ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ

ရန်ကုန် ၊ မေလ  ၂၂

 

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ (၁၂) ရက်မှ (၂၃) ရက်အထိ ကျင်းပ ပြုလုပ်နေသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအား ကစားသမားအဖွဲ့သည် ယနေ့ညနေ ၄နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အနုပညာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြသည်။

 

ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော် မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရဲထွန်းနောင် (+၇၀) ကီလို၊ ဝူရှူးအားကစားနည်းမှ သိန်းသန်းဦး       (နန်းကွန့်) တုတ်ရှည်၊ ပီတန်း အားကစားနည်းမှ ခင်ချယ်ရီသက (Women Shooting)၊ ပြိုင်ပွဲအသီးသီးမှ ငွေတံဆိပ်ဆု ရရှိသူများ၊ ကြေးတံဆိပ်ဆုရရှိသူများနှင့်အတူ စစ်တုရင်၊ E-Sports၊ အမျိုးသမီး ဘောလုံး၊ အမျိုးသား ဘော်လီဘော အားကစားနည်းတို့မှ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာကြသည်။

 

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၂၀) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေလ (၂၂) ရက်အထိ ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် (၃) ခု၊ ငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၆) ခု၊ ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၂) ခု၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၁) ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၂) ခု၊ ဘိလိယက်နှင့် စနူကာအားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁)ခု၊  ပိုက်ကျော်ခြင်း အားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၃) ခု၊ ပီတန်းအားကစားနည်းမှ ရွှေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၂)ခု၊ ဂျူဒိုအားကစားနည်းမှ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၂) ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂) ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေတံဆိပ် (၂) ခု၊  ကနူး/ကယက် အားကစားနည်းမှ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၆) ခု၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၃) ခု၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ် (၃) ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၂) ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ် (၁) ခု၊ အလေးမအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု ၊  စုစုပေါင်း ရွှေတံဆိပ် (၉) ခု၊ ငွေတံဆိပ် (၁၈) ခုနှင့် ကြေးတံဆိပ် (၃၅) ခု ရရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်