နာဂဒေသအတွင်းရှိ ကျေးရွာ(၁၃)ရွာ၌ ရေရရှိရေးလုပ်ငန်း (၁၃)ခု ဆောင်ရွက်ပေးသွားမည်

လဟယ် ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ မြို့နယ်များအတွင်း၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်း‌ဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ၂၉၆ ဒသမ ၅၁၃ ကျပ်သန်း အသုံးပြု၍ ကျေးရွာ(၁၃)ရွာ၌ ရေရရှိရေးလုပ်ငန်း(၁၃)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နာဂခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

နာဂဒေသအတွင်းရှိ လဟယ်မြို့နယ်၌ ထန်ခေါ်ဟေဖွန်၊ လန်ထိန်၊ ယွန်တိုင်း၊ ခါးငွေ့၊ ဝုထ၊ ကျေးရွာငါးရွာတို့၌ လည်းကောင်း၊ လေရှီးမြို့နယ်၌ ကော်လကန်၊ လေယုံ၊ ဖွန်သရက်၊ ရေဒေါင်၊ ဟိန်းကွတ်ရွာမ၊ ကုံကိုင်လုံ အလယ်ကျေးရွာခြောက်ရွာ၌ လည်းကောင်း၊ နန်းယွန်းမြို့နယ်၌ နောင်ယန်း၊ ကဲဆန်လုံကျန်းကျေးရွာနှစ်ရွာ၌ လည်းကောင်း စုစုပေါင်းကျေးရွာ (၁၃)ရွာ၌ ကျေးလက်ဒေသ သောက်သုံးရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း(၁၃)ခုကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၄၅ ဒသမ ၈ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၀ ဒသမ ၇၁၃ သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း နာဂခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က ပြောသည်။

 

နာ‌ဂဒေသတွင်းရှိ ကျေးရွာ(၁၃)ရွာ၌ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း(၁၃)ခုကို ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ  ၈၃၅ အိမ်၊ လူဦးရေ ၃၀၈၈၆ ဦးနှင့် ကျွဲ၊ နွား စသည့် တိရစ္ဆာန်များအား သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်