ဆီးရီးယားရွှေ့ပြောင်းနေထိုင်သူ ၁၁၃၀၀၀ ကျော် တူရကီရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိ

အန်ကာရာ မေ ၂၀

 

တူရကီရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသော ဆီးရီးယားနိုင်ငံသား ၁၁၃၀၀၀ ကျော်ရှိကြောင်း တူရကီ ရွှေ့ပြောင်းနေထိုင်ရေး အရာရှိတစ်ဦးက မေ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

 

တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံသား စုစုပေါင်း ၂၀၀၉၅၀ အား တူရကီနိုင်ငံသားအဖြစ် ခွင့်ပြုပေးထားကြောင်း၊ အဆိုပါ ခွင့်ပြုပေးထားသည့် နိုင်ငံသားများထဲမှ ၁၁၃၆၅၄ ဦးသည် အသက် ၁၈ နှစ်နှင့်အထက်ရှိပြီး တူရကီနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိကြောင်း တူရကီ ရွှေ့ပြောင်းနေထိုင်ရေးစီမံခန့်ခွဲမှု၏ မူဝါဒရေးရာနှင့် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဂုဒ်စီအော့ခ် က ပြောကြားသည်။

 

တူရကီနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆီးရီးယား ဒုက္ခသည်များကို အများဆုံး လက်ခံထားသည့် နိုင်ငံဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ တူရကီနိုင်ငံသည် လက်ရှိတွင် ဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအတွင်း လူမှုရေးနှင့် စီးပွားရေးမပြေလည်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

 

ဆီးရီးယားနိုင်ငံသား တစ်သန်းကို ၎င်းတို့၏ မိခင်နိုင်ငံသို့ ဆန္ဒအလျောက်ပြန်ပို့ရန် အစိုးရအနေဖြင့် စီစဉ်နေကြောင်း မကြာသေးမီတွင် တူရကီသမ္မတ အာဒိုဂန်က ကြေညာချက် ထုတ်ပြန်ထားသည်။

 

ဆင်ဟွာ