မြတ်သောဆရာနှင့် ပညာတတ်နှလုံးသားလှသူများ

ငြိမ်းချမ်းမေ

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် အလုပ်အကိုင်များ ရပ်ဆိုင်းခဲ့ရသည်။ ကျောင်းများပိတ်ခဲ့ရသည်။ မြန်မာနိုင်ငံသည်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး၊ အလုပ် အကိုင်များ နှောင့်နှေးခြင်းနှင့် ပညာရေးကဏ္ဍများ ကြန့်ကြာခြင်း တို့ကို ရင်ဆိုင်ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါသည် တစ်ခါတည်း ပျောက်သွားသည့်ရောဂါမျိုးမဟုတ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးမြှင့်တင်ဆောင်ရွက်ချက်များကို အလေးထားကာ ဘက်ပေါင်းစုံမှ အခွင့်အလမ်းသာသလို ဆောင်ရွက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် မြန်မာတစ်နိုင်ငံလုံး အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပညာရေးအရှိန် ပြန်လည်စတင်ခဲ့ရာ ကျောင်းသား မိဘများ ပီတိဖြစ်ခဲ့ရသည်။ စာသင်နှစ်အတွက် စာမေးပွဲများ ကျင်းပ ပေးခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် အောင်မြင်သည့် သက်ဆိုင်ရာအတန်းများသို့ တက်ရောက်ကြရမည်ဖြစ်သည်။ ပညာရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးလှသည်။ လူသားအရင်းအမြစ်များ ပျိုးထောင်မွေးထုတ်ပေးသည့် ပညာရေးကဏ္ဍသည် နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော အရာတစ်ခုဖြစ်သည်။ ပညာတတ်များမှ နိုင်ငံတော်၏ စွမ်းအားကောင်းမည်။ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်မည် ဖြစ်သည်။ 

မင်္ဂလာရှိသော စာသင်ခန်းမှသည်

ကျောင်းများဖွင့်သည့်နေ့သည် ကျောင်းသား ကျောင်းသူများအတွက် သာယာလှပသောနေ့တစ်နေ့ ဖြစ်သည်။ ကျောင်းဝတ်စုံတူညီစွာဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ကျက်သရေ ရှိသောအလှသည် နိုင်ငံတော်၏အလှတရားပင်ဖြစ်သည်။ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာသုံးနာဖြင့် ဆရာ ဆရာမဘဝကို တည်ဆောက်ထားကြသူများသည် တပည့်ကျောင်းသား ကျောင်းသူ များအတွက် စံနမူနာယူထိုက်သည့် အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ ဖြစ်ကြသည်။ မိမိတတ်ကျွမ်းသောပညာကို တပည့်များအတွက် မခြွင်းမချန် သင်ယူပေးပြီး လိမ္မာယဉ်ကျေးသည့် တပည့်ကောင်းများဖြစ်အောင်လည်း နေ့စဉ်ဆုံးမလျက်ရှိသလို ပညာတတ် နှလုံးလှသူများ ပေါ်ထွန်းလာရေးတွင်လည်း အခရာကျသူများမှာ ဆရာ ဆရာမများပင် ဖြစ်သည်။ 

နိုင်ငံတော်၏အင်အားဖြစ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာပြည်အတွင်းနေထိုင်ကြသော ကျောင်းသား ကျောင်းသူများထံတွင် ရှိသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးနိုင်သည့် နေရာသည်လည်း ကျောင်းစာသင်ခန်း များပင်ဖြစ်သည်။ မိဘများသည် သားသမီးများကို စာတတ်စေချင်သည်။ ပညာတတ် ဖြစ်စေချင်သည်။ နိုင်ငံတော်အတွက် အားထားရသည့် သားကောင်း သမီးကောင်းများ ဖြစ်စေချင်သည်။ ထို့ကြောင့် ကျောင်းသို့ပို့ကာ ပညာသင်ကြားစေသည်။ ပညာသင်ကြားစေသည့် မိဘများ၏ တာဝန်ကလည်း လေးစားဂုဏ်ယူထိုက်ပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းအပ်ရာသီကာလတွင် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝင်ကြေးအခမဲ့အပြင် ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ အခမဲ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်။ ကျောင်းနေအရွယ် ကျောင်းအပ်နှံရေးနှင့် ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူအားလုံး စာတတ်မြောက်ရေးကို နိုင်ငံတော် အစိုးရနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး မိဘနှင့် ဆရာရင်အုပ်မကွာ ပြုစုစောင့်ရှောက်မှုဖြင့် ပညာသင်အရွယ်များ အနာဂတ်ခိုင်မာလှပအောင် အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသည်။

စာသင်ခန်းထဲမှ ဆရာ ဆရာမများ၏ သင်ကြားဆုံးမမှုသည် နာယူမှတ်သားလိုက်နာရသော ကျောင်းသား ကျောင်းသူများအဖို့ တန်ဖိုးမဖြတ်နိုင်သည့် ပညာအမွေများဖြစ်သည်။ မိမိတပည့်သားချင်း များ ကျောင်းမတက်လျှင်သော်လည်းကောင်း၊ ကျောင်းနောက်ကျလျှင်သော်လည်းကောင်း စိတ်ပူတတ်သည့် ဆရာများ၏သောကသည် မိဘပမာကျေးဇူးကြီးလှသည်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ”ဆိုသည့်အတိုင်း ကျောင်းစာသင်ခန်းမထဲတွင်ရှိသည့် တပည့်များအဖို့ ပညာသင်ကြားပေးနေသော ဆရာများ၏ရင်ခွင်သည် ထာဝရနွေးထွေးနေသည်။ ယနေ့နိုင်ငံတော်တွင် ဌာနစုံ၊ ကဏ္ဍစုံ၌ တာဝန်ယူ၍ အုပ်တစ်ချပ်၊ သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေကြသူများသည် ကျောင်းစာသင်ခန်းထဲမှ သင့်ရာပညာများကို ဆည်းပူးလာခဲ့ကြသူများ ဖြစ်သည်။ မိမိသင်ယူတတ်မြောက်ခဲ့သော ပညာရပ်များဖြင့် နိုင်ငံတော်ကို ကျေးဇူးသစ္စာပြု၍ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကျရာနေရာတွင် ပေးအပ်သောတာဝန်များကို ဦးလည်မသုန် ထမ်းဆောင်နေကြခြင်း ဖြစ်သည်။

အမျိုးသားပညာရေး၏ အားမာန်

ပညာမသင်လျှင် ပညာမတတ်၊ ပညာမတတ်ပါက ကျောင်းသား ကျောင်းသူတို့အတွက် အကျိုးမရှိ၊ နစ်မွန်းမည့်ဘဝများဖြင့် ရင်ဆိုင်ရမည်ဖြစ်သလို နိုင်ငံတော်အတွက်လည်း လူသားအရင်းအမြစ်များ ဆုံးရှုံးရ ပေမည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကိုလိုနီခေတ်က ပညာရေးစနစ်ကို ကန့်ကွက်သည်မှလွဲ၍ မည်သည့်ခေတ်ကာလတွင်မှ ပညာရေးကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကန့်ကွက်ခဲ့ခြင်းမရှိပေ။ ယခု ကျောင်းသား ကျောင်းသူများ သင်ကြားနေရသည့် ပညာရေးသည် ကျွန်ပညာရေးမဟုတ်ပေ။ အမျိုးသားပညာရေးစစ်စစ်သာဖြစ်ပေသည်။ အမျိုးသားပညာရေး၏အားမာန်ဖြင့် နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသား ကျောင်းသူများ အနာဂတ် တောက်ပလင်းလက်လာအောင် စေတနာကောင်းဖြင့် ပညာသင်ကြားရေးကို အားပေးနေကြခြင်းဖြစ်သည်။ ယခုအခါ ပညာလိုလားသော ကျောင်းသား ကျောင်းသူ၊ မိဘ၊ ဆရာများက ကျောင်းများပြန်ဖွင့်ကာ ပညာသင်ကြားရေးအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆောင်ရွက် နေကြသည်။ 


သို့သော်လည်း ယုံကြည်ချက်လွဲမှား၍ ပညာမလိုလားသောကြောင့် မိမိနိုင်ငံအတွင်းရှိ အနာဂတ်မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလေးများ၏ ဘဝများကို နင်းချေဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်းမှာလည်း မိမိနိုင်ငံ၏အကျိုးကို ဖျက်ဆီးနေခြင်းဖြစ်သည်။ ကျောင်းနေ အရွယ်ကလေးငယ်များနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းပညာသင်ယူမှသာလျှင် ပညာတတ်မည်ဖြစ်ပြီး ပညာတတ်လျှင် အရာရာဘက်ပေါင်းစုံမှ တိုးတက်အောင်မြင်လာမည်။ နိုင်ငံရေးနှင့် ပညာရေးကို ရောထွေးခြင်းမပြုဘဲ မှန်မှန်ကန်ကန်သိမြင်ရန် လိုအပ်သည်။ ကျောင်းသား ကျောင်းသူများဘဝ ပညာတတ်မှသာ တိုင်းပြည်အနာဂတ် သာယာလှပပါမည်။

ပညာတတ်များနှင့် အမျိုးသားနိုင်ငံတော်

မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားသည်။ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်နက်တည်းဖွင့်လှစ် တော့မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်း စွာဖြင့် ပညာသင်ယူကြရတော့မည်။ ကျောင်းသားမိဘများအနေဖြင့် သတင်းမှားများကို မယုံကြည်ဘဲ မိမိတို့၏ သားသမီးများကို ပညာပန်းများပွင့်စေဖို့ မိဘ၊ ဆရာပူးပေါင်း၍ ကောင်းမွန်သော၊ ပျော်ရွှင် သော ပညာသင်ယူမှုဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်မှသာ ပညာတတ်အင်အားများ ပေါကြွယ်ဝလာမည်ဖြစ်သည်။ မိမိတို့၏နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များ၏အနာဂတ်ဘဝ သာယာလှပရေး၊ အမျိုးသားပညာရေးဖြင့် ပညာတတ်များ ပေါကြွယ်ဝရေးသည်လည်း နိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပါသည်။ မြတ်သော ဆရာများ၏ သင်ကြားပို့ချပေးသော ပညာရပ်များနှင့် ပညာတတ် အင်အားများ ပေါများလာမည်လည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမိနိုင်ငံ တော်ကြီးကို စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဖြစ်အောင် ကျောင်းသား ကျောင်းသူများအားလုံး ပညာတတ်၍နှလုံးသားလှပြီး တတ်သည့်ပညာရပ်များဖြင့် အမျိုးသား နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါရန် တိုက်တွန်းရေးသားလိုက်ပါသည်။     ။