ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း တည်ထောင်ခြင်း (၁၁) နှစ် ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဧပြီ  ၂၂ 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိဟိုတယ်၌ ကျင်းပသည့် နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၁၁) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားနှင့် အသင်းသား စုံညီမိတ်ဆုံ ညစားစားပွဲသို့ တက်ရောက်သည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်အား အစိုးရဌာနများ ရုံးစိုက်ရာ မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် စတင်တည်ထောင်ခဲ့စဉ်တွင် ဟိုတယ်များ ဆယ်ဂဏန်းပင် မပြည့်ခဲ့သော်လည်း ယခုအခါတွင် အစိုးရ - ပုဂ္ဂလိက - ပြည်သူ အားလုံး ဟန်ချက်ညီစွာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဟိုတယ် နှင့် တည်းခိုရိပ်သာ (၉၇) လုံး၊ အခန်းပေါင်း (၆၃၆၀) ခန့်အထိ တိုးတက်ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ (Commercial Flight)ကို ဧပြီ ၁၇  ရက်မှစတင်၍ ပြန်လည် ဆင်းသက်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ခရီးသွား ဧည့်သည်များ တိုးတက် ဝင်ရောက်လျက်ရှိပါကြောင်း၊ ယခုအခါ ကမ္ဘာလှည့်ခရီးသည်များအား e-Visa လျှောက်ထားမှုကို မေ ၂၀  ရက်မှ စတင်ခွင့်ပြုပေးလျက် ရှိသည့်အတွက်ကြောင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ပိုမို ဝင်ရောက်လာတော့မှာ ဖြစ်သည့်အတွက် နေပြည်တော်ရှိ ဟိုတယ်များအနေဖြင့် အဆင်သင့် ဖြစ်နေစေရေးအတွက် ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ပြင်ဆင်ကြရာတွင် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေသော ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြု လက်မှတ် (HSP) များအား ဒေသအဆင့်ရယူခြင်းအပြင် အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်များကိုပါ ရယူထားကြရန် လိုအပ်မည်ဖြစ်ရာ ကျန်းမာရေး အသိသတိဖြင့် လုပ်ဆောင်ကြရန် အရေးကြီး ပါကြောင်း။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်/ မိုတယ်/ တည်းခိုရိပ်သာများ အနေဖြင့်လည်း ဧည့်သည်များ လက်ခံကြရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဖြင့် တည်းခိုနေထိုင်ခွင့် ပေးခြင်းအပြင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသော တည်ဆဲဉပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာသွားကြရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဝန်ကြီးဌာနက ဧည့်စာရင်းတိုင်ကြားမှုစနစ် အဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်ပြုလုပ်ထားရှိသော Hotel Guest List Management System ကိုလည်း ကျင့်သုံးကြရန် တိုက်တွန်းလိုပါကြောင်း၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းထွန်း က အသင်းဖွဲ့စည်း တည်ထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် အသင်းဥက္ကဌတို့က အသင်းဖွဲ့စည်းခဲ့မှု သက်တမ်းအလိုက် တာဝန် ထမ်းဆောင်ခဲ့ကြသော ဥက္ကဌ၊ ဒုက္ကဌ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး အသင်းကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့သူ အားလုံး၏ကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်