ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပုသိမ်ကြီး၊ မန္တလေးလူငယ် သင်တန်းကျောင်း၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း (မန္တလေး) နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (မန္တလေး) တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၂

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အင်ကျယ်ကျေးရွာရှိ ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူငယ်သင်တန်း ကျောင်းများတွင် သင်တန်းသားများ စည်းကမ်းတကျ ရှိစေရေး၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး သင်တန်းကျောင်းလက်စွဲပါ ပြဌာန်းချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်သူများ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ရေး၊ ကျောင်းသားများ အားကစားအတွက် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် သင်တန်းကျောင်း မြေဧရိယာကို ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ သင်ယူပို့ချပေးနေမှု အခြေအနေနှင့် စာတတ်မြောက်နိုင်ရေး သင်ယူပို့ချပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများကို တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်မြေသာစံ မြို့နယ်ရှိ မန္တလေး လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းကျောင်း အဆောင်များတွင် တာဝန်ယူ လုပ်ဆောင်နေရသော ဝန်ထမ်းများ တွေ့ကြုံရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေး နွေးမေးမြန်းပြီး ကျောင်းပြင်ပ ပညာရေးအတွက် တက်ကြွစွာ သင်ယူတတ်မြောက်နိုင်ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များအတွက် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ သင်ယူပို့ချပေးနေမှု အခြေအနေများနှင့် သင်တန်းသားများ၏ စားသောက်နေထိုင်မှုကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး သင်တန်းသားများကို တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

 

ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ မသန်စွမ်း သက်ငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းကျောင်းမှ ထွက်ရှိသည့် လက်မှုပစ္စည်းများ ဈေးကွက်ဝင်စေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် သင်တန်းကျောင်းအတွက် ဖြည့်ဆည်းပေးရမည့် အချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့်အတူ  ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သင်တန်းသူများ သင်ယူလေ့ကျင့် ဖွင့်လှစ်ထားရှိသည့် ခရေရိပ်အလှပြုပြင်ဆိုင်သို့ ရောက်ရှိကြပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ သင်တန်းကျောင်းမှ ပို့ချပေးနေသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအားလုံးကို အမှန်တကယ် တက်မြောက် ကျွမ်းကျင် အသုံးချနိုင်ရေး လေ့ကျင့်သင်ကြားရန်မှာကြားခဲ့ကြောင်း  သိရသည်။

 

သတင်းစဉ်