အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

(၂၀၂၂ ခုနှစ်၊ မေ  ၂၀  ရက်နေ့ မြန်မာစံတော်ချိန်(၁၀:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

==============

(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့သည်။

 (ခ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် နောက်(၂၄)နာရီအတွင်း အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်မြို့ အနီးမှ ကုန်းတွင်းသို့ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀) နှုန်းခန့် ရှိနိုင်ပါသည်။

(ဂ)   သတိပေးနှိုးဆော်ချက် 

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၁.၅.၂၀၂၂)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်  ရှိနိုင်သည်။

(ဃ) အကြံပြုချက်

သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Crd>>>မိုး/ဇလ