နွေစပါးဧက(၈၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ယာယီဖြူးချောင်းပိတ် လုပ်ငန်းတည်ဆောက်ရေး မြေနေရာသို့ ကြည့်ရှုစစ်ဆေး

ဖြူး မေ ၂၂

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ သဖန်းတန်းကျေးရွာအနီး နွေစပါးဧက(၈၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ယာယီဖြူးချောင်းပိတ် လုပ်ငန်းတည်ဆောက်ရေး မြေနေရာသို့ကြည့်ရှုစစ်ဆေးရှိပြီး တာဝန်ရှိ သူများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ တည်ဆောက် ပြီးစီးနိုင်ရေး မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဦးသန်းနိုင်၏ ဆင်းသုခမျိုးစပါး စံပြကွက် ရိတ်သိမ်းချွေလှေ့နေမှုကို ကြည့်ရှုပြီး၊ နွေစပါး တစ်ဧက တင်း (၁၈၀) ကျော် ထွက်ရှိသည့် GW11 စပါးမျိုးအား ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးကာ ခိုင်မာပြီး ဈေးကွက်ရှိ စပါးမျိုးများ တိုးချဲ့စိုက်ပျိုးသွားရေး၊ သွင်းအားစု လျော့ချသုံးစွဲနိုင်ရေး၊ မြေယာဓါတ်ခွဲစမ်းသပ်ခြင်းနှင့် သဘာဝ မြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် အသိပညာပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီးတောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပြီး Oxygen Plant ပြင်ဆင်နိုင်ရေး၊ ဆေးရုံတွင်း / ပြင် သန့်ရှင်းသပ်ရပ်စေရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ရိုးဟောင်းပေါ်ရှိ ပြတိုက်ဟောင်းနေရာနှင့် ကျုံးအနောက်ဘက်ခြမ်း အပန်းဖြေဥယျာဉ် တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာမြေနေများတွင် ကျူးကျော်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ဆုတောင်းပြည့် ရွှေဆံတော် စေတီတော်သို့ သွားရောက်ဖူးမြော် ကန်တော့ခဲ့ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်