆာရာ ဒူတာတေး ကျမ်းသစ္စာကျိန်ဆို

မနီလာ ဇွန် ၂၀

 

သမ္မတသက်တမ်းကုန်ဆုံးတော့မည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သူ ဆာရာ ဒူတာတေးသည် ဒုတိယသမ္မတအဖြစ် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားဖွယ်ရှိသည်ဟု အရိပ်အမြွက် ပြောဆိုလိုက်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

 

၎င်း၏ ဖခင်သည် တရားမဝင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းမှုကို ဆာရာ ဒူတာတေးအနေဖြင့် ဆက်လက်လုပ်ဆောင်သွားဖွယ် ရှိနေသည်ကို ဖိလစ်ပိုင်ပြည်သူများ စိုးရိမ်မှုမြင့်တက်နေချိန်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ဆာရာဒူတာတေးသည် ၎င်းမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့၌ ဇွန် ၁၉ ရက်က ဖိလစ်ပိုင်နိုင်ငံ၏ (၁၅) ဦးမြောက် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ ၎င်း၏ ဖခင်ဖြစ်သူ ရိုဒရီဂို ဒူတာတေးနှင့် ရွေးကောက်ခံ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆာရာဒူတာတေးသည် မေ ၉ ရက်က ကျင်းပသော ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် စံချိန်တင် မဲအရေအတွက်ဖြင့် အနိုင်ရကာ ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းနှင့် ရွေးကောက်ခံသမ္မတမားကို့စ် ဂျူနီယာတို့သည် ဇွန် ၃၀ ရက်တွင် သမ္မတတာဝန်များ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ