နေပြည်တော်ကောင်စီနယ်မြေမှ အစပြုကာ စံနမူနာပြနိုင်ရေး


မေ ၂၀၊ ၂၀၂၂

နိုင်ငံတော်၏မြို့တော် နေပြည်တော်ကောင်စီနယ်မြေကို မြန်မာနိုင်ငံ၏ အချက်အချာဒေသတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ နေပြည်တော်ကိုဗဟိုပြု၍ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာတို့ သွားလာရန် လျင်မြန်လွယ်ကူသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ရေမြေအခြေခံကောင်းများရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် နီးကပ်လျက်ရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တည်ထောင်နိုင်ရန် လိုအပ်သောစွမ်းအင်ကိုလည်း လွယ်ကူစွာရရှိနိုင်သည်။

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို မေ ၁၉ ရက်က ကျင်းပရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပြီး Green City၊ Clean City၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် ထည့်သွင်းမှာကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စနစ်တကျ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်မှာ စိုက်ပျိုးမွေးမြူသည့် တောင်သူလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး၊ စီမံခန့်ခွဲမှုများ ကောင်းမွန်ရေးတို့ လိုအပ်သကဲ့သို့ တောင်သူများ၏ လုံ့လဝီရိယ အားထုတ်ကြိုးပမ်းမှုများဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှုများမြင့်မားအောင် အလုပ်လုပ်နိုင်ကြရန်လည်းလိုသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှာ ဆက်စပ်နေသည့်လုပ်ငန်းများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးမှထွက်ရှိလာသည့် ထုတ်ကုန်များကိုအခြေခံကာ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံ အသေးစား၊ အငယ်စား၊ အလတ်စားများစွာတို့ကိုလည်း ထူထောင်နိုင်သည်။

လက်ရှိအခြေအနေတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများမှာ ရေမြေသယံဇာတ၊ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်တို့ အခြေခံကောင်းများရှိသလောက်ကို အကျိုးရှိဆုံး၊ အမြင့်မားဆုံး အသုံးချနိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။ အများစုမှာ တောင်သူများ၏ မိရိုးဖလာပုံစံများကိုသာတွေ့ရပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ချက်များကိုလည်း တွေ့ရသည်။ တစ်ရာသီအတွင်း သီးထပ်သီးညှပ်များ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆက်စပ်သည့် စားသောက်ကုန်နှင့် အခြားကုန်ထုတ်လုပ်မှုများ ထူထောင်လုပ်ကိုင်နိုင်ပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းကောင်း မွန်ခြင်းနှင့်အတူ လူနေမှုဘဝများလည်း မြင့်မားလာမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေမှအစပြုကာ စံနမူနာပြဆောင်ရွက်ခြင်းသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အတုယူဆောင်ရွက်ကြရမည့် မော်ဒယ်ဖြစ်သည့်အလျောက် အထူးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အောင်မြင်မှုကို စံပြအဖြစ် နမူနာယူကာ လိုက်ပါဆောင်ရွက်ကြခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း